နေပြည်တော် ဇူလိုင် ၂၄
ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် လျှပ်စစ်ဓာတ်အားသည် မရှိမဖြစ်လိုအပ်သည့် အဓိကမောင်းနှင်အား တစ်ရပ်ဖြစ်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ စက်မှုလက်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် လျှပ်စစ်ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေးသည် အလွန်ပင်အရေးကြီးသည်။
နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်မီးများ ပုံမှန်ရရှိရေးနှင့် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်မှုမရှိစေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူများသည် ဇူလိုင် ၁၉ ရက် တွင် ပခုက္ကူမြို့နယ် ပေါင်လောင် ကန်ကျေးရွာအနီးရှိ ၁၃၂ ကေဗွီ ညောင်ပင်ကြီး - ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင်အမှတ် (၃၃၈) ပြိုလဲပျက်စီးခဲ့ရသည်။ ထိုသို့ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် အဖျက်အမှောင့်လုပ်ငန်းကို ပြုလုပ်မှုကြောင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် ကမ္မမြို့များအတွင်းရှိ အပြစ်မဲ့ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ရုတ်တရက် ပြတ်တောက်သွားခဲ့ရပြီး လူမှုစီးပွားရေးနှင့် နေ့စဉ်ဘဝများတွင် အခက်အခဲပေါင်း များစွာဖြင့် ရင်ဆိုင်ကြုံတွေ့ခံစားခဲ့ကြရသည်။
အဆိုပါ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးသည်နှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန လက်အောက်ရှိ မဟာ ဓာတ်အားလိုင်းမှူးရုံး (ဂန့်ဂေါ၊ အုန်းတော)၊ ပင်မဓာတ်အားခွဲရုံ (ဗုဒ္ဓကုန်း)နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့မှ လျှပ်စစ်ဝန်ထမ်းများသည် ပြည်သူများ လျှပ်စစ်ဓာတ်အား မြန်မြန်ဆန်ဆန် ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းကာ လေးရက်တိုင်တိုင် နေ့မနား၊ ညမအား ကြိုးစားအားထုတ်၍ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသဖြင့် ဇူလိုင် ၂၃ ရက်တွင် အဆိုပါ ပျက်စီးသွားသည့် တာဝါတိုင် အမှတ် (၃၃၈) အား ပြန်လည်ပြုပြင် ပြီးစီးခဲ့ပြီး ဓာတ်အားပြတ်တောက်ခဲ့သော ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်များအတွင်းရှိဒေသများသို့ ဓာတ်အားများ ပြန်လည်ပို့လွှတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။
အကြမ်းဖက်အဖျက်သမားများ၏ ယခုကဲ့သို့ မဟာဓာတ်အားလိုင်းများအား ဖျက်ဆီးမှုလုပ်ရပ် များကြောင့် ပြည်သူများက နေ့စဉ်လူမှုစီးပွားဘဝလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေး ကြန့်ကြာမှုများကို တိုက်ရိုက်ထိတွေ့ခံစားခဲ့ကြရသဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဝန်ထမ်းများနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်း ကြိုးပမ်းအားထုတ်မှုကြောင့် လျှပ်စစ်မီးများ အမြန်ဆုံးပြန်လည်ပေးဝေနိုင်ပြီဖြစ်ကြောင်းနှင့် လျှပ်စစ်မီး ပြန်လည်ရရှိမှုအပေါ် ဒေသခံပြည်သူများအနေဖြင့် အထူးဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်



No comments:
Post a Comment