နေပြည်တော် ဇူလိုင် ၉
အမျိုးသမီးငယ်ကို တရုတ်ဇနီးမယားအဖြစ် တရုတ်နိုင်ငံသို့ပို့ဆောင်၍ ငွေကြေးအကျိုးအမြတ်ရယူရန် ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ်၂၀ ချမှတ်ခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရိုးလေး (ငြိမ်းချမ်း) ကျေးရွာနေ မ----၊(၂၁)နှစ် သည် ၂၀၂၅ ခုနှစ်၊ ဇွန်လခန့်က ညီမဖြစ်သူတွင် မျက်စိတိမ်စွဲရောဂါရှိသဖြင့် ရေမန်း ဖြင့်ကုသရန် မြသန္တာခိုင် (လိပ်စာတူ) ထံတွင် ကုသခဲ့ရာမှ ခင်မင် ရင်းနှီးခဲ့ကြောင်း၊ အမျိုးသမီးငယ်မှ မိသားစုအခက်အခဲနှင့် အကြွေးများရှိကြောင်းပြောပြခဲ့ရာ မြသန္တာခိုင်က တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ်သိန်း ၁၀၀ ရမည်၊ လမ်းစရိတ် ကုန်ကျခံ ပို့ပေးမည်၊ တစ်နှစ်ပေါင်းသင်းနေထိုင်ရမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း။
ထို့နောက် မြသန္တာခိုင်နှင့် ခင်မြကျော် (လိပ်စာတူ) တို့ နှစ်ဦးက အမျိုးသမီးငယ်၏ နေအိမ်သို့ရောက်ရှိလာပြီး မနန်း (စိစစ်ဆဲ) ဆိုသူကို ငွေကျပ်သိန်း ၁၅၀ ပေးရန် ပြောထားကြောင်းနှင့် အမျိုးသမီးငယ်၏ဓာတ်ပုံအား မနန်းထံသို့ပို့ခဲ့ကြောင်း၊ အမျိုးသမီးငယ်က ညီမဖြစ်သူဆေးကုသရန်အတွက် ခင်မြကျော်ထံမှ ငွေကျပ်ခြောက်သိန်း ထုတ်ယူခဲ့ကြောင်း၊ ရန်ကုန်မှ မန္တလေးသို့ မြသန္တာခိုင်၊ ခင်မြကျော်တို့နှင့်အတူ သွားရောက်ခဲ့ပြီး မန္တလေးမှ မူဆယ်သို့ တစ်ဦးတည်းသွားရောက်ရန် ၎င်းတို့စီစဉ်ပေးသည့် အငှားယာဉ်ဖြင့် လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း စိစစ်ပေါ်ပေါက်ခဲ့သဖြင့် အမှတ်(၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်း (ပ) ၃၆/၂၀၂၆၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၇ ရက်တွင် အောင်မြေသာစံခရိုင် တရားရုံးမှ တရားခံမြသန္တာခိုင်နှင့် ခင်မြကျော်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈ (က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ်၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment