နန္ဒဝင်း (ဆေး-၁)
တူ တူမလေးတို့ရေ - ဒီနေ့ ဦးဦးတို့ဆွေးနွေးကြမယ့် စကားဝိုင်းကတော့ “ကျား မ အခြေပြု အကြမ်းဖက်မှု” အကြောင်းပဲ ဖြစ်ပါတယ်။
ကျား မ အခြေပြု အကြမ်းဖက်မှုဆိုတာဘာလဲ။ ကျား မ မတူညီခြင်းပေါ်အခြေပြုပြီး တစ်စုံတစ်ယောက်ကို နာကျင်နစ်နာစေတယ်ဆိုရင် ကျား မ အခြေပြုအကြမ်းဖက်မှုပါပဲ။
ဘာတွေပါသလဲဆိုလို့ရှိရင် လူတစ်ဦးရဲ့ကိုယ်ခန္ဓာကို တွန်းတာ၊ ရိုက်တာ၊ နာကျင်စေတာ၊ အရှက်ခွဲတာ၊ မကြားဝံ့မနာသာ ဆဲဆိုပုတ်ခတ် ပြောဆိုတာ၊ ခြိမ်းခြောက်တာ၊ တစ်စုံတစ်ယောက်ရဲ့ တယ်လီဖုန်းနဲ့ အချက်အလက်တွေ၊ ပတ်သက်ဆက်နွှယ်မှု၊ လှုပ်ရှားဆောင်ရွက်မှုတွေကို ကန့်သတ်တာ၊ တစ်စုံတစ်ယောက်ကို အတင်းအဓမ္မလက်ထပ် ခိုင်းတာ၊ ပတ်သက်ခိုင်းတာ၊ တစ်စုံတစ်ယောက်ရဲ့ ဓာတ်ပုံကို ခွင့်ပြုချက်မရဘဲ အများကိုမျှဝေတာ ဒါတွေအားလုံးပါတာပေါ့ကွယ်။
ဟာ ဒါတွေဟာ ဝတ္ထုတွေရုပ်ရှင်တွေမှာသာ ဇာတ်လမ်းအဖြစ်ရှိတာပါ။ ရှိမယ်ဆိုရင်တောင် အတော်ပြဿနာများတဲ့ မိသားစုတွေမှာ၊ ဟိုးအဝေးက မိသားစုတွေမှာသာဖြစ်တာပါ။ တို့ပတ်ဝန်းကျင်မှာ မရှိပါဘူးလို့ မထင်လိုက်ကြပါနဲ့။ ဒါတွေဟာ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အိမ်မှာ၊ ကျောင်းမှာ၊ ရပ်ရွာထဲမှာ၊ ဦးဦးတို့ရဲ့ တူ တူမလေးတို့ရဲ့ အသိတွေထဲမှာ အချိန်မရွေး နေရာမရွေး ဖြစ်သွားနိုင်ပါတယ်။
တစ်ဦးပေါ်တစ်ဦး လေးစားမှုမရှိဘူးဆိုရင်
ဒီနေရာမှာ တူ တူမလေးတို့ကို တစ်ခုသတိထားဖို့ မှာကြားချင်ပါတယ်။ အကြမ်းဖက်မှုတွေရဲ့အစဟာ နာကျင်စေလိုမှု မဟုတ်ပါဘူး။ လေးစားမှုမရှိတဲ့ ခံယူချက်က အစဆိုတာပါပဲ။ ဦးဦးတို့ တူ တူမလေး တို့အပါအဝင် လူသားတွေဟာ အသက်အရွယ် ကျား မ လူမျိုးယုံကြည်ကိုးကွယ်မှုမရွေး တစ်ဦးကိုတစ်ဦး လေးစားမှုရှိရပါမယ်။ တစ်ဦးပေါ်တစ်ဦး လေးစားမှုမရှိဘူးဆိုရင် အကြမ်းဖက်မှုတွေဖြစ်လာဖို့ အကြောင်းရင်းရှိနေတာပါပဲ။
တူ တူမတို့လို ဆယ်ကျော်သက် လူငယ်တွေဆီမှာ ဒီအကြမ်းဖက်မှုဆိုတဲ့ ဖြစ်ရပ်ဆိုးကြီးကို တားဆီးနိုင်တဲ့ စွမ်းအားတွေရှိနေပါတယ်။ အဲဒါကတော့ အပြန်အလှန်လေးစားမှုကို မိမိတို့ နေ့စဉ်ဘဝမှာ လက်ခံကျင့်သုံးဖို့ပါပဲ။ အိမ်တိုင်း၊ ကျောင်းတိုင်း၊ ရပ်ကွက်တိုင်းမှာ အချင်းချင်းဆက်ဆံကြတဲ့အခါ လေးစားမှုသာရှိမယ်ဆိုရင် အကြမ်းဖက်မှုဆိုတာ တို့တွေရဲ့ပတ်ဝန်းကျင်မှာ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။
တူ တူမလေးတို့လို ဆယ်ကျော်သက်လူငယ်တွေ ဆိုတာ ရုပ်ပိုင်းဆိုင်ရာအင်အားတွေစရှိလာပြီ။ မိမိတို့ဘဝအသီးသီးအတွက် စိတ်ကူးအိပ်မက်တွေ အစပျိုးနေပြီ။ မိမိတို့မျှော်လင့်တဲ့ အနာဂတ်အသီးသီးအတွက် ကြိုးစားပုံဖော်နေကြတဲ့ အရွယ်တွေပါပဲ။ ဒီအချိန်မှာ တူ တူမလေးတို့ ဆုံးဖြတ်ရမှာက ငါတို့ဟာအနာဂတ်မှာ ဘယ်လိုပုံစံနဲ့ ရပ်တည်သွားကြမှာလဲ “သူတစ်ပါးကို နာကျင်စေသူလား” ဒါမှမဟုတ် “သူတစ်ပါးကို ကာကွယ်မယ့်သူလား” ဆိုတာပါပဲ။
စိတ်ပိုင်းဆိုင်ရာ ကြင်နာမှုရှိရမယ်
မှန်ကန်တဲ့ စွမ်းအားဆိုတာ လက်သီးဆုပ်တွေထဲမှာ ရှိတာမဟုတ်ဘူး။ “ဒီလို မလုပ်ရဘူး” “အဲဒါ မှားယွင်းတဲ့ လုပ်ရပ်ပဲ၊” “ဘယ်သူတစ်ယောက်မှ နောက်တစ်ယောက်ကို နာကျင်အောင် လုပ်ခွင့် မရှိဘူး”၊ “လူတိုင်းလူတိုင်းအချင်းချင်း အပြန်အလှန်လေးစားရမယ်” ဆိုတဲ့ စကားတွေကို ပြောထွက်နိုင်ခြင်းကသာ မှန်ကန်တဲ့စွမ်းအားတွေဖြစ်ပါတယ်။ ကျန်းမာတဲ့သူဆိုတာ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းနေရုံသာမက စိတ်ပိုင်းဆိုင်ရာ ကြင်နာမှုရှိရမယ်၊ ဆက်ဆံမှုအပိုင်းမှာ တာဝန်ခံမှုရှိရမယ်၊ ခံစားမှုပိုင်းဆိုင်ရာမှာ ရဲရင့်ပြတ်သားမှုရှိဖို့လိုပါတယ်။
တူ တူမလေးတို့ရဲ့ စိတ်ဓာတ်တွေက တည်ငြိမ်အေးချမ်းနေမယ်၊ မိမိကိုယ်ကို ယုံကြည်မှုအပြည့် ရှိနေမယ်၊ ပတ်ဝန်းကျင်မှာလည်း တစ်ဦးပေါ်တစ်ဦး အပြန်အလှန်လေးစားမှုတွေနဲ့ ဆက်ဆံနေမယ်ဆိုရင် အကြမ်းဖက်မှုဆိုတာ ပေါ်ပေါက်လာစရာ နေရာမရှိတော့ပါဘူး။
တူ တူမလေးတို့ နေထိုင်ရတာ မလုံခြုံဘူးလို့ ခံစားရရင်၊ တစ်စုံတစ်ယောက်က ခွင့်ပြုချက်မရှိဘဲ လာရောက်ထိတွေ့ကိုင်တွယ်နေရင်၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ခြိမ်းခြောက်လာခဲ့ရင်၊ မိမိကိုယ်တိုင်မဟုတ်ဘဲ တစ်စုံတစ်ယောက်က ဒီလိုခံစားနေရတာတွေ့ရင်၊ ကူညီနိုင်သူတွေကို အမြန်ပြောပါ၊ အကူအညီတောင်းခံပါ။ ငြိမ်မနေပါနဲ့။ တိတ်ဆိတ်မနေပါနဲ့။ အားငယ်စိုးထိတ် တိတ်ဆိတ်နေခြင်းဟာ အကြမ်းဖက်မှုတွေကို ပိုမိုအားပေးစေပါတယ်။ အသံကသာ အကြမ်းဖက်ခံရတဲ့ ဓားစာခံတွေကို ကယ်တင်နိုင်မှာပါ။
ယောက်ျားစင်စစ်တွေဆိုရင်
တူလေးတို့ ယောက်ျားလေးတွေကို မှာချင်ပါတယ်။ ယောက်ျားစင်စစ်တွေဟာ ပတ်ဝန်းကျင်ကို ကာကွယ်တတ်တယ်။ ယောက်ျားစင်စစ်တွေမှာ လေးစားမှုဆိုတာရှိတယ်။ ယောကျ်ားစင်စစ်တွေက ဘယ်သူ့ကိုမှ နာကျင်မှုမပေးဘူးဆိုတာပါပဲ။ တစ်ခေတ်က နာမည်ကြီး စာရေးဆရာဝင်းဦးရဲ့ ‘ပုတ်ပြေး’ ဆိုတဲ့ ဝတ္ထုလေးထဲကစာသားကို ပြန်ပြောရမယ်ဆိုရင် ယောက်ျားဆိုတာ မိန်းကလေးတွေကို အချစ်ပဲပေးရတယ်၊ အရှက်မပေးရဘူးတဲ့၊ မှတ်သားစရာပါပဲ။
တူမလေးတို့ကိုလည်း မှာချင်ပါတယ်။ မိန်းကလေးတိုင်းမှာ တန်ဖိုးတွေရှိတယ်၊ အင်အားတွေရှိတယ်၊ အမြဲတမ်းဘယ်လိုအခြေအနေ ဘယ်လိုနေရာမှာဖြစ်ပါစေ။ လုံခြုံဖို့ ထိုက်တန်တယ်ဆိုတာပါပဲ။
ယနေ့ကစပြီး လူငယ်တွေဟာ လွတ်လပ်စွာအချိန်မရွေး၊ ပျော်ပျော်ပါးပါး၊ အနှောင့်အယှက် ကင်းကင်း၊ လမ်းလျှောက်သွားလာနိုင်မယ့် တုန်လှုပ်မှုကင်းစွာ၊ ပွင့်ပွင့်လင်းလင်း မိမိအမြင်ကို ထုတ်ပြောနိုင်မယ့် ကျောင်းတွေ၊ ပတ်ဝန်းကျင်တွေ၊ နိုင်ငံတွေတည်ဆောက်ကြရမှာပဲ ဖြစ်ပါတယ်။ တူ တူမလေးတို့ဟာ အကြမ်းဖက်မှုဆိုတာ ကမ္ဘာ့ဝေါဟာရ အဘိဓာန်မှာ မရှိတော့အောင်လုပ်ရမယ့် မျိုးဆက်ဖြစ်စေလိုပါတယ်။ တို့တွေ ထုတ်ပြောကြမယ်။ တိုင်ပင်ကြမယ်။ စည်းရုံးကြမယ်။ မှန်ကန်တဲ့ရပ်တည်မှုကို ရွေးချယ်ကြမယ်။ အကြင်နာတရား လေးစားမှုမေတ္တာနဲ့ တစ်ဦးကိုတစ်ဦး ဆက်ဆံကြရပါလိမ့်မယ်။
အားလုံး လိုက်နာရမယ့်အချက် ငါးချက်ရှိပါ တယ် -
(၁) ကျား မ မခွဲခြား မည်သူကိုမဆိုအားလုံးကို လေးစားမေတ္တာထားရပါမယ်။
(၂) တစ်စုံတစ်ယောက်ကို ထိတွေ့တော့မယ်ဆိုရင် နောက်ပြောင်တော့မယ်ဆိုရင် ဒါမှ မဟုတ် သူ့ပုံပါတဲ့ ဓာတ်ပုံတစ်ခုခုကို မျှဝေတော့မယ်ဆိုရင် ခွင့်ပြုချက်တောင်းရပါမယ်။
(၃) တစ်စုံတစ်ယောက်ကို တစ်စုံတစ်ယောက်က နာကျင်စေနေပြီ၊ အနိုင်ကျင့်နေပြီဆိုရင် ပတ်ဝန်းကျင်ကို အသိပေးရပါမယ်။
(၄) အဆင်မပြေ လုံခြုံမှုခြိမ်းခြောက်ခံနေရတဲ့ သူငယ်ချင်းတွေကို ဖေးမကူညီရပါမယ်။
(၅) မိမိတို့ပတ်ဝန်းကျင်မှာ အကြမ်းဖက်မှုတွေ တွေ့နေပြီဆိုရင် ဆရာ၊ မိဘတွေနဲ့ ယုံကြည် စိတ်ချရတဲ့ လူကြီးသူမတွေကို အသိပေး တိုင်ကြားဖို့လိုပါတယ်။
အားလုံးရှောင်ကြဉ်ရမယ့် အချက်ကလည်း ငါးချက်ပါပဲ။ ဒါတွေကတော့ -
(၁) ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ တစ်စုံတစ်ယောက် အရှက်ရအောင် နောက်ပြောင်တာ မလုပ်ရပါဘူး။
(၂) မည်သူတစ်ဦးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ခွင့်ပြုချက်မရှိဘဲ မထိတွေ့၊ မကိုင်တွယ်ရပါဘူး။
(၃) မတော်မတရားမှုကို တွေ့နေပြီဆိုရင် တိတ်ဆိတ်မနေသင့်ပါဘူး။
(၄) အကြမ်းဖက်မှုရဲ့ သားကောင်တွေကို အပြစ် မတင်ရပါဘူး။
(၅) အကြမ်းဖက်မှုဟာ ဖြစ်တတ်တဲ့သဘာဝပါ၊ အိမ်တွင်းရေးပြဿနာ သက်သက်ပါလို့ ဘယ်တော့မှ မထင်မိပါစေနဲ့။
ဆိုခဲ့တဲ့ ဆောင်ရန်ငါးချက်၊ ရှောင်ရန်ငါးချက်ကို တူ တူမလေးတွေ စိတ်ထဲနှလုံးထဲအထိ စွဲမြဲအောင် မှတ်သားထားဖို့လိုအပ်ပါတယ်။
အချုပ်ဆိုရမယ်ဆိုရင် အကြမ်းဖက်မှုတွေရဲ့ အစဟာ လူသားအချင်းချင်း လေးစားမှုမရှိခြင်းပါပဲ။ လူသားအချင်းချင်း လေးစားမှုရှိပါစေ။ တူ တူမလေးတို့ မျိုးဆက်သစ်တွေကစတင်ပြီး အပြန်အလှန် လေးစားမှုတွေကို ပြသရပါမယ်။ တည်ဆောက်ရပါမယ်။ အချင်းချင်းလေးစားတဲ့ သူငယ်ချင်းတွေ၊ အချင်းချင်းလေးစားချစ်ခင်တဲ့ ကျောင်းပတ်ဝန်းကျင်၊ အချင်းချင်းလေးစားတန်ဖိုးထားတဲ့ လူ့ဘောင်တစ်ရပ်ဖြစ်ဖို့ ကိုယ်တိုင်တည်ဆောက်ထားတဲ့ ကိုယ်ကျင့်တရား၊ မှန်သောစကားတွေကို တိတိကျကျဖွင့်ဆိုနိုင်တဲ့ သတ္တိ၊ အကာအကွယ်ပေးနိုင်မယ့် အဖွဲ့အစည်း၊ ဥပဒေ၊ မူဘောင်တွေရှိဖို့ လိုအပ်ပါတယ်။
ကျား မ အကြမ်းဖက်မှုပပျောက်ဖို့ မျိုးဆက်သစ်များ အပြန်အလှန်လေးစားမှုရှိကြပါစို့လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။
No comments:
Post a Comment