Thursday, July 30, 2026

နိုင်ငံ၏ ကဏ္ဍအသီးသီးအပေါ် ခြိမ်းခြောက်နေသည့် ငွေကြေးခဝါချမှု

သိန်းထွန်း (IR)

ဒီကနေ့ခေတ်မှာ မကြာခဏကြားနေရတဲ့ စကားလုံးတွေထဲမှာ ငွေကြေးခဝါချမှုဆိုတဲ့စကားရပ်လည်း ပါဝင်ပါတယ်။ ငွေကြေးခဝါချမှုအကြောင်း လူထုအတွင်း ကျယ်ပြန့်လာရခြင်း အကြောင်းရင်းတွေထဲမှာ ငွေကြေးခဝါချမှုကြောင့် နိုင်ငံရဲ့စီးပွားရေး၊ ဘဏ္ဍာရေးကဏ္ဍတွေမှာသာမကဘဲ လူတစ်ဦးချင်းစီရဲ့ နေ့စဉ်ဘဝတွေအထိ ထိခိုက်ဆုံးရှုံးမှု တွေရှိလာနေတဲ့အတွက် ဖြစ်ပါတယ်။

အထူးသဖြင့် အဲဒီဆိုးကျိုးတွေကြောင့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံနဲ့ ပြည်သူတွေအတွက် ထိခိုက်နစ်နာမှုတွေက ပိုများပါတယ်။ ဒါကြောင့် ငွေကြေးခဝါချမှုတွေကို နိုင်ငံအသီးသီးနဲ့ ကမ္ဘာ့အဖွဲ့အစည်းကြီးတွေက တိုက်ဖျက်ဖို့ကြိုးစားနေကြပေမယ့် ငွေကြေးခဝါချတဲ့ ဒုစရိုက်လုပ်ငန်းတွေဟာ နည်းပညာနဲ့စီးပွားရေးပုံစံပြောင်းလဲတာတွေအပေါ်လိုက်ပြီး ပုံစံအသစ်တွေနဲ့ ဆက်ပြီးရှင်သန်နေကြပါတယ်။

ငွေကြေးခဝါချတဲ့လုပ်ငန်းဟာ လူသားသဘာဝတွေထဲကတစ်ခုလို့ပြောနိုင်ပါတယ်။ အတ္တကိုအခြေခံတဲ့ မတော်လောဘတွေကြောင့် ဥပဒေပြင်ပ၊ ကျင့်ဝတ်ပြင်ပကနေတစ်ဆင့် မိမိကိုယ်ကျိုးတစ်ခုတည်းကိုပဲကြည့်ပြီး ကျူးလွန်နေကြတာပါ။ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ထားနဲ့ဒုစရိုက်ကျူးလွန်မှုဟာ သာမန်ပြည်သူတွေနဲ့ဥပဒေကို လေးစားလိုက်နာသူတွေအပေါ် ထိခိုက်စေတဲ့အပြင် တရားဥပဒေစိုးမိုးမှုကိုပါ လျော့နည်းစေပါတယ်။

တရားဝင်အောင် အလွယ်တကူ လွှဲပြောင်းလုပ်ကိုင်နေကြ

ကမ္ဘာတစ်ဝန်းမှာ ငွေကြေးခဝါချသူတွေဟာ တရားမဝင်ရလာတဲ့ ဒေါ်လာဘီလီယံပေါင်းများစွာကို တရားဝင်စီးပွားရေးလုပ်ငန်းတွေကတစ်ဆင့် တရားဝင်အောင် အလွယ်တကူလွှဲပြောင်းပြီး လုပ်ကိုင်နေကြတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေနဲ့ လူတစ်ဦးချင်းအပေါ် ထိခိုက်နေတာကို ဒီကနေ့တွေ့ကြုံခံစားနေကြရပါတယ်။ ငွေကြေးခဝါချတဲ့ သူတွေဟာ မသမာတဲ့နည်းအမျိုးမျိုးနဲ့ရလာတဲ့ ငွေကြေးတွေကို မသမာတဲ့နည်းလမ်းတွေနဲ့ တရားဝင်အောင်လုပ်နေကြတဲ့ ဆိုးကျိုးတွေဟာ ဆင့်ကဲဖြစ်ပေါ်နေပါတယ်။

အဲဒီလိုဆိုးကျိုးတွေဖြစ်ပေါ်စေတဲ့ ငွေကြေးခဝါချမှုဟာ အခုမှပေါ်ပေါက်လာတဲ့ ဒုစရိုက်မှုတော့မဟုတ်ပါဘူး။ ၁၉၂၈ ခုနှစ်မှာ အမေရိကန်နိုင်ငံ ချီကာဂိုမှာ မာဖီးယားခေါင်းဆောင်တစ်ဦးက သူ့ရဲ့တရားမဝင်ငွေကြေးတွေကို တရားဝင်အောင်လုပ်ရာကနေ ပေါ်ပေါက်လာခဲ့တာပါ။ ၁၉၇၀ ပြည့်နှစ်များမှာ ငွေကြေးခဝါချမှုဆိုတဲ့စကားလုံးဟာ ကျယ်ပြန့်လာပြီး ၁၉၈၂ ခုနှစ်မှာ တရားရုံးအမှုတစ်ခုမှာ ပထမဆုံး အသုံးပြုခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ရောင်းဝယ်ဖောက်ကားမှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းက ငွေကြေးခဝါချမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပထမဆုံးအကြိမ်ဖွင့်ဆိုပေးခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်မှုအဖွဲ့ (Financial Action Task Force - FATF) က ငွေကြေးခဝါချမှုဆိုတာ ရာဇဝတ်မှုဆိုင်ရာတွေကနေရရှိတဲ့ငွေတွေကို ၎င်းတို့ရဲ့ တရားမဝင်ရရှိတဲ့ရင်းမြစ်ကိုဖုံးကွယ်ဖို့ ပြောင်းလဲတဲ့လုပ်ငန်းစဉ်ဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။

အလားတူပဲ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း ငွေကြေးခဝါချမှုကို “ရရှိသောရန်ပုံငွေများနှင့် ကနဦးပြစ်မှု၏ရင်းမြစ်အကြား ဆက်စပ်မှုကိုဖုံးကွယ်ရန် တရားမဝင်ပိုင်ဆိုင်မှုရင်းမြစ် သို့မဟုတ် ရာဇဝတ်မှုလုပ်ဆောင်မှုမှရရှိသော ထုတ်လုပ်မှုများကို ဖုံးကွယ်ထားသည့် လုပ်ငန်းစဉ်တစ်ခု” အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ငွေကြေးခဝါချမှုနဲ့ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ များစွာရှိပေမယ့် ခြုံငုံကြည့်ရင် ငွေကြေးခဝါချခြင်းဟာ တရားမဝင်ရရှိတဲ့ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို တရားဝင်ဖြစ်အောင် လွှဲပြောင်းခြင်းပဲ ဖြစ်ပါတယ်။ တရားမဝင်ရရှိတဲ့ပိုင်ဆိုင်မှုတွေထဲမှာ ငွေကြေး၊ ပစ္စည်းနဲ့ အကျိုးအမြတ်တွေပါဝင်ပါတယ်။

ဒီနေရာမှာ တရားမဝင်ရရှိတဲ့ငွေကြေးဆိုတာက မူးယစ်ဆေးဝါး ရောင်းဝယ်တာကနေရတဲ့ ငွေကြေးတစ်မျိုးတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ အခြားနည်းလမ်းအမျိုးမျိုးနဲ့ရရှိတဲ့ တရားမဝင် ငွေကြေးအားလုံး အကျုံးဝင်ပါတယ်။ တရားမဝင်ရရှိနိုင်တဲ့ ရင်းမြစ်တွေထဲမှာဆိုရင် ဥပမာအားဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ အဂတိလိုက်စားမှု၊ လိမ်လည်မှု၊ အခွန်ကောက်ခံမှုဆိုင်ရာ ရာဇဝတ်မှုတွေ၊ လူကုန်ကူးမှု၊ ဆိုက်ဘာရာဇဝတ်မှုနဲ့ တရားမဝင်လောင်းကစားမှု စတာတွေပါဝင်ပါတယ်။ အခြားသော တရားမဝင်ရနိုင်တဲ့ရင်းမြစ်များစွာလည်း ရှိပါသေးတယ်။

ဘယ်ရင်းမြစ်ကပဲဖြစ်ဖြစ် တရားမဝင်တဲ့နည်းလမ်းနဲ့ရလာတဲ့ ငွေကြေး၊ ပစ္စည်းနဲ့ အကျိုးအမြတ်တွေကို တရားဝင်အောင် လုပ်ဆောင်ခြင်းဟာ ငွေကြေးခဝါချမှုတွေပဲဖြစ်ပါတယ်။ ငွေကြေးခဝါချမှုဟာ ဓားပြတိုက်မှု၊ ခိုးယူမှု စတဲ့ပြစ်မှုတွေနဲ့မတူပါဘူး။ ငွေကြေးခဝါချမှုကြောင့်ဖြစ်လာတဲ့ ဆိုးကျိုးတွေဟာ ကြီးမားကျယ်ပြန့်ပါတယ်။ အခုဆိုရင် ငွေကြေးခဝါချမှုဟာ ပြည်တွင်းမှာသာမကဘဲ နိုင်ငံဖြတ်ကျော်ဖြစ်ပွားနေတဲ့ ဒုစရိုက်ဂိုဏ်းလုပ်ငန်းတွေ ဖြစ်နေပါတယ်။

International Classification of Crime for Statistical Purposes (ICCS) က တရားမဝင် ငွေကြေးစီးဆင်းမှု (Illicit Financial Flows- IFFs) တွေဖြစ်ပေါ်စေတဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အဓိကလုပ်ဆောင်ချက် လေးမျိုးရှိတယ်လို့ဆိုပါတယ်။ အဲဒါတွေက -

(၁) အခွန်စနစ်နဲ့ ကုန်သွယ်ရေးလုပ်ဆောင်မှုဆိုင်ရာ ဈေးကွက်များ (Tax and Commercial Activities Markets)။ အဲဒီထဲမှာ အခွန်ရှောင်ရှားမှု (Tax evasion)၊ အခွန်လိမ်လည်မှု (Tax fraud)၊ ကုန်သွယ်ရေးငွေ တောင်းခံလွှာအတုလုပ်ခြင်း (Trade misinvoicing)၊ အလွဲသုံးစားလုပ်ခြင်း (Transfer pricing)၊ ကုမ္ပဏီအတု (Shell Companies) အသုံးပြုပြီး ငွေကြေးရွှေ့ပြောင်းခြင်း၊ တရားမဝင် စီးပွားရေးအမြတ်ငွေ တွေကို နိုင်ငံပြင်ပသို့ လွှဲပြောင်းခြင်းတွေ ပါဝင်ပါတယ်။

(၂) တရားမဝင်ကုန်သွယ်မှု ဈေးကွက်များ (Illegal Markets)။ တရားမဝင်ကုန်သွယ်တဲ့ ဈေးကွက်တွေထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လက်နက်မှောင်ခို ကူးသန်းရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ တရားမဝင်လောင်းကစားလုပ်ငန်းတွေ၊ တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်မှုနဲ့ မှောင်ခိုကုန်သွယ်မှုတို့လို ဥပဒေနဲ့တားမြစ်ထားတဲ့ စီးပွားရေး လုပ်ငန်းတွေပါဝင်ပါတယ်။

(၃) အဂတိလိုက်စားမှု (Corruption)။ အဂတိလိုက်စားမှုတွေထဲမှာ လာဘ်ပေးလာဘ်ယူမှု၊ အများပြည်သူဘဏ္ဍာတွေကို အလွဲသုံးစားပြုမှု၊ ဥပဒေနဲ့မညီဘဲ ကိုယ်ကျိုးစီးပွားအတွက် အသုံးချမှုတို့မှရရှိလာတဲ့ တရားမဝင်ငွေကြေးတွေကို ပြည်ပသို့လွှဲပြောင်းခြင်း ဒါမှမဟုတ် ဖုံးကွယ်ထားခြင်းတို့ ပါဝင်ပါတယ်။

(၄) အမြတ်ထုတ်အကျိုးအမြတ်ရှာဖွေတဲ့ တရားမဝင်လုပ်ငန်းတွေနဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်လုပ်ရပ်တွေကို ငွေကြေးထောက်ပံ့ပေးခြင်း (Exploitation-type Activities and Financing of Crime and Terrorism)။ အမြတ်ထုတ်အကျိုး အမြတ်ရှာဖွေတဲ့ တရားမဝင်လုပ်ငန်းတွေထဲမှာ လူကုန်ကူးမှု၊ ကလေးအလုပ်သမားခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ ပါဝင်ပါတယ်။

ဒါပေမဲ့ တရားမဝင် ငွေကြေးစီးဆင်းမှု (IFFs) ဆိုတာကို ဘယ်လိုသတ်မှတ်မလဲဆိုတာနဲ့ IFFs ကို ဘယ်လိုတိုင်းတာရမလဲဆိုတာ ပညာရှင်တွေအကြား တစ်သဘောတည်းမရှိသေးပါဘူး။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံချင်းစီက IFFs ကို တိုက်ဖျက်တဲ့မူဝါဒချမှတ်ရာမှာ ခက်ခဲနေသလို နိုင်ငံတကာအဆင့်မှာလည်း တူညီတဲ့ရည်မှန်းချက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခက်အခဲတွေအဖြစ်ရှိနေပါသေးတယ်။

ဒါပေမဲ့ အထက်မှာဖော်ပြထားတဲ့ တရားမဝင်ငွေကြေးဖြစ်ပေါ်စေတဲ့ လုပ်ဆောင်မှုတွေကိုကြည့်ရင် နိုင်ငံတစ်နိုင်ငံရဲ့ကုန်သွယ်ရေး၊ စီးပွားရေး၊ အခွန်နဲ့ဘဏ္ဍာ၊ နိုင်ငံ့အင်စတီကျူးရှင်းတွေ၊ တရားဥပဒေစိုးမိုးမှုနဲ့ လုံခြုံရေးဆိုင်ရာနယ်ပယ်တွေနဲ့ ဆက်နွှယ်နေတာတွေ့ရပါတယ်။ ဒါ့အပြင် တရားမဝင်ငွေကြေးဖြစ်ပေါ်စေတဲ့ လုပ်ဆောင်ချက် တွေကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေရှိနေပါသေးတယ်။

တရားမဝင်ငွေကြေး (Illicit Money) တွေဟာ ဖွံ့ဖြိုးဆဲဈေးကွက်နဲ့ ဖွံ့ဖြိုးဆဲစီးပွားရေး (Emerging Markets and Developing Economies – EMDEs) တွေကို ထိခိုက်စေတာမို့ ဒါဟာ နိုင်ငံတော်လုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်မှုအခွင့်အလမ်းတွေနဲ့ တရားဥပဒေစိုးမိုးရေးစနစ်တွေအပေါ် သိသိသာသာ ဆိုးကျိုးတွေဖြစ်ပေါ်စေတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

ငွေကြေးခဝါချမှုကြောင့် ပုဂ္ဂလိကကဏ္ဍကိုထိခိုက်

ငွေကြေးခဝါချမှုတွေကြောင့် မိုက်ခရိုစီးပွားရေးအပေါ် ဖြစ်ပေါ်စေတဲ့ ဆိုးကျိုးတွေထဲမှာဆိုရင် အဓိကအားဖြင့် ဈေးကွက်ထဲကို တရားမဝင် ငွေကြေးတွေ ဝင်ရောက်ထိုးဖောက်လာတဲ့အတွက် တရားဝင်စီးပွားရေး လုပ်ဆောင်နေတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ မတည်ငြိမ်မှုတွေဖြစ်ပေါ် လာစေပါတယ်။ ငွေကြေးခဝါချမှုကြောင့် မိုက်ခရိုစီးပွားရေးအပေါ် အဆိုးရွားဆုံး အကျိုးသက်ရောက်မှုတစ်ခုက ပုဂ္ဂလိကကဏ္ဍကို ထိခိုက်စေခြင်းဖြစ်တယ်လို့ McDowell, J., & Novis, G. (2001) တို့က ဆိုပါတယ်။

အဲဒီအကျိုးဆက်က တရားမဝင်ငွေကြေးစီးဆင်းတာတွေကြောင့် စီးပွားရေးထုတ်လုပ်နိုင်စွမ်း (productivity) နဲ့ ဖွံ့ဖြိုးတိုးတက်မှု (economic growth)ကို ထိခိုက်စေပါတယ်။ တရားမဝင်ငွေကြေးတွေနဲ့ အဲဒီငွေကြေးတွေရလာတဲ့ ရာဇဝတ်မှုလုပ်ရပ်တွေက ဈေးကွက် ပေါက်ဈေးတွေနဲ့ နိုင်ငံတကာငွေပေးချေမှုချိန်ခွင် (balance of payments) ကို ပျက်ပြားစေပြီး တရားဝင်ရင်းနှီးမြှုပ်နှံမှုတွေကို အဟန့်အတားဖြစ်စေပါတယ်။

ဒါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေး၊ ဘဏ္ဍာရေး၊ အခြေခံအဆောက်အအုံ၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ တည်ငြိမ်မှု၊ အားပေးမှု၊ တရားမျှတတဲ့ယှဉ်ပြိုင်နိုင်မှု စတဲ့အခြေခံတွေ လိုအပ်နေချိန်မှာ တရားမဝင်ငွေကြေးတွေနဲ့ ငွေကြေးခဝါချမှုတွေက နိုင်ငံရဲ့အဲဒီအခြေခံလိုအပ်ချက်တွေကို ပျက်စီးစေလျက်ရှိပါတယ်။

ငွေကြေးခဝါချမှုကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေထဲမှာ သဘာဝမကျတဲ့ဈေးနှုန်းတွေ မြင့်တက်စေခြင်း (Artificial Price Growth) လည်းပါဝင်ပါတယ်။ ငွေကြေးခဝါချသူတွေဟာ သူတို့ရဲ့တရားမဝင်ရရှိထားတဲ့ ငွေကြေးတွေကို တရားဝင်ပိုင်ဆိုင်မှုဖြစ်အောင် အိမ်ခြံမြေ၊ ရွှေ၊ နိုင်ငံခြားငွေကြေး၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အခြားပိုင်ဆိုင်မှုတွေမှာ ရင်းနှီးမြှုပ်နှံကြပါတယ်။

အဲဒီလိုရင်းနှီးမြှုပ်နှံရာမှာ ပစ္စည်းတစ်ခုရဲ့အမှန်တကယ်တန်ဖိုးထက် ပိုမိုမြင့်မားတဲ့ဈေးနှုန်းနဲ့ ပေးချေဖို့ တွန့်ဆုတ်မနေကြပါဘူး။ ပုံမှန်ဈေးနှုန်းထက် ပိုမိုပေးချေဝယ်ယူတတ်ကြပါတယ်။ အဲဒီအခါမှာ ဈေးကွက်အတွင်းက ပုံမှန်ဖြစ်သင့်တဲ့ဈေးနှုန်းတွေ ကမောက်ကမဖြစ်ပြီး ဈေးကွက်အမှန်တကယ်တန်ဖိုးထက် ကျော်လွန်တဲ့ဈေးနှုန်းတွေ ဖြစ်ပေါ်လာပါတယ်။ ငွေကြေးခဝါချသူတွေဟာ ငွေကြေးအရင်းအမြစ် များစွာကနေ တရားမဝင်ငွေကြေးများစွာကို ရရှိထားကြတဲ့အတွက် ပမာဏကြီးကြီး ဝယ်ယူနိုင်ကြတဲ့အပြင် တရားဝင်ငွေနဲ့ ဝယ်ယူလိုသူတွေထက် ဈေးနှုန်းပိုပေးပြီး ယှဉ်ပြိုင်ဝယ်ယူနိုင်ကြပါတယ်။

သူတို့ဟာ တရားမဝင်ငွေကြေးရဲ့ မူလရင်းမြစ်ကိုဖုံးကွယ်ဖို့အတွက် အမှန်တကယ်ဈေးနှုန်းတန်ဖိုးထက် ပိုပေးကြတာကြောင့် ဈေးကွက်အတွင်းမှာ ပစ္စည်းနဲ့ ပိုင်ဆိုင်မှုတွေရဲ့ဈေးနှုန်းတွေဟာ သဘာဝမကျစွာမြင့်တက်လာပြီး တရားဝင် ဝင်ငွေနဲ့ဝယ်ယူလိုသူတွေအတွက် လက်လှမ်းမမီနိုင်တဲ့ အခြေအနေဖြစ်ပေါ်လာစေပါတယ်။

နည်းလမ်းအမျိုးမျိုးနဲ့ ဆိုးကျိုးတွေဖြစ်ပေါ်

လက်တွေ့မှာတော့ ငွေကြေးခဝါချမှုရဲ့ဆိုးကျိုးတွေက ဒီထက်မက ပိုပြီးကျယ်ပြန့်ပါတယ်။ ရာဇဝတ်မှုလုပ်ငန်းတွေအပါအဝင် ရင်းမြစ်အသီးသီးကနေ တရားမဝင်ရရှိလာတဲ့ငွေကြေးတွေကို တရားဝင်အောင် နိုင်ငံအတွင်းမှာဖြစ်စေ၊ နိုင်ငံဖြတ်ကျော်၍ဖြစ်စေ ငွေကြေးခဝါချကြတဲ့အတွက် နိုင်ငံရဲ့စီးပွားရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ လူမှုရေးနဲ့ လုံခြုံရေးတို့အပေါ် နည်းလမ်းအမျိုးမျိုးနဲ့ ဆိုးကျိုးတွေဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးအဖွဲ့တို့လို ကမ္ဘာ့အဖွဲ့အစည်းကြီးတွေက ငွေကြေးခဝါချမှုနဲ့ ဆက်စပ်နေတဲ့ ဒုစရိုက်ဂိုဏ်းတားဆီး နှိမ်နင်းရေးတွေ လုပ်ဆောင်နေကြပါတယ်။

ဒါပေမဲ့လို့ ငွေကြေးခဝါချမှုလုပ်ငန်းတွေဟာ နည်းပညာတွေ တိုးတက်ပြောင်းလဲလာတာနဲ့အတူ ပုံစံအမျိုးမျိုးပြောင်းပြီး ငွေကြေးခဝါချမှုတွေဟာ ရှင်သန်နေဆဲဖြစ်ပါတယ်။ ဒီလိုငွေကြေးခဝါချတဲ့ လုပ်ငန်းတွေကြောင့် ဖြစ်လာတဲ့ဆိုးကျိုးတွေထဲမှာဆိုရင် -

(၁) နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေခြင်း၊

(၂) သဘာဝမကျတဲ့ ကုန်ဈေးနှုန်းများ မြင့်တက်စေခြင်း၊

(၃) ဘဏ္ဍာရေးစနစ်အပေါ် ယုံကြည်မှုကျဆင်းစေခြင်း၊

(၄) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကျဆင်းစေခြင်း၊

(၅) နိုင်ငံ၏အခွန်ဝင်ငွေ လျော့နည်းကျဆင်းစေခြင်း၊

(၆) နိုင်ငံ၏ တရားဥပဒေစိုးမိုးမှုနှင့် အုပ်ချုပ်ရေးစနစ်ကို အားနည်းစေခြင်း၊

(၇) ငွေကြေးနှင့် ဘဏ္ဍာရေးတည်ငြိမ်မှုကို ထိခိုက်စေခြင်း၊

(၈) ရာဇဝတ်မှုများ တိုးမြင့်စေခြင်း၊

(၉) နိုင်ငံသားများ၏ နေ့စဉ်လူမှုစီးပွားဘဝများအပေါ် ထိခိုက်စေခြင်း။

ဒီလိုဖြစ်လာတဲ့အကျိုးဆက်တွေကိုကြည့်ရင် ငွေကြေးခဝါချမှုဟာ နိုင်ငံအပေါ်ဘက်ပေါင်းစုံကနေ တဖြည်းဖြည်းလှိုက်စား ထိခိုက်စေတာတွေ့ရပါတယ်။ ငွေကြေးခဝါချမှုတွေဟာ ဒုစရိုက်ဂိုဏ်းတွေနဲ့ ကိုယ်ကျိုးစီးပွားရှာသူတွေရဲ့ ဥပဒေချိုးဖောက်တဲ့ လုပ်ဆောင်မှုဖြစ်ပေမယ့် ဒီလုပ်ရပ်ဟာ ဒုစရိုက်လုပ်ငန်းတွေထက်ပိုတဲ့အတွက်ဖြစ်လာတဲ့ အကျိုးဆက်တွေက အများအကျိုးကို အဘက်ဘက်က ထိခိုက်စေတဲ့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတယ်။ ဒါကြောင့် ငွေကြေးခဝါချမှုတွေ ကြီးမားကျယ်ပြန့်လာတာနဲ့အမျှ နိုင်ငံရဲ့အကျိုး စီးပွားကို ပိုမိုထိခိုက်လာစေမှာဖြစ်ပါတယ်။ ။

ကိုးကား -

၁။ https://www.worldbank.org/ext/en/topic/financial-sector/financial-integrity-stability

၂။ Fakhri and WASSIM, TOUILI and HASSEN, TOUMI, The Effects of Money Laundering (ML) on Growth: Application to the Gulf Countries, 12 February 2016, https://mpra.ub.uni-muenchen.de/69510/

၃။ UNCTAD and UNODC, Conceptual Framework for the Statistical Measurement of Illicit Financial Flows (Vienna, 2020)

၄။ McDowell, J., & Novis, G. (2001). The consequences of money laundering and financial crime. Economic Perspectives, 6 (2), 6–8.)

၅။ Gjoni, Mario; Gjoni, Albana (Karameta); and Kora, Holta (Bako), “Money Laundering Effects” (2015). UBT International Conference. 16)

၆။ The consequences of money laundering and financial crime, Economic Perspectives, An Electronic Journal of the U.S. Department of State, Vol. 6, No. 2, May 2001

၇။ Critical measures needed to fight money laundering and terrorist financing, Financial Action Task Force (FATF), INTERPOL, & United Nations Office on Drugs and Crime (UNODC) 2025.

၈။ Anti-Money Laundering and Combating the Financing of Terrorism (AML/CFT), International Monetary Fund, 2023.

No comments:

Post a Comment