Thursday, July 9, 2026

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

အိမ်နီးချင်းနိုင်ငံများနှင့် မဟာဗျူဟာအရအရေးပါသည့် အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ရေးလုပ်ငန်းများကို မိမိတို့အစိုးရတာဝန်ယူထားရသည့်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးမှုရှိစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၉

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ၊ နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

 


အစည်းအဝေးသို့ ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးတင်မောင်ဆွေ၊ ဦးအောင်ကျော်ဟိုးနှင့် ဦးမျိုးသန့်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် အိမ်နီးချင်း ၅ နိုင်ငံရှိပြီး ကုန်းလမ်းဆက်သွယ်မှုလမ်းကြောင်း၊ ရေလမ်းဆက်သွယ်မှုလမ်းကြောင်းများရှိကြောင်း၊ အဆိုပါအိမ်နီးချင်းနိုင်ငံများသို့သွားရောက်နိုင်သည့် ကုန်လမ်းဆက်သွယ်မှုလမ်းကြောင်းနှင့် ရေကြောင်းဆက်သွယ်မှုလမ်းကြောင်းများသည် နယ်စပ်ဒေသ ကူးသန်းသွားလာမှုနှင့် ကုန်သွယ်မှုများကို များစွာအထောက်အကူပြုကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းများကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတော်အစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် ယခင်ကတည်းကရှိခဲ့သည့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည့် လမ်းကြောင်းစီမံကိန်းများကို အဆင့်မြှင့်တင်နိုင်ရေး ဦးစားပေးပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစီမံကိန်းများသည် ယခင်အစိုးရများအဆက်ဆက်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ကြောင်း၊ မိမိတို့အစိုးရတာဝန်ယူသည့်ကာလတွင် အမြန်ဆုံးပြီးပြတ်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။

ကုလားတန်စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် တရားဝင်စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းသည် မိမိတို့နိုင်ငံ၏အစီအစဉ်ဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြဝတီလမ်းကြောင်းသည်လည်း နိုင်ငံတော်၏အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည်များရှိသကဲ့သို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည်များလည်းရှိကြောင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများတစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိရန်လိုအပ်ကြောင်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးအနေဖြင့်လည်း မိမိတို့နိုင်ငံအလိုက် ယာဉ်မောင်းနှင်သည့် စနစ်များတူညီမှုမရှိသဖြင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့်ပတ်သက်၍ စနစ်တကျဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အဆိုပါ သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းနှင့်ပတ်သက်၍ ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည်များရှိသကဲသို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့နှင့်ပူးပေါင်းဆောင်ရွက်သည်များလည်းရှိကြောင်း၊ ယခုစီမံကိန်းများသည် မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်သဖြင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း။

ဥပမာအားဖြင့် အိန္ဒိယနိုင်ငံနှင့်ဆက်သွယ်အသုံးပြုလျက်ရှိသည့် မုံရွာ-ယာကြီး-ကလေး-တမူး လမ်းကြောင်းသည် မိမိတို့နိုင်ငံနှင့် အိန္ဒိယအရှေ့မြောက်ဒေသရှိ ပြည်နယ် ၆ ပြည်နယ်တို့နှင့် ကူးလူးဆက်ဆံမှုများရရှိပါက မိမိတို့အတွက် ရင်းနှီးမြှုပ်နှံမှု စီးပွားရေးအခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း၊ အလားတူ မိမိတို့နိုင်ငံနှင့်ထိစပ်လျက်ရှိသည့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် စီချွမ်ပြည်နယ်တို့သည်လည်း မိမိတို့နိုင်ငံထက်လူဦးရေနှင့် စီးပွားရေးအခွင့်အလမ်းများများစွာရှိသည့် ပြည်နယ်များဖြစ်သဖြင့် ကုန်သွယ်မှုပြုလုပ်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနှင့်လည်း ယခင်ကတည်းကအပြန်အလှန်ကုန်သွယ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ဆက်စပ်လျက်ရှိသည့် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် အပြန်အလှန် ကုန်သွယ်မှုများပြုလုပ်နိုင်မည်ဆိုပါက ရှမ်းပြည်နယ် (အရှေ့ပိုင်း) သည် များစွာဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအတွက် အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုလမ်းကြောင်းများ များစွာရှိပြီး မြန်မြန်ဆန်ဆန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တည်ဆောက်ရေးပိုင်း၊ လုံခြုံရေးပိုင်း၊ ဥပဒေအရထိန်းချုပ်ရေးပိုင်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံအလိုက် သဘောတူညီချက်၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် သဘောတူညီချက်များကို ပြီးပြတ်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ အထိုက်အလျောက် တိုးတက်ကောင်းမွန်လာပြီဖြစ်ပြီး လုံခြုံရေးပိုင်းဆိုင်ရာများ ကောင်းမွန်လာပြီဆိုပါက တည်ဆောက်ရေးပိုင်းများကို တစ်ပြိုင်တည်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများသည် နှစ်နိုင်ငံအစိုးရအချင်းချင်း ဆောင်ရွက်ရခြင်းဖြစ်ပြီး မည်သည့်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ကြောင်း၊ နယ်စပ်ဒေသကုန်သွယ်မှုများသာမက နှစ်နိုင်ငံနယ်စပ်ဒေသတွင် နေထိုင်ကြသည့် ဘာသာရေးအရ၊ ယဉ်ကျေးမှုအရတူညီကြသည့် တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ကူးလူးဆက်ဆံမှုများကိုလည်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့နယ်စပ်ဒေသနေ ပြည်သူများအချင်းချင်း ကူးလူးဆက်ဆံမှုများ ကောင်းမွန်ခြင်းသည် နှစ်နိုင်ငံလုံခြုံရေးနှင့်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့ကိုလည်း များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် မဟာဗျူဟာမြောက် ယခုစီမံကိန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုသာမက နှစ်နိုင်ငံဆက်ဆံရေးကိုပါ အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့် လုပ်ငန်းများဖြစ်သဖြင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် စနစ်တကျဖြင့် ဆောင်ရွက်သွာကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်း (India-Myanmar-Thailand Trilateral - IMT Highway Project) ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းတို့နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံသို့သွားရောက်ခဲ့သည့် တရားဝင်ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးတွဲကြေညာချက်တွင် “ဒေသတွင်း၌ အပြန်အလှန်အကျိုးရှိစေမည့် စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေရေးနှင့်စပ်လျဉ်း၍ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းတို့ကို အပြီးသတ်နိုင်ရေး” ဟူသည့်အချက်ပါရှိခဲ့မှု၊ စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် နောက်ခံသမိုင်းကြောင်းဆိုင်ရာများ၊ မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ပို့ဆောင်ရေးစင်္ကြံများနှင့် စီမံကိန်းအနေဖြင့် စီးပွားရေးစင်္ကြံများတွင် ပါဝင်နေမှုအခြေအနေများ၊ စီမံကိန်းဆိုင်ရာလမ်းကြောင်းသတ်မှတ်ချက်များ၊ စီမံကိန်းတွင်ပါဝင်သည့်လမ်းပိုင်းများနှင့် လမ်းပိုင်းများအလိုက် ဘဏ္ဍာငွေရရှိမှုအခြေအနေများ၊ စီမံကိန်းဖြစ်မြောက်စေရေးအတွက် ဆောင်ရွက်ခဲ့သည့်အခြေအနေများနှင့် ပလက်ဝ-ဇိုရမ်ပူရ် နှစ်လမ်းသွား လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်းကောင်း။

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ် ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ နောက်ခံသမိုင်းကြောင်းနှင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များ၊ သဘောတူစာချုပ်များ ချုပ်ဆိုခဲ့မှုနှင့် သဘောတူစာချုပ်များအရ စီမံကိန်းတွင်ပါဝင်သည့်လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နားလည်မှုစာချွန်လွှာများရေးထိုးခြင်းနှင့် Port Operator များ ရွေးချယ်ခန့်ထားခြင်းများဆောင်ရွက်ခဲ့မှု၊ စစ်တွေကုလားတန်ဆိပ်ကမ်းတံတား ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့မှုနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတံတားနှင့် ပြည်တွင်းဆိပ်ကမ်းအဖြစ်သတ်မှတ်ခဲ့မှု၊ စစ်တွေကုလားတန်ဆိပ်ကမ်းတံတားတွင် ရေယာဉ်များဆိုက်ကပ်ခြင်းနှင့် ကုန်စည်များကိုင်တွယ်နိုင်မှုအခြေအနေများ၊ စီမံကိန်းပြီးစီးပါက ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအကြားနှင့် နိုင်ငံအချင်းချင်း ခရီးသည်နှင့်ကုန်စည်များ မော်တော်ယာဉ်ဖြင့် သယ်ဆောင်သွားလာမှုစည်းကမ်းဆိုင်ရာ မူဘောင်သဘောတူ စာချုပ်ဆိုင်ရာအချက်အလက်များ၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းပြီးစီးပါက ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကိုလည်းကောင်း။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းတို့တွင်ပါဝင်သည့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် စီမံကိန်းလုပ်ငန်းများရပ်တန့်လျက်ရှိမှု၊ သုံးနိုင်ငံအဝေးပြေးလမ်းမစီမံကိန်းအနေဖြင့် အာရှလမ်းမကြီး၏ လမ်းပိုင်းဖြစ်သည့် တမူး-မန္တလေး-ပဲခူး-မြဝတီလမ်း (Asian Highway AH 1) နှင့် ထပ်တူဖြစ်လျက်ရှိမှုအခြေအနေများ၊ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းဆိုင်ရာများနှင့် စီးပွားရေးစင်္ကြံများပါဝင်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် ပလက်ဝ - ဇိုရမ်ပူရ် နှစ်လမ်းသွား လမ်းဖောက်လုပ်ခြင်းစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု သမိုင်းကြောင်းဆိုင်ရာများ၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်း၏ ကလေးဝ-ယာကြီး လမ်းဖောက်လုပ်ခြင်းလုပ်ငန်း၊ တမူး-ကျီကုန်း-ကလေးဝ လမ်းပိုင်းပေါ်ရှိ တံတား (၆၉) စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် တမူးနယ်စပ်၌ အဆင့်မီဘက်ပေါင်းစုံစစ်ဆေးရေးဂိတ် (ICP) အဆင့် (၁) တည်ဆောက်ခြင်းလုပ်ငန်းတို့၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုသမိုင်းကြောင်းဆိုင်ရာများနှင့် လုပ်ငန်းဆောင်ရွက်မှုများ ရပ်တန့်လျက်ရှိမှုအခြေအနေများ၊ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းတွင် ပါရှိသည့်လမ်းပိုင်းများ၏အချက်အလက်များနှင့် လက်ရှိလမ်းပိုင်းများနှင့် လမ်းပိုင်းများပေါ်ရှိတံတားများ၏ အခြေအနေများ၊ ရပ်ဝန်းနှင့်ပိုးလမ်းမကြီးစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China Myanmar Economic Corridor-CMEC) နှင့်ဆက်စပ်လျက်ရှိသည့် လမ်းပိုင်းများဆိုင်ရာ အချက်အလက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိသမ္မတ ဦးညိုစောနှင့် အစည်းအဝေးတက်ရောက်လာကြသူများက စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက လိုအပ်သည်များဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နယ်စပ်ဂိတ်များဖွင့်လှစ်၍ တရားဝင် ကုန်သွယ်မှုများ ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာစီမံကိန်းလမ်းကြောင်းများအလိုက် လုံခြုံရေးပိုင်းအရဆောင်ရွက်ပြီးချိန်တွင် တည်ဆောက်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်းဝင်ရောက် ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းကြီးများချမှတ်ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ စီးပွားရေး စသည့် အမြင် ၄ မြင်တို့ဖြင့် သုံးသပ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စီမံကိန်းများ၏အကျိုး၊ အပြစ်များကိုလည်း သိရှိနားလည်နိုင်ရန်လိုကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မဟာဗျူဟာမြောက် စီမံကိန်းလမ်းမကြီးများကို အသုံးချ၍ တရားမဝင်ကုန်သွယ်မှုများ မဖြစ်စေရေးအတွက်လည်း လိုအပ်သည့်ထိန်းသိမ်း ကြပ်မတ်မှုများရှိနေရန်လိုကြောင်း၊ လမ်းကြောင်းတစ်လျှောက် လမ်းများကောင်းမွန်စေရေးနှင့် သတ်မှတ်ထားသည့် လမ်းအင်္ဂါရပ်များနှင့်အညီ ဖြစ်စေရေးအတွက်လည်း စဉ်ဆက်မပြတ်ပြုပြင်ထိန်းသိမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်းဖြစ်ရန်လိုပြီး လမ်းတစ်လျှောက်၌ ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းများ စနစ်တကျဖောက်လုပ်ထားရှိရန်နှင့် လမ်းကြောင်းတစ်လျှောက် စိမ်းလန်းစိုပြေစေရေး သစ်ပင်စိုက်ပျိုးခြင်းကိုလည်းမဖြစ်မနေ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း ဆောင်ရွက်ပြီးစီးမည်ဆိုပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများလည်း ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးအောင်မြင်ပြီးစီးစေရေး အလေးထား၍ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

နယ်စပ်ဂိတ်များနှင့်ပတ်သက်၍ နယ်စပ်ဆိုင်ရာစီမံခန့်ခွဲရေးသည် သက်ဆိုင်ရာနှစ်နိုင်ငံ အစိုးရများကသာ အဓိကတာဝန်ယူကြပ်မတ်ကွပ်ကဲစီမံ ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး မည်သည့်အဖွဲ့အစည်း၊ မည်သည့်အခြားနိုင်ငံကမျှ ဝင်ရောက်စွက်ဖက်၍မရကြောင်း၊ နယ်စပ်ဂိတ်များဖွင့်လှစ်ရာတွင် ဝန်ထမ်းအိမ်ယာနှင့် ဆက်သွယ်ရေးစနစ်များ၊ ရေ၊ မီးနှင့် လုံခြုံရေး စသည်တို့ကိုလည်း စနစ်တကျထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

ယနေ့ဆွေးနွေးမှုများတွင်ပါဝင်သည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းများမှာ ယခုအခါ လုပ်ငန်းများပြန်လည်စတင်ဆောင်ရွက်လျက်ရှိပြီး ယခုထက်ပိုမိုအရှိန်အဟုန်ဖြင့် တိုးတက်ပြီးစီးစေရေး ဆက်လက်ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ ပဲခူး၊ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ထိုင်း နယ်စပ်အမြန်လမ်းမကြီးကိုလည်း လုံခြုံချောမွေ့စွာသွားလာနိုင်ရေး စီမံသွားရန်လိုကြောင်း။

ရပ်ဝန်းနှင့်ပိုးလမ်းမကြီးစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China Myanmar Economic Corridor-CMEC) နှင့် ဆက်စပ်လျက်ရှိသည့် မဟာဗျူဟာအရ အရေးပါသည့် အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ရေးလုပ်ငန်းများသည်လည်း ရပ်တန့်လျက်ရှိသဖြင့် အမြန်ဆုံးပြန်လည်စတင်နိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းကြီးများတွင်ပါဝင်သည့် မဟာဗျူဟာအရအရေးပါသည့် အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ရေးလုပ်ငန်းများအား မိမိတို့အစိုးရ တာဝန်ယူထားရသည့် ကာလအတွင်းရာနှုန်းပြည့်ပြီးစီးမှုရှိစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်းပြောကြားခဲ့ပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment