သိင်္ဃသူ
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သို့မဟုတ် လာအိုပီဒီအာရ်။ အကျယ်အဝန်း စတုရန်းကီလိုမီတာ ၂၃၇၀၀၀ ခန့်တွင် ဒေသအများစုက တောင်ကုန်းတောင်တန်းများဖြစ်သည်။ မဲခေါင်မြစ်ကြီးသည် လာအိုနိုင်ငံ၏ အသက်သွေးကြောသဖွယ်ဖြစ်ပြီး မြန်မာနှင့် လာအိုကြားတွင် နယ်နိမိတ်အဖြစ် မိုင် ၁၅၀ ခန့် ဖြတ်သန်းစီးဆင်းနေသလို လာအိုနိုင်ငံအတွင်း၌ ဖြတ်သန်းစီးဆင်းကာ ထိုင်းနှင့်လာအိုကြားတွင်လည်း နယ်နိမိတ်မြစ်အဖြစ် ဆက်လက်စီးဆင်းသွားသည်။
လာအိုနိုင်ငံ၏ ပတ်ဝန်းကျင်တွင် ထိုင်း၊ မြန်မာ၊ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ရှိပြီး ပင်လယ် ကမ်းရိုးတန်းမရှိသည့် ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည်။ မိမိတို့နိုင်ငံကဲ့သို့ပင် လာအိုသည်လည်း တိုင်းရင်းသား လူမျိုးများစုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်သည်။
အတိတ်သမိုင်းကို ပြန်ကြည့်လျှင် ရှေးမြန်မာတို့က လာအိုကို လင်းဇင်းပြည်ဟု သိကြသည်။ သမိုင်းတွင် လန်ရှန်း ဘုရင့်နိုင်ငံတော် (Kingdom of Lan Xang) ဟူ၍ ထင်ရှားခဲ့ရာ လန်ရှန်းဟူသည် “ဆင်တစ်သန်းရှိသောတိုင်းပြည်” ဆိုသည့် အဓိပ္ပာယ် ဖြစ်သည်။ ၁၉ ရာစု မတိုင်မီအထိ အရှေ့တောင်အာရှ နိုင်ငံများဆိုသည်မှာ မြို့ပြနိုင်ငံငယ်အများအပြား တည်ထောင်ထားကြခြင်းဖြစ်ပြီး သမိုင်းကြောင်းအရလည်း အပြန်အလှန် ဆက်စပ်နေကြသည်။ အနောက်တိုင်းမှ နယ်ချဲ့များက သာသနာပြုများ၊ ကုန်သည်များ၊ စစ်သည်များအဖြစ် အပြိုင်အဆိုင် နယ်ချဲ့လာကြသည့်အချိန်တွင် အရှေ့တောင်အာရှ၏ ကံကြမ္မာသည်လည်း ပြောင်းလဲလာသည်။ ကိုလိုနီဘဝ ကံဆိုးမိုးမှောင်ကျခဲ့သည်။ နယ်ချဲ့လက်အောက် ကျရောက်နေသည့် မြန်မာနှင့် လာအိုတို့အပါအဝင် အရှေ့တောင်အာရှနိုင်ငံများ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် လွတ်လပ်ရေးရကြသည်။ ကျန်သည့် ၂၀ ရာစု ဒုတိယပိုင်းသည် နယ်ချဲ့စနစ်၏ အမွေဖြစ်သော ပြည်တွင်းရေးအရှုပ်အထွေးများ။ ၂၁ ရာစုသို့ ဝင်ရောက်လာချိန်တွင်မူ နိုင်ငံရေးအရ တည်ငြိမ်မှုတို့ ရတန်သရွေ့ရရှိကြကာ နိုင်ငံအလိုက် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်၍ အပြင်းအထန် ကြိုးပမ်းအားထုတ်နေကြပေပြီ။
အရှေ့တောင်အာရှ၏ တစ်ခုတည်းသော ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် လာအိုသည် မကြာသေးမီနှစ်များအတွင်း အခြေခံအဆောက် အအုံကဏ္ဍ၊ စွမ်းအင်ကဏ္ဍနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် သိသာထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်လာခဲ့ရာ ပင်လယ်ထွက်ပေါက်မရှိသည့် အားနည်းချက်ကို ကျော်လွှားနိုင်ရန် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး ဗဟိုချက်ဖြစ်လာစေရန် ပြောင်းလဲလျက်ရှိသည်။ လာအိုနိုင်ငံ၏ မြို့တော်ဗီယင်ကျန်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ချိတ်ဆက်ထားသည့် မြန်နှုန်းမြင့် ရထားလမ်းကြောင့် ကုန်သွယ်မှုနှင့် ခရီးသွားကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်လာသည်။ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာတို့နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန် အဝေးပြေးလမ်းကွန်ရက်များကို တိုးချဲ့နေသည်။
စွမ်းအင်ကဏ္ဍအနေဖြင့် နိုင်ငံ၏ ရေအားအရင်းအမြစ်များကို အကျိုးရှိရှိအသုံးချကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချနိုင်ခြင်းကြောင့် အာဆီယံ၏ ဘက်ထရီဟူ၍ပင် နာမည်ရလာနေပြီဖြစ်သည်။ ပြည်တွင်း၌လည်း ကျေးလက်ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေး၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးတို့ကို ဖော်ဆောင်လျက်ရှိသည်ဟု သိရသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် မြန်မာ- လာအို ချစ်ကြည်ရေးတံတားကလည်း အရေးပါသည့် အဝင်အထွက် မုခ်ဦး (Gateway) တစ်ခုပင်ဖြစ်သည်။
လာအိုနှင့် မြန်မာ အိမ်နီးချင်းတို့၏ နှစ်နိုင်ငံဆက်ဆံရေးမှာ အိမ်နီးချင်းကောင်းတို့၏ ဆက်ဆံ ရေးမျိုးဖြစ်သည်။ ကိုယ့်ပြည်တွင်းရေး ကိုယ်အာရုံစိုက်ပြီး ကိုယ့်ဖွံ့ဖြိုးရေး ကိုယ်ဖော်ဆောင်ကြကာ အခက်အခဲဖြစ်လျှင်လည်း အပြန်အလှန် ကူညီဖေးမကြသည်။ ၁၉၅၅ ခုနှစ်တွင် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး စတင်ခဲ့ခြင်းဖြစ်ရာ ယခုနှစ်တွင် နှစ်ပေါင်း ၇ဝ ကျော်ပြီဖြစ်သည်။ မကြာသေးမီ အချိန်အတွင်း မြန်မာနှင့်လာအို နှစ်နိုင်ငံဆက်ဆံရေးမှာ အိမ်နီးချင်းကောင်းအဆင့်မှသည် မဟာဗျူဟာမြောက်သည့် ဆက်ဆံရေးသို့ တက်လှမ်းနိုင်ရန် ပြင်ဆင်လာသည်။ နှစ်နိုင်ငံခေါင်းဆောင်များနှင့် တာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးမှု၊ အပြန်အလှန်သွားရောက်မှုတို့ ခပ်စိပ်စိပ်ဖြစ်လာသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့၌ ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး ( Shanghai Cooperation Organisation- SCO SUMMIT 2025 Plus) သို့ ထိုစဉ်က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူထားရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပါဝင်တက်ရောက်ဆွေးနွေးခဲ့ရာ အစည်းအဝေး မစတင်မီအချိန်အတွင်း နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အခမ်းအနားသို့ တက်ရောက်လာကြသည့်နိုင်ငံများမှ ခေါင်းဆောင်များနှင့် သီးခြားစီတွေ့ဆုံ၍ နိုင်ငံအလိုက် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။ ထိုစဉ်က လာအိုနိုင်ငံသမ္မတ မစ္စတာထောင်လွန်း ဆီဆုလစ်နှင့်လည်း တွေ့ဆုံ၍ နှစ်နိုင်ငံကြား လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ နယ်စပ်ဖြတ်ကျော်ကဏ္ဍ၊ အလုပ်သမားကဏ္ဍ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံ သည် SCO ၏ ဆွေးနွေးဖက်နိုင်ငံ (Dialogue Partner) အဖြစ် ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်တွင် ပါဝင်ခွင့်ရရှိခဲ့ပြီး လာအိုနိုင်ငံသည် အဆိုပါ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တီယန်ကျင်းတွင် ကျင်းပသည့် SCO SUMMIT တွင် ဆွေးနွေးဖက်နိုင်ငံအဖြစ် ပါဝင်ခွင့်ရရှိလာခဲ့ခြင်းဖြစ်သည်။
လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာထောင်ဆာဗန်ဖုန်ဗီဟေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဇွန် ၁၁ ရက်မှ ၁၃ ရက်အထိ တရားဝင်ခရီးစဉ် လာရောက်ခဲ့ပြီး ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ထံ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့သည်။ ယင်းသို့ ဂါရဝပြုတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်လာရောက်နိုင်ရေးအတွက် ဖိတ်ကြားလွှာကို လက်ရောက်ပေးအပ်ခဲ့ပြီး နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်၏ ခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ အာဆီယံနိုင်ငံများအကြား အချင်းချင်းဆက်ဆံမှုတို့ကို များစွာအထောက်အကူဖြစ်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံ ရွေးကောက်ခံအစိုးရ၏ နိုင်ငံတော်တာဝန် ထမ်းဆောင်နေမှုအပေါ် မားမားမတ်မတ်ရပ်တည် ထောက်ခံလျက်ရှိပါကြောင်းတို့ကို ပြောကြားခဲ့သည်။
လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့၏ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ် (State Visit)သည် ဇူလိုင် ၃ ရက်နေ့တွင် စတင်သည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီး ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာ သည့် အထူးလေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး (Minister in Attendance) မစ္စတာ ထောင်ဆာဗန်ဖုန်ဗီဟေးနှင့် ဇနီး ဦးဆောင်သည့် လာအိုအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။
ထိုသို့ကြိုဆိုရာတွင် လာအိုနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့ကလည်း နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) လာရောက်ကြသည့် နိုင်ငံ့အကြီးအကဲများအား ကြိုဆိုဂုဏ်ပြုသည့် ဓလေ့ထုံးတမ်းအစဉ် အလာနှင့်အညီ ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူအလေးပြု၍လည်းကောင်း၊ လာအိုကလေးငယ်နှစ်ဦးတို့က ဂုဏ်ပြုပန်းစည်းကမ်း၍ လည်းကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လေဆိပ်မှ ဆက်လက်ထွက်ခွာကြရာ လမ်းဘေးဝဲယာ၌ လာအိုနိုင်ငံ ကင်းထောက်လူငယ် မောင်မယ်လေးများက နှစ်နိုင်ငံအလံများ ဝှေ့ယမ်း၍ ခရီးဦးကြိုဆိုကြသည်။
လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံ သမ္မတမစ္စတာ ထောင်လွန်း ဆီဆုလစ်က လာအိုသမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့နှင့် ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးမှုတွင် လာအိုနိုင်ငံ သမ္မတက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား လှိုက်လှဲစွာ ကြိုဆို ပါကြောင်း၊ အဆွေတော်ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့ လာရောက်စဉ်အတွင်း နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင် နိုင်ပြီး နှစ်နိုင်ငံဆက်ဆံမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ယခုခရီးစဉ်သည် သံတမန် ရေးရာအရသာမက စီးပွားရေးရာအရ ပူးပေါင်းဆောင်ရွက်ရေးတို့တွင်ပါ ထူးခြားသည့် ခရီးစဉ် တစ်ခုဖြစ်ပါကြောင်း၊ မိမိသမ္မတတာဝန် ထမ်းဆောင် ချိန်တွင် ရှိရင်းစွဲအစဉ်အလာရှိသည့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်မြှင့်တင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာတွင် မိမိနိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံကို ပထမဆုံး နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးလာရောက်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိပါကြောင်းနှင့် ယခုကဲ့သို့ ချစ်ကြည်ရေးခရီး လာရောက်ရန် ဖိတ်ကြားခဲ့မှုအပေါ်လည်း တန်ဖိုးထားပါကြောင်း၊ မိမိနှင့်ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲပျူငှာစွာ ကြိုဆိုမှုများနှင့် နွေးထွေးစွာဧည့်ဝတ်ပြုမှုများ အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်းတို့ကို ဦးစွာပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ၏ ပြောကြားချက်များတွင် မကြာသေးမီက လာအိုနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာထောင်ဆာဗန် ဖုန်ဗီဟေး၏ မြန်မာနိုင်ငံခရီးစဉ်သည်လည်း မိမိတို့အစိုးရအပေါ် အလေးအနက်ထားမှုနှင့် လာအိုနိုင်ငံ၏ ထောက်ခံရပ်တည်ပေးမှုကို ပြသပေးသည့် ခရီးစဉ်ဖြစ်သဖြင့် များစွာတန်ဖိုးထားပါကြောင်း၊ ယခု ခရီးစဉ်သည် နှစ်နိုင်ငံအကြား ရှိရင်းစွဲ အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး မဟာဗျူဟာမြောက် ဘက်ပေါင်းစုံပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်သည် မိမိတို့နှစ်နိုင်ငံတွင် ရွေးကောက်ပွဲများ အသီးသီး ကျင်းပပြီးနောက် အစိုးရသစ်များ ဖွဲ့စည်းပြီးသည့် အချိန် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရသစ် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများရှိသည့် အရေးကြီးသည့် အချိန်အခါဖြစ်ပါ ကြောင်း စသည်တို့ပါရှိရာ မြန်မာ- လာအို နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ရှိရင်းစွဲ အိမ်နီးချင်း နှစ်နိုင်ငံအကြား အနာဂတ်တွင် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်မြင့်မားလာမည့် ပုံရိပ်တို့ကို တွေ့မြင်ရစေသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက် နေမှုများ၊ မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးတွင် မိတ်ဝတ်မပျက်ချစ်ကြည်ရေးကို အလေးထား ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး လာအိုနိုင်ငံ သမ္မတက ဆွေးနွေး ပြောကြားရာတွင် မိမိတို့ နှစ်နိုင်ငံသည် သမိုင်း ကြောင်းတူညီမှုရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ အဖြစ် တစ်ပြိုင်တည်း ဝင်ရောက်ခဲ့ခြင်းဖြစ်သဖြင့် ပိုမိုချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်ကြကြောင်း၊ မြန်မာနိုင်ငံသည် လာအိုနိုင်ငံ၏ အယုံကြည်ရဆုံးနှင့် အရင်းနှီးဆုံး မိတ်ဆွေနိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် အမြဲထောက်ခံအားပေးလျက်ရှိကြောင်း၊ မိမိတို့ နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသည့် ဆက်ဆံရေးကို အာဆီယံမျက်နှာစာတွင် သာမက ကမ္ဘာ့နိုင်ငံများအလယ်တွင်ပါ ကောင်းမွန်သည့် ပြယုဂ်တစ်ခုအဖြစ် ရောက်ရှိအောင် မြှင့်တင် ဆောင်ရွက်သွားလိုပါကြောင်း၊ မိမိတို့ လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်း နိုင်ငံအဖြစ် အမြဲရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနိုင်ငံအဖြစ် ထူထောင်သွားလိုပါကြောင်း၊ အနာဂတ်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက် ပိုမိုတိုးမြှင့် ဆောင်ရွက်သွားလိုပါကြောင်း စသည်တို့ ပါဝင်ခဲ့ရာ မိတ်ကောင်းဆွေကောင်း နိုင်ငံတစ်နိုင်ငံအဖြစ် ထင်ဟပ်ပြသလျက်ရှိသကဲ့သို့ အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုများ မြင့်မားစေရေး မျှော်မှန်းချက်များမှာလည်း တစ်သဘောတည်း ကိုက်ညီလျက်ရှိသည်။
နှစ်နိုင်ငံခေါင်းဆောင်များနှင့် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ဝင်များ၏ အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေးပွဲမှာ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ နှစ်ဖက်အကျိုးစီးပွား ဖြစ်ထွန်းစေမှုတို့ကို ဦးတည်ကာ ရင်းနှီးပွင့်လင်းမှုများ ပြည့်ဝစွာနှင့် ဖြစ်သည်။
တွေ့ဆုံပွဲအပြီးတွင် မြန်မာ-လာအို နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လဲလှယ်ခြင်းအခမ်းအနား ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် လာအိုနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်နှင့် လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းမြို့တို့အကြား ညီအစ်မမြို့တော်များ တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို နှစ်နိုင်ငံမှ တာဝန်ရှိသူများက နှစ်နိုင်ငံ သမ္မတနှစ်ဦး၏ ရှေ့မှောက်တွင် လဲလှယ်ကြသည်။ ထို့နောက် လာအိုနိုင်ငံအတွက် မြန်မာနိုင်ငံက ပေးအပ်လှူဒါန်းသည့် မြန်မာနိုင်ငံထုတ် မြွေဆိပ်ဖြေဆေးအလုံး ၆၄၀ ကို နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးက ပေးအပ်လှူဒါန်းရာ လာအိုနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
(ဆက်လက်ဖော်ပြပါမည်)



No comments:
Post a Comment