Saturday, July 18, 2026

လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးရည်မှန်းချက်နှင့်အညီ ဆောင်ရွက်ပေး

 


ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံသားအားလုံး ပညာရည်မြင့်မားပြီး ကျန်းမာကြံ့ခိုင်ရေးသည် ပဓာနကျသည့်အချက်များဖြစ်သည်။ ထို့ကြောင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်မှု လုပ်ငန်းများအတွက် မူဝါဒများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထုအား တိုက်ရိုက်အကျိုးပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်စေရန်နှင့် မြို့ပြနှင့် ကျေးလက်ပါမကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ပေးနိုင်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။

သူနာပြုသိပ္ပံ (နေပြည်တော်) နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ သူနာပြု သိပ္ပံများဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၆ ရက်က သူနာပြုသိပ္ပံ (နေပြည်တော်) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့် ခံယူချက်ဖြင့် မိမိတို့တာဝန်ယူခဲ့သည့်ကာလတစ်လျှောက်လုံး ကျန်းမာရေးကဏ္ဍအဆင့်မြှင့်တင်မှုကို ဘက်ပေါင်းစုံက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သကဲ့သို့ ယခုအစိုးရသစ်ကာလတွင်လည်း ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထူးချွန်ထက်မြက်ပြီး အသိပညာ၊ အတတ်ပညာ ပြည့်ဝကြသော်လည်း ကျန်းမာရေးမကောင်းပါက ပေးအပ်လာသည့်တာဝန်များနှင့် အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ပြည်သူအားလုံး၏ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ရေးကို အလေးထားဆောင်ရွက်ပေးကြရန်” တိုက်တွန်း ပြောကြားခဲ့သည်။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်ရေးအတွက် ပြည်သူလူထုအားလုံး လက်လှမ်းမီနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရန်အတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ လုံလောက်အောင် တိုးမြှင့်မွေးထုတ်ပေးနိုင်ရန် လိုအပ်သည်။ နိုင်ငံတော်အတွက်လိုအပ်နေသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြားပေးနေသည့် ဆေးတက္ကသိုလ် ခြောက်ခုနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် ၁၁ ခု စုစုပေါင်း ၁၇ ခုရှိသည်။ ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုတွင် အရေးကြီး သည့်တာဝန်များထမ်းဆောင်နေသည့် သူနာပြု၊ သားဖွားများ မွေးထုတ်ပေးနေသည့် သင်တန်းကျောင်းများအနက် သင်တန်းကျောင်း ၁၅ ကျောင်းကို ယခုအခါ သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ကာ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်သည်။

ဖွင့်လှစ်ပေးလိုက်သည့် သူနာပြုသိပ္ပံများသည် နိုင်ငံတော်၏ ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက အရည်အချင်းပြည့်ဝပြီး လူသားချင်းစာနာစိတ် အပြည့်ရှိသည့် သူနာပြုများ၊ သားဖွားပညာရှင်များ မွေးထုတ်ပေးနိုင်သော ကျန်းမာရေး ပညာဗဟိုဌာနများဖြစ်လာပြီဖြစ်သည်။ လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အဓိကကျသည့် သူနာပြုနှင့် သားဖွားစွမ်းအားစုများကို ၁၉၆၂ ခုနှစ်မှ ယနေ့အထိ သူနာပြုဒီပလိုမာရရှိသူ ၄၅၂၄၅ ဦး၊ သားဖွား ၄၂၅၂၄ ဦး မွေးထုတ်ပေးနိုင်ခဲ့သည်။ ထို့အပြင် ၂၀၂၆ ခုနှစ် ပညာသင်နှစ်၌ သူနာပြုသိပ္ပံနှင့် သူနာပြုသင်တန်းကျောင်းများတွင် သူနာပြုသားဖွားဒီပလိုမာ သုံးနှစ်သင်တန်းသား ၅၉၄၆ ဦးနှင့် သားဖွားသင်တန်းကျောင်းများတွင် ဘက်စုံသားဖွားဒီပလိုမာနှစ်နှစ်သင်တန်းသူ ၁၀၃၅ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ ၂၀၂၇ ခုနှစ် ပညာသင်နှစ်တွင် သင်တန်းသား သင်တန်းသူ ၄၀၀၀ ကျော် ပျိုးထောင်ပေးမည်ဖြစ်သည်။

ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည့် အရင်းအမြစ်များ တစ်နှစ်ထက်တစ်နှစ် တိုးတက်မြင့်မားလာအောင် မွေးထုတ်ပေးလျက်ရှိရာတွင် အရေအတွက်သာမက အရှေ့တောင်အာရှနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်မည့် အရည်အသွေးပြည့်ဝသည့် သူနာပြုများနှင့်သားဖွားများ မွေးထုတ်ပေးနိုင်ရန် ရည်မှန်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၏ နိုင်ငံတကာစံနှုန်း ရှစ်ခုပါဝင်သည့် သူနာပြုနှင့် သားဖွားပညာရေးနှင့်လုပ်ငန်း အရည်အသွေးအာမခံမှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းလည်း ပါဝင်သည်။ ထို့အပြင် ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များတွင် သူနာပြုပါရဂူဘွဲ့အဆင့်အထိ အဆင့်ဆင့်တက်လှမ်းသင်ယူနိုင်သည့် အခွင့်အလမ်းများလည်းရှိသည်။ ယခုအခါ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၁၅ ကျောင်းကို ထိုက်တန်သည့် အဆင့်အတန်းများဖြင့် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်သည်။

သို့ဖြစ်ရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်ရေးအတွက် ပြည်သူလူထုအားလုံး လက်လှမ်းမီနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်ရန်အတွက် အခြေခံကျသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ လုံလောက်အောင် ဆက်လက်တိုးမြှင့်မွေးထုတ်ပေးနိုင်ရန် နိုင်ငံတော်၏ရည်မှန်းချက်နှင့်အညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment