Monday, July 6, 2026

ညီအစ်ကို နှစ်နိုင်ငံအကြား ပိုမိုအားကောင်းလာသည့် ချစ်ကြည်ရင်းနှီးမှု အကျိုးရလဒ်များ


မောင်ငြိမ်းအေး

(ယမန်နေ့မှအဆက်)

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယနေ့ခရီးစဉ်တွင် လာအိုအသေးစား၊ အငယ်စားစက်မှုလုပ်ငန်း Phonthong Handicrafts Cooperation and Cama Crafts နှင့် Patuxai (Victory Gate) သို့ သွားရောက်လေ့လာခဲ့ပြီး ဗီယင်ကျန်းမြို့ရှိ ထက်လွမ်စေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုကာ လာအို-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများကို တွေ့ဆုံခဲ့သည်။

 




 မြန်မာ-လာအို ချစ်ကြည်ရေးခရီးစဉ်သည် သွေးချင်းနီးသည့် ညီအစ်ကိုများ တွေ့ဆုံရသကဲ့သို့ နွေးထွေးပျူငှာသောခံစားမှုများကို ဖြစ်စေခဲ့ပါသည်။ ထူးခြားမှုအနေဖြင့် လာအိုနိုင်ငံသည် တစ်ချိန်သောကာလများက ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည်နှင့်အညီ ဖွံ့ဖြိုးတိုးတက်မှုအားနည်းသော နိုင်ငံဖြစ်ပါသည်။ မရှိအတူ ရှိအတူ အေးအတူပူအမျှ နေထိုင်ခဲ့ကြသော ညီအစ်ကိုနိုင်ငံများဖြစ်၍ မြန်မာနိုင်ငံက လာအိုနိုင်ငံသို့ ဆန်၊ ဆီ၊ ဆားစသည့်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ပါသည်။ ယနေ့ကာလတွင် ပြောင်းလဲသွားပြီး လာအိုနိုင်ငံသည် ဖွံ့ဖြိုးစနိုင်ငံတစ်နိုင်ငံအဖြစ် ဦးတည်နေသည်ကို တွေ့ရပါသည်။ အဓိကမှာ စည်းလုံးညီညွတ်ခြင်းကြောင့်ဖြစ်ပြီး ကုန်းမြေချင်းဆက်၍ Land Bridge တည်ဆောက်နိုင်ခြင်းလည်းပါဝင်ပါသည်။ လာအိုနိုင်ငံတွင် တရုတ်နိုင်ငံ၏အကူအညီဖြင့် ရထားလမ်းများ ဖောက်လုပ်ထားရာ အရှေ့တောင်အာရှနိုင်ငံများနှင့်ချိတ်ထားသဖြင့် အရေးပါသည့် နိုင်ငံဖြစ်လာသည်။ လာအိုနိုင်ငံ၏ စည်းလုံးညီညွတ်မှုနှင့် ကြိုးပမ်းအားထုတ်မှုတို့ကို အတုယူရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတကြီး ခရီးစဉ်မှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရှုမြင်ကြရမည်ဖြစ်သည်။

ဖူးမြော်ကြည်ညို

ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသည့် ဇူလိုင်လ ၄ ရက်နေ့ နံနက်အချိန်အခါတွင် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဗီယင်ကျန်းမြို့ရှိ ထက်လွမ်စေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။ ယင်းနောက် လာအိုဗုဒဘာသာအသင်းဗဟို၏ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံ သံဃရာဇာဆရာတော် Maha Ahjan Yai Mahaved Menenai ၊ လာအိုနိုင်ငံမှ သက်တော် (၁၀၆) နှစ်ရှိ သက်တော်ရှည်ဆရာတော် Most Ven. Noi Sangvalo တိုအား ဖူးမြော်ကည်ညိကပီး ပိဋကတ်သုံးပုံစာအုပ်များ၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထက်လွမ်စေတီတော်သည် ရှေးဟောင်းသမိုင်းဝင်စေတီတော်ဖြစ်ပြီး ၁၃ ရာစုအစောပိုင်းတွင် King Jayavamon VI က ဦးဆောင်တည်ထားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ ရာဇဂြိုဟ်ပြည်တွင် ပညာသင်ယူပြီး ပြန်လည်ရောက်ရှိလာသည့် သံဃာတော် ငါးပါးက ဗုဒ္ဓဘုရားရှင်၏ ညှပ်ရိုးတော်အောက်ပိုင်းကို ကိုးကွယ်ပူဇော်ရန် ပင့်ဆောင်လာခဲ့ပြီး ဌာပနာသွတ်သွင်းတည်ထားခဲ့ခြင်းဖြစ်သည်။ မူလစေတီတော်မှာ လိုဏ်ဂူပုံစံဖြစ်သော်လည်း ခရစ်နှစ် ၁၅၆၀ ပြည့်နှစ်တွင် စိုင်ဆက်ထာထီလတ်ဘုရင်သည် လွန်ပရာဘန်မြို့မှ ဗီယင်ကျန်းမြို့သို့ ပြောင်းရွှေ့ပင့်ဆောင်လာခဲ့ပြီးနောက် ပထမစေတီတော်အားငုံ၍ စေတီထပ်မံတည်ထားခဲ့ခြင်းဖြစ်သည်။ လာအိုဘာသာဖြင့် ထက်လွမ်စေတီဟုခေါ်ဆိုပြီး အဓိပ္ပာယ်မှာ “ကြီးမားသောစေတီတော်” ဟူ၍ဖြစ်သည်။ လာအိုဘုရင်အဆက်ဆက်ကိုးကွယ်ခဲ့ကြပြီး သမိုင်းအစဉ်အလာကြီးမားသည့် စေတီတော်ဖြစ်သည်။ လာအိုနိုင်ငံ၏ နိုင်ငံတော်တံဆိပ်တွင် ထက်လွမ်စေတီတော်၏ပုံတော်အား ထည့်သွင်းထားသည်ကို တွေ့နိုင်သည်။ ထက်လွမ်ဘုရားပွဲတော်ကို နှစ်စဉ်လာအိုဘာသာဖြင့် ဖကျိလ၊ လပြည့်နေ့ (မြန်မာအခေါ် တန်ဆောင်မုန်းလပြည့်နေ့) တွင် ကျင်းပပြုလုပ်ပြီး တစ်နိုင်ငံလုံးမှ ဘုရားဖူးပြည်သူများနှင့် အလွန်စည်ကားသော ဘုရားပွဲတော်ဖြစ်သည်။

ပိုးထည်များထုတ်လုပ်

ထို့နောက် နိုင်ငံတော်သမ္မတဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လာအို အသေးစား၊ အငယ်စားစက်မှလုပ်ငန်း Phonthong Handicrafts Cooperation and Cama Crafts သို သွားရောက်ကြည့်ရှုလေ့လာကပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ ဆက်လက်၍ ပိုးထည်များထုတ်လုပ်မှုနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုရရှိမှုမှတ်တမ်းများကို ကြည့်ရှုကြပြီး ပိုးများမွေးမြူထားရှိမှုနှင့် ပိုးထည်များကို ရက်ကန်းစင်များဖြင့် ရက်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုလေ့လာကြကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။

အဆိုပါ လာအိုအသေးစား၊ အငယ်စားစက်မှုလုပ်ငန်း Phontong Handicrafts Cooperation and Cama Crafts သည် လာအိုကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုမြှင့်တင်၍ လာအိုရိုးရာလက်မှုပညာများကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းမှုအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန်ဖြစ်သည့်အပြင် လက်မှုပညာဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးခြင်းနှင့် ဈေးကွက်အခွင့်အလမ်းများ ရှာဖွေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါလုပ်ငန်းများ၏ မျှော်မှန်းချက်မှာ ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် ၎င်းတို့နှင့်ဆက်စပ်သည့် လူမှုအသိုင်းအဝိုင်းများတွင် ပတ်ဝန်းကျင်နှင့်ယဉ်ကျေးမှုအရ သင့်လျော်ကိုက်ညီသော လုပ်ထုံးလုပ်နည်းများကို မြှင့်တင်ပေးရန်ဖြစ်သည်။ Phontong Handicraft Cooperative (PHC) ကို ၁၉၇၆ ခုနှစ်တွင် ဗီယင်ကျန်းမြို့ရှိ ဖွန်ထုံကျေးရွာတွင်နေထိုင်သော အမျိုးသမီး ၁၀ ဦးက ၎င်းတို့ထုတ်လုပ်သည့် လက်မှုပစ္စည်းများကို စုပေါင်းရောင်းချရန် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ရေအားလျှပ်စစ်စီမံကိန်း

နိုင်ငံတော်သမ္မတကြီး၏ ခရီးစဉ်အတွင်း ဇူလိုင်လ ၄ ရက်နေ့က မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာ-လာအိုနယ်စပ်ရှိ မဲခေါင်မြစ်ကြောင်းတစ်လျှောက် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုဆိုင်ရာ ပူးတွဲသဘောတူညီမှုအတွက် စာချုပ်ချုပ်ဆိုခြင်းဖြစ်သည်။ နှစ်နိုင်ငံ နယ်စပ်ဒေသသာမက မဟာမဲခေါင်မြစ်ဝှမ်းဒေသတစ်ခုလုံးအတွက် အကျိုးကျေးဇူးများရရှိမည့် စီမံကိန်းဖြစ်သည်။ လာအိုနိုင်ငံဘက်မှ တာဝန်ပေးမည့်ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်မည့်စီမံကိန်းဖြစ်သည်။ အဆိုပါစီမံကိန်းသည် ခန့်မှန်းတပ်ဆင် အင်အားမဂ္ဂါဝပ် ၂၇၉၀ အထိ ထွက်ရှိနိုင်သောစီမံကိန်းဖြစ်သည်။ မဲခေါင်မြစ်သည် နှစ်နိုင်ငံနယ်စပ်မြစ် ဖြစ်သောကြောင့် နှစ်နိုင်ငံထုံးတမ်းစဉ်လာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံက ကြီးကြပ်လမ်းညွှန်ပေးမည်ဖြစ်သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ လာအို-မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ မစ္စတာ ဆေနမတ် မွန်ထရီ ချန်ထာဝုန်က လာရောက်ဂါရဝပြုတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်လျက်ရှိသည့်အခြေအနေများ၊ မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးကို မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံဆက်ဆံရေးအတွက် ချစ်ကြည်ရေး အသင်း၏ အခန်းကဏ္ဍသည် အဓိကကျပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရနှစ်ရပ်မှ ဆောင်ရွက်လျက်ရှိသကဲ့သို့ လာအို-မြန်မာ ချစ်ကြည်ရေးအသင်းအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်လျက်ရှိ သည့်အခြေအနေများ၊ မြန်မာ-လာအို ချစ်ကြည်ရေး တံတားမှတစ်ဆင့် အပြန်အလှန် ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ဆောင်ရွက်ပြီး နယ်စပ်ဒေသနေပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ချစ်ကြည်ရေးအသင်းမှ ဆောင်ရွက်နိုင်မှုအခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုလုပ်ငန်း စဉ်များတွင် လူငယ်များအခန်းကဏ္ဍ မြှင့်တင်ဆောင်ရွက်သွားရန်လိုအပ်မှုအခြေအနေများ၊ ဘာသာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စသည့်အခန်းကဏ္ဍများကိုအခြေခံ၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

လာအိုနိုင်ငံအထင်ကရ

ညနေပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည် ဗီယင်ကျန်းမြို့ရှိ Patuxai (Victory Gate) သို သွားရောက်လေ့လာကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် Patuxai (Victory Gate) ရှေ့၌ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ အဆိုပါဗီယင်ကျန်းမြို့တွင် တည်ရှိသော Patuxai (Victory Gate) သည် လာအိုနိုင်ငံ၏ အထင်ကရအထိမ်းအမှတ် အဆောက်အအုံတစ်ခု ဖြစ်သည်။ အဆိုပါ Patuxai (Victory Gate)ကို ၁၉၅၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပီး ၁၉၆၈ ခုနှစ်တွင် ပီးစီးခဲ့သည်။ Patuxai (Victory Gate) သည် လာအိုနိုင်ငံ၏ လွတ်လပ်ရေးနှင့် နိုင်ငံအတွက်အသက်ပေးခဲ့သော စစ်သည်များကို ဂုဏ်ပြုတည်ဆောက်ထားခြင်းဖြစ်သည်။ အဆောက်အအုံဒီဇိုင်းမှာ ပြင်သစ်နိုင်ငံ၏ Arc de Triomphe မှ ယူထားသော်လည်း လာအိုဆိုင်ရာဗုဒဘာသာနှင့် ဟိန္ဒူအနုပညာလက်ရာများဖြင့် အလှဆင်ထားခြင်းဖြစ်သည်။ Patuxai (Victory Gate) အတွင်းနံရံများနှင့် မျက်နှာကြက်များတွင် နတ်သမီး၊ ကင်းနရီနှင့် ပန်းနွယ်အလှဆင် ပန်းပုလက်ရာများကို မြင်တွေ့နိုင်ပြီး အပေါ်ဆုံးရှုခင်းကြည့်စင်မှ Vientiane မြို့၏ မြင်ကွင်းကျယ်ကို ကြည့်ရှုနိုင်သဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ အများဆုံးလာရောက် လည်ပတ်သည့်နေရာတစ်ခုဖြစ်သည်။

ထို့နောက် လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားများကို နိုင်ငံတော်သမ္မတက တွေ့ဆုံအမှာစကားပြောကြားသည်။ နိုင်ငံတော်သမ္မတက “မိမိအနေဖြင့် လာအိုနိုင်ငံသို့ ယခုလာရောက်ခဲ့သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သည် မိမိအနေဖြင့် သမ္မတအဖြစ်တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း အာဆီယံနိုင်ငံများထဲတွင် ပထမဆုံးအကြိမ် လာရောက်သည့်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းကောင်းနိုင်ငံ၊ မိတ်ဆွေကောင်းနိုင်ငံများ ဖြစ်ကြကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် အစဉ်အလာရှိသည့် ဆက်ဆံရေးကောင်းမွန်မှုကို အမြဲထိန်းသိမ်းနိုင်ကြမည့် နိုင်ငံများဖြစ်ကြကြောင်း၊ ယခုအခါ လာအိုနိုင်ငံသည် ယခင်ကထက် များစွာဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာသည်ကိုတွေ့ရကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုရှိပြီး စီးပွားရေးတိုးတက်အောင်လည်း ဆောင်ရွက်လာနိုင်သည်ကို တွေ့ရကြောင်း” ပြောကြားခဲ့သည်။

အားသွန်ခွန်စိုက်ကြိုးပမ်း

မြန်မာနိုင်ငံအနေဖြင့် ယခုအခါ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက် ရှိသည်။ ၂၀၂၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထမ်းဆောင်ခဲ့ရသည်။ သို့သော် တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ပေးခဲ့သည်။ ယခင်ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင်လည်း အကောင်းဆုံးပူးပေါင်းဆောင်ရွက်ခဲ့သည်။ ယခုအခါ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ပြည်သူများကရွေးချယ်သည့် ရွေးကောက်ခံ ကိုယ်စားလှယ်များဖြင့် လွှတ်တော်ကျင်းပ၍ ရွေးချယ်ခံအစိုးရအဖွဲ့က နိုင်ငံ့တာဝန်ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ သို့သော် အချို့နိုင်ငံများက ၎င်းတို့၏အကျိုးစီးပွားကိုရှေးရှု၍ ပြည်သူများက ရွေးချယ်ထားသည့်အစိုးရကို လက်မခံမှုများ ရှိသည်။ မည်သို့ပင်ဖြစ်စေ အစိုးရသစ်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အားသွန်ခွန်စိုက်ကြိုးပမ်းနေပြီး နိုင်ငံများနှင့်ဆက်ဆံရေးကို အထူးကောင်းမွန် အောင်ဆောင်ရွက်လျက်ရှိသည်။

အာဆီယံနိုင်ငံများတွင် လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုကို လက်ခံယုံကြည်သဖြင့် နိုင်ငံတော်သမ္မတကြီးအား လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း သဘောတူညီချက်များကို မိတ်ဝတ်မပျက် လိုက်နာအကောင်အထည်ဖော်လျက်ရှိသည်။ လာအိုနိုင်ငံအနေဖြင့် အိမ်နီးချင်းညီအစ်ကိုနိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအပေါ် ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် အာဆီယံနိုင်ငံများအတွင်း ပထမဆုံးရဲဝံ့ပြတ်သားစွာ ယုံကြည်မှုအပြည့်ဖြင့် အားပေးထောက်ခံမှုများကို အသိအမှတ်ပြုရမည်ဖြစ်သည်။ လာအိုနိုင်ငံ၏ စည်းလုံးညီညွတ်မှုကြောင့် နိုင်ငံဖွံ့ဖြိုးရေး၌ တိုးတက်အောင်မြင်မှုများရရှိခဲ့သလို မြန်မာနိုင်ငံအနေဖြင့်လည်း အခြေခံကောင်းများ၊ လုပ်ဆောင်နိုင်မှုစွမ်းပကားများလည်း ရှိနေပြီဖြစ်၍ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ပါ၍ လာအို-မြန်မာနှစ်နိုင်ငံသည် အိမ်နီးချင်းမိတ်ကောင်းဆွေကောင်းနိုင်ငံများ၊ အာဆီယံတွင် တစ်သားတည်းရှိသော နိုင်ငံများဖြစ်ကြသည့်အပြင် ရှေးအစဉ်အဆက်ကတည်းက သွေးရင်းသားရင်းများဖြစ်ကြပြီး မရှိအတူရှိအတူ အေးအတူပူအမျှ အတူတကွနေထိုင်လာခဲ့သော ညီရင်းအစ်ကိုနိုင်ငံများဖြစ်ကြ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်သည် ပိုမိုအားကောင်းခိုင်မာသည့် နှစ်နိုင်ငံအကျိုးရလဒ်များကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment