နေပြည်တော် ဇူလိုင် ၃၀
၂၀၂၆ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီးဒေါ်နန်းကူးကူ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း၊ ရေ၊ လေ)ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက အမှာစကား ပြောကြားရာတွင် တပ်မတော်အနေဖြင့် ၂၀၁၁ ခုနှစ်ကစ၍ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် နယ်မြေဒေသအသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များတွင် အရိပ်ရလေကာပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ စက်မှုကုန်ကြမ်းနှင့် ရတနာတန်းဝင်ပင် စသည်ဖြင့် အပင်ပေါင်းများစွာကို စိုက်ပျိုးခဲ့ပြီး ဖြစ်ကြောင်း၊ ၁၅ နှစ်သက်တမ်းကာလနှင့် တွက်ကြည့်မည်ဆိုပါက အချို့သော ကြီးမြန်သစ်ပင်များသည် အရိပ်ရလေကာပင်များအဖြစ် အေးမြမှုနှင့်လုံခြုံမှု အကျိုးရလဒ်များကို ပေးနိုင်ခဲ့ပြီဖြစ် သကဲ့သို့ စက်မှုကုန်ကြမ်းပင်များသည်လည်း ကုန်ထုတ်စီးပွားအဆင့်မရောက်ခင် ပြည်သူလူထုအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ခဲ့ကြသည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း။
တပ်မတော်သား မိသားစုဝင်များ၏ သစ်ပင်စိုက်ပျိုးခဲ့မှု နှစ်ကာလနှင့် ကိန်းဂဏန်းများသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းကြိုးပမ်းထမ်းရွက်နိုင်ခဲ့ကြသည်ကို မှတ်တမ်းကောင်းတစ်ရပ်အဖြစ် တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
ယနေ့ ကမ္ဘာ့နိုင်ငံတိုင်းလိုလိုသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို အတတ်နိုင်ဆုံး လျော့ကျနိုင်စေရန် ပူးပေါင်းအဖြေရှာလျက်ရှိကြောင်း၊ သုတေသန မှတ်တမ်းများအရ ၁၉၈၀ ပြည့်နှစ် မတိုင်မီ ကာလများတွင် တစ်နှစ်ကို အကြိမ် ၆၀ ခန့်သာ သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် ဝန်းကျင်လောက်ကစပြီး တစ်နှစ်တွင် ပျမ်းမျှအကြိမ် ၂၄၀ ခန့်အထိ တိုးပွားလာခဲ့ကြောင်းကို လေ့လာတွက်ချက်မှု မှတ်တမ်းများအရ သိရှိရကြောင်း၊ ယနေ့မျက်မှောက်ကာလတွင် စက်မှုလုပ်ငန်းများ အပြိုင်အဆိုင် တိုးတက်ထုတ်လုပ်ရာကနေ တိုးတက်များပြားလာသည့် စက်ရုံ၊ အလုပ်ရုံကြီးများနှင့် ယာဉ်ယန္တရားများကြောင့် လေထုညစ်ညမ်းမှုနှင့်အတူ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးစေခဲ့ကြောင်း။
တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချကြရန် ဝိုင်းဝန်းကြိုးစားနေကြသည်ကိုလည်း တွေ့ရှိရကြောင်း၊ စက်ရုံများတည်ထောင်မှုနှင့် နည်းပညာအသစ်များ ဖန်တီးမှုတို့သည် ရပ်တန့်၍ မရဘဲလူသားများအတွက် စဉ်ဆက်မပြတ် လိုအပ်နေမည်ဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင်သာ ကြိုးစားတီထွင် ကြံဆရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အလွယ်ကူဆုံး ဖြေရှင်းနည်းသည် သစ်ပင်သစ်တောဖုံးလွှမ်းမှု အားကောင်းစေရေးဖြစ်၍ သစ်ပင်စိုက်ပျိုးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းကို အသိပေးပြောကြား လိုကြောင်း။
သစ်ပင်များ စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုသည်ဟု မှတ်ယူပြီးလက်တွေ့စိုက်ကြသည့်အခါတွင် လူနေအဆောက်အအုံများ၊ ရုံးဌာနအနီးအနားများနှင့် လျှပ်စစ် မီးလိုင်းများရှိသည့် နေရာများကို ရေရှည်အတွက် တွေးတောဆင်ခြင် သတိပြုစိုက်ပျိုးကြရန်လည်း လိုအပ်ကြောင်း၊ ပတ်ဝန်းကျင်အနေအထားနှင့် အပင်အမျိုးအစားတို့အပေါ် မူတည်ပြီး အရပ်ဒေသနှင့် ကိုက်ညီသည့် အပင်များကို ရွေးချယ်စိုက်ပျိုးမှသာ အကျိုးရလဒ်ကောင်းများ ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ ထို့ပြင် စိုက်ပြီးလျှင် ပြီးပြီဟု မမှတ်ယူဘဲ သူ့အချိန်နှင့်သူ ပေါင်းသင်ခြင်း၊ မြေဩဇာ ကျွေးခြင်းနှင့် ပိုးမွှားများ ကင်းဝေးအောင် ဂရုစိုက်ကြရန်လည် လိုအပ်ကြောင်း၊ ကိန်းဂဏန်းအချက်အလက်များထက် တစ်ပင်စိုက်လျှင် တစ်ပင်ရှင်ရမည်ဆိုသည့် အသိမျိုးမွေးမြူကြရမည်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့သစ်ပင်စိုက်ပျိုးရသည့် ရည်ရွယ်ချက်ကို အောင်မြင်အထ မြောက်စေမည်ဖြစ်ကြောင်း။
မိမိတို့ နိုင်ငံသည် ရေခံမြေခံ အင်မတန်ကောင်းသည့် ပထဝီမြေမျက်နှာ သွင်ပြင်အနေအထားကို ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရာသီဥတု၊ မြေအမျိုးအစားတို့နှင့် သဟဇာတကျသည့် ကျွန်းသစ်သည် သဘာဝကပေးသော အဖိုးတန်လက်ဆောင် မွန်တစ်ပါးဟုဆိုနိုင်ကြောင်း၊ အခြားသော သစ်မာပင်များသည်လည်း သူ့နေရာနှင့် သူတန်ဖိုးအလိုက် အိမ်ထောင်ပရိဘောဂ၊ လက်မှုပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး စသည်ဖြင့် အသုံးဝင်သည့်အပင်များပင်ဖြစ်ကြောင်း၊ အချို့အပင်များသည် နဂိုသဘာဝနှင့် လိုက်လျောညီထွေစွာ လူတို့ပြုပြင်ထိန်းသိမ်းမှု အနည်းဆုံးနှင့် ရှင်သန်ကြီးထွားတတ်ကြကြောင်း၊ ထိုသို့ အလွယ်တကူ ပေါက်ရောက်၍ ပေါများသည်ဟုဆိုကာ စည်းကမ်းမဲ့ ခုတ်ယူသုံးစွဲခြင်းများ မပြုလုပ်ကြရန်လိုကြောင်း။
မိမိတို့နိုင်ငံတွင် သဘာဝကပေးထား သည့်သစ်တော သယံဇာတပေါကြွယ်ဝမှု၏ တန်ဖိုးကို သိရှိပြီး ကိုယ်စီကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့တိုင်းပြည်၏ ပထဝီအရ အရေးပါမှုကိုပါ ပေါင်းစပ်သိရှိနားလည်ပြီး မြေပေါ် သယံဇာတဖြစ်သည့် သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ကိုယ်စီဆောင်ရွက်နိုင်သည့် ပြည့်ဖြိုးစွမ်းအင် တစ်ရပ်ကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊၊
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုဝင်များအနေဖြင့် ၂၀၁၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ စုစုပေါင်း(၄၆) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့တွင်လည်း ကျွန်းပင် ၉၀၀၊ ပျဉ်းကတိုးပင် ၃၀၀ ၊ မဟော်ဂနီပင် ၆၀၀ ၊ ပိတောက်ပင် ၆၀၀ စုစုပေါင်းပင် ၂၄၀၀ တို့ကို စိုက်ပျိုးသွား မည်ဖြစ်ကြောင်း၊ စိမ်းလန်းသည့် သစ်ပင် သစ်တောများသည် လူသားတို့၏အမြင်အာရုံကို လန်းဆန်းစေပြီး စိတ်နှလုံးချမ်းမြေ့ဖွယ်ရာများကိုပါ ဖန်တီးပေးလျက်ရှိကြောင်း၊ သစ်ပင်သစ်တောများကြောင့် ကျန်းမာရေးမှသည် လူမှုစီးပွားဘဝများ အထိ ကောင်းကျိုးအဖြာဖြာ ရရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ခြင်း၊ သစ်ပင်သစ်တောများ စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုသည့် အမူအကျင့် ကောင်းများကို ကိုယ်စီကိုယ်စီကတစ်ဆင့် မိမိတို့၏ အနာဂတ်မျိုးဆက်သစ်များပါ သိရှိနားလည်အောင် မျှဝေသွားကြရန်၊ “တစ်သက်လုံးပျော်ချင် သစ်ပင်စိုက်” ဆို သည့် စကားနှင့်အညီ သစ်ပင်စိုက်ပျိုးခြင်းသည် လူ့သမိုင်း တာဝန်လည်းဖြစ်၊ အမျိုးသားရေး တာဝန်လည်းဖြစ်သောကြောင့် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းပါဝင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြ သည်။ ယင်းနောက် အခမ်းအနား တက်ရောက်လာကြသူများက သတ်မှတ်နေရာ အသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည် မိသားစုများ၏ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်း သီးနှံပင်၊ နှစ်ရှည်စား သုံးသီးနှံပင်၊ အရိပ်ရ လေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၌ပင် ၅၅၃၀၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၅၇၉၅ ပင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၌ ၁၄၀၂ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၅၂၈၂ ပင်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ၁၈၂၉၆ ပင်၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၌ ၁၁၉၀၇ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ၈၂၆၅ ပင်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ၌ ၇၄၀၅ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၅၆၀၈၃ ပင်၊ အနောက်တောင် တိုင်းစစ် ဌာနချုပ် ၌ ၄၇၈၇ ပင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ပင် ၅၂၂၀၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်၌ပင် ၇၈၇၀၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၄၈၂၃၇ ပင်နှင့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ၁၄၀၂၄ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်း စိုက်ပျိုးခဲ့ကြပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၂၁၂၅၀၃ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment