Friday, July 10, 2026

သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၉) ကြိမ်မြောက် မျက်စိအလှူအတွက် မျက်စိဝေဒနာရှင်များ စာရင်းပေးသွင်းနိုင်

 

ရန်ကုန် ဇူလိုင် ၉

သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၉) ကြိမ်မြောက် မျက်စိအလှူအတွက် မျက်စိဝေဒနာရှင်များ ဇူလိုင် ၉ ရက်မှစတင်၍ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း အဆိုပါဆေးရုံမှ ကြေညာထားသည်။

သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၉) ကြိမ်မြောက် မျက်စိအလင်းအလှူအတွက် မျက်စိလူနာများအား ဇူလိုင် ၉ ရက်မှစ၍ ဒဂုံမြို့သစ် (မြောက်ပိုင်း) ဘေလီတံတား၊ နာရီစင်မှတ်တိုင်ဦးဝိစာရနှင့် ပင်လုံလမ်းဆုံ၊ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၌ စတင်လက်ခံသွားမည်ဖြစ်၍ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားစာရင်းပေးနိုင်ကြောင်း သိရသည်။

“(၁၉) ကြိမ်မြောက် မျက်စိအလင်းအလှူကို ၇ လပိုင်းမှာသော် လည်းကောင်း၊ ၈ လပိုင်းမှာ သော်လည်းကောင်း အဆင်ပြေတဲ့ရက်မှာ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် (၁၉) ကြိမ်မြောက် မျက်စိအလင်းအလှူအတွက် စာရင်းလာပေးလို့ရပါတယ်။ မျက်စိကုသပေးမယ့် ရက်အတိအကျကို ပြန်ကြေညာပေးပါ့မယ်” ဟု သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) မှ အသိပေးထားသည်။

ပြန်လည်စစ်ဆေးပေးမည်

သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၈) ကြိမ်မြောက်မျက်စိ အလင်းအလှူကို ဇွန် ၉ ရက်မှ ၁၄ ရက်အထိ စမ်းသပ်စစ်ဆေးခြင်း၊ ခွဲစိတ်ကုသပေးခြင်းများ ပြုလုပ်ပေးရာ စမ်းသပ်စစ်ဆေးလူနာ ၁၂၅၇ ဦး၊ ခွဲကုလူနာ ၄၇၆ ဦးနှင့် လေဆာပစ်ကု ၄၅ ဦးတို့ကို ကုသပေးနိုင်ခဲ့ပြီး၊ (၁၈) ကြိမ်မြောက်တွင် မျက်စိခွဲစိတ်ကုသမှုခံယူထားကြသည့် မျက်စိဝေဒနာရှင် ၅၀၀ ကျော်ကိုလည်း ဇူလိုင် ၁၀ ရက်တွင် တစ်လပြည့်အနေဖြင့် ဆရာဝန်ကြီးများက ပြန်လည်စစ်ဆေးပေးမည်ဟု အဆိုပါဆေးရုံမှ ကြေညာထားသည်။

သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ ပထမအကြိမ်မှ (၁၈) ကြိမ်မြောက် မျက်စိအလင်းအလှူအထိ မျက်စိဝေဒနာရှင်စမ်းသပ်လူနာ ၂၂၆၇၂ ဦး၊ ခွဲကုလူနာ ၇၀၄၅ ဦးနှင့်လေဆာပစ်ကု ၄၃၉ ဦးကို စစ်ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

MT


No comments:

Post a Comment