နေပြည်တော် ဇူလိုင် ၁၆
ဝေးလံခေါင်ဖျားဒေသများသို့ ဒီဂျစ်တယ်သင်ကြားရေး ပလက်ဖောင်းများ သို့မဟုတ် ဗီဒီယိုဖိုင်များဖြင့် သင်ကြားနိုင်သည်အထိ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင်
ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့်
အခြေခံပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ ပညာသင်ယူမှုအခွင့်အလမ်း မြှင့်တင်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲတွင်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အခြေခံပညာကဏ္ဍသည်
အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်ပြီး အခြေခံပညာခိုင်မြဲမှသာလျှင် အဆင့်မြင့်ပညာကဏ္ဍတွင်လည်း
အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သင်ကြားရေးပိုင်းသာမက စီမံအုပ်ချုပ်မှုနှင့်
ဘဏ္ဍာရေးဆိုင်ရာ တွက်ချက်မှုများသည်လည်း အင်မတန်အရေးကြီးကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည်
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP 2021-2030) ၏ ရည်မှန်းချက်များနှင့် ကိုက်ညီအောင်မြင်စေရန်အတွက်
အရေးကြီးသောကိစ္စရပ်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်က အလုပ်ရုံဆွေးနွေးပွဲ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး
အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ပညာ) က ဆွေးနွေးမည့်အကြောင်းအရာ သုံးခုကို
မိတ်ဆက်ပြောကြားကာ တက်ရောက်လာကြသူများက ပညာအရည်အသွေးမြင့်မားစွာဖြင့် အနည်းဆုံး KG+9
ပညာရေးပြီးမြောက်ပြီး တန်းစဉ်ကူးပြောင်းမှု တိုးတက်ရေး၊ ကျောင်းစီမံခန့်ခွဲမှု အားကောင်းစေရေးနှင့်
ကျောင်းပတ်ဝန်းကျင်ကောင်းများ ဖော်ဆောင်ပေးနိုင်ရေး၊ ခိုင်လုံကိုးစားမှုရှိသော အခြေခံပညာကျောင်းအချက်အလက်များအရ ဘဏ္ဍာရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ
အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ခေါင်းစဉ်များဖြင့် အုပ်စု သုံးစုခွဲ၍ Parallel
Session များဖြင့် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊
ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်/
ခရိုင်ပညာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment