Wednesday, July 15, 2026

ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဖလမ်းမြို့ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်ပညာသင်ကြားနေမှုနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု


နေပြည်တော် ဇူလိုင် ၁၄

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ယမန်နေ့က ဖလမ်းမြို့ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်ပညာသင်ကြားနေမှုနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုသည်။

ဦးစွာ ဖလမ်းမြို့ အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအား မျက်စိစမ်းသပ်ခြင်း၊ သွားနှင့်ခံတွင်း စမ်းသပ်ခြင်း၊ တစ်ကိုယ်ရေကျန်းမာရေး စစ်ဆေးခြင်း ဆောင်ရွက်ပေးနေမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြား နေမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့သည်။

ထို့နောက် ဖလမ်းမြို့ အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်း၌ မြို့မိမြို့ဖများ၊ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုနှင့် ကျောင်းအတွင်း လှည့်လည်ကြည့်ရှုကာ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ထောက်ပံ့ကြေးများပေးအပ်သည်။

ဖလမ်းမြို့နယ်၌ အခြေခံပညာကျောင်း ၁၁၃ ကျောင်း ဖွင့်လှစ်နိုင်ပြီး သင်ကြားရေးဆရာ ဆရာမ ၂၈၄ ဦးဖြင့် အခြေခံပညာကျောင်းသား ကျောင်းသူ ၃၄၄၀ ကို ပညာသင်ကြားပေးလျက်ရှိကာ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့များ၌ အခြေခံပညာကျောင်းပေါင်း ၂၈၂ ကျောင်းဖွင့်လှစ်ပြီးသင်ကြားရေးဆရာ ဆရာမ ၁၂၄၇ ဦးဖြင့် အခြေခံပညာ ကျောင်းသား ကျောင်းသူ ၂၀၃၁၄ ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment