Friday, July 24, 2026

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များအား ကြည့်ရှုစစ်ဆေး

 

ရန်ကုန် ဇူလိုင် ၂၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။






 
 
 
 
 
 
 
 
 
 
 
 
 
ဦးစွာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးနှင့်အဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးနှင့် အပန်းဖြေအနားယူနိုင်ရေးအတွက် Recreation Centre ဆောက်လုပ်နေမှုအခြေအနေများနှင့် တက္ကသိုလ်ပတ်လမ်းတည်ဆောက်ရန်လျာထားသည့်မြေနေရာတို့ကို လိုက်လံရှင်းလင်းပြသကြရာ ဒုတိယသမ္မတက သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးကြီးကြပ် ဆောင်ရွက်ရန်၊ တက္ကသိုလ်၏ ပညာသင်ကြားရေးနှင့်အတူ ကျောင်းသား ကျောင်းသူများ၏ ကိုယ်ကာယကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူပြုနိုင်မည့် နေရာကောင်းတစ်ခုဖြစ်စေရေးဆောင်ရွက်ရန်၊ စင်တာအတွင်းအားကစားနှင့် အပန်းဖြေမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လိုအပ်ချက်နှင့်အညီ စနစ်တကျထည့်သွင်း စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ဒဂုံတက္ကသိုလ်သို့ ရောက်ရှိကြပြီး တာဝန်ရှိသူများက ပတ္တမြားအဝိုင်းနှင့် ဘောလုံးကွင်း ပြန်လည်မွမ်းမံတည်ဆောက်နေမှု၊ ကျောင်းဝင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများဖြင့်ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသရာ ဒုတိယသမ္မတက တက္ကသိုလ်၏အင်္ဂါရပ်များနှင့်အညီ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်ရန်၊ ဘောလုံးကွင်းတည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာဆောင်ရွက်ရန်၊ ကျောင်းသား ကျောင်းသူများ အားကစားလှုပ်ရှားမှုများတွင် လွတ်လပ်စွာပါဝင်ဆောင်ရွက်နိုင်ပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်မှု တိုးတက်လာစေရေးအတွက် အားကစားကွင်းများကို စနစ်တကျထိန်းသိမ်း အသုံးပြုနိုင်ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့ ရောက်ရှိကြပြီး တာဝန်ရှိသူများက ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဘွဲ့နှင်းသဘင်ခန်းမတည်ဆောက်ရန်လျာထားသည့် မြေနေရာတို့ကို လိုက်လံရှင်းလင်းပြသရာ ဒုတိယသမ္မတက ကျောင်းပတ်လမ်းတိုးချဲ့ဆောင်ရွက်သွားနိုင်ရေးနှင့် ခြံစည်းရိုးကာရံနိုင်ရေးဆောင်ရွက်ရန်မှာကြားပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

No comments:

Post a Comment