Friday, July 17, 2026

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တရုတ်ကွန်မြူနစ်ပါတီ၏ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီအတွင်းရေးမှူး မစ္စတာဝမ်ကျွန်းကျန်း ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

 


ညင်ချီ ဇူလိုင် ၁၆

ပဉ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ညင်ချီ (ခ) လင်ကျစ်မြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် တရုတ်ကွန်မြူနစ်ပါတီ၏ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီအတွင်းရေးမှူး မစ္စတာဝမ်ကျွန်းကျန်း ဦးဆောင်သောအဖွဲ့အား ယနေ့ညနေပိုင်းတွင် အဆိုပါမြို့ရှိ Nyingchi Rui Crown Hotel ၌ လက်ခံတွေ့ဆုံသည်။



တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြား ယဉ်ကျေးမှု၊ ကုန်သွယ်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ ဗုဒ္ဓဘာသာစာပေ၊ သမိုင်းဝင်အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာများတွင် အပြန်အလှန်ဖလှယ်မှုများဖြင့် ခရီးစဉ်များဖော်ဆောင်၍ ခရီးသွားကဏ္ဍ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့တွင် နည်းပညာများ ဖြန့်ဝေပေးနိုင်ရေး၊ တိုင်းရင်းဆေးနှင့် MSME ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တာဝန်ရှိသူများတက်ရောက်

တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ ဒေါက်တာသောင်းနိုင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပါတီအတွင်းရေးမှူးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကြိုဆိုဂုဏ်ပြုညစာစားပွဲတက်ရောက်

ညပိုင်းတွင် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ဖိုရမ်သို့ တက်ရောက်လာကြသည့် နိုင်ငံများမှ အကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့်အတူ ပဉ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။

သတင်းစဉ်

No comments:

Post a Comment