နေပြည်တော် ဇူလိုင် ၁၆
သူနာပြုသိပ္ပံ (နေပြည်တော်) နှင့် တိုင်းဒေသကြီး နှင့်ပြည်နယ် ၁၄ ခုရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သူနာပြုသိပ္ပံ (နေပြည်တော်) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
အခမ်းအနားသို့
ဒုတိယသမ္မတ ဦးညိုစော၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊
နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ပါမောက္ခချုပ်များ၊ သူနာပြုအုပ်များ၊ သူနာပြုသိပ္ပံမှ သင်ကြားရေး ဆရာ ဆရာမများ၊ နေပြည်တော်
ခုတင်(၁၀၀၀) သူနာပြုဆေးရုံမှ သူနာပြုများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ သူနာပြုသိပ္ပံများမှ
ပါမောက္ခချုပ်များ၊ သူနာပြုအုပ်များ၊ သင်ကြားရေး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက
Video conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်က သူနာပြုသိပ္ပံ (နေပြည်တော်)သို့ ရောက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက်အခမ်းအနားကို
ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတက သူနာပြုသိပ္ပံ (နေပြည်တော်)နှင့် တိုင်းဒေသကြီးနှင့်
ပြည်နယ် ၁၄ ခုမှ သူနာပြုသိပ္ပံများကို ကရုဏာအလင်း သူနာပြုဆီမီးဖြင့် စက်ခလုတ်နှိပ်၍
တစ်ပြိုင်တည်းဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်
အခမ်းအနားတက်ရောက်လာကြသူများသည် သူနာပြုသိပ္ပံများဖွင့်ပွဲအထိမ်းအမှတ် သူနာပြုသိပ္ပံ
(နေပြည်တော်)မှ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ၏ “သူနာပြုအားမာန်သူနာပြုသိပ္ပံ”
တေးသီချင်းဖြင့် သီဆိုသရုပ်ဖော်တင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက
အဖွင့်အမှာစကားပြောကြားရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုတည်ဆောက်ရာတွင်
နိုင်ငံသားအားလုံး ပညာရည်မြင့်မားပြီး ကျန်းမာကြံ့ခိုင်ရေးသည် ပဓာနကျကြောင်း၊ ထို့ကြောင့်လည်း
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်မှုလုပ်ငန်းများအတွက်
မူဝါဒများချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်
ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်ရန်နှင့်
မြို့ပြနှင့်ကျေးလက်ပါမကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု
(Universal Health Coverage) ပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း။
“လူ့အသက်ထက် အရေးကြီးတာ
ဘာမှမရှိ” ဟူသည့် ခံယူချက်ဖြင့် မိမိတို့တာဝန်ယူခဲ့သည့် ကာလတစ်လျှောက်လုံး ကျန်းမာရေးကဏ္ဍ
အဆင့်မြှင့်တင်မှုကို ဘက်ပေါင်းစုံက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သကဲ့သို့ ယခုအစိုးရသစ်ကာလတွင်လည်း
ဆက်လက်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထူးချွန်ထက်မြက်ပြီး အသိပညာ၊ အတတ်ပညာ
ပြည့်ဝကြသော်လည်း ကျန်းမာရေးမကောင်းပါက ပေးအပ်လာသည့်တာဝန်များနှင့် အကျိုးပြုလုပ်ငန်းများကို
ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ပြည်သူအားလုံး၏ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ရေးကို
အလေးထားဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့်
ကျန်းမာရေး အဆင့်မြှင့်တင်ရေးအတွက် ပြည်သူလူထုအားလုံး လက်လှမ်းမီနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရေးအတွက်
ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ လုံလောက်အောင် တိုးမြှင့်လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်
လိုအပ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံတော်အတွက် လိုအပ်နေသည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို
လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြားပေးနေသည့် ဆေးတက္ကသိုလ်
ငါးခုနှင့် ၂၀၂၃ ခုနှစ်တွင် Naypyitaw State Academy ၌ ဆေးပညာ မဟာဌာနကြီး (Faculty
of Medicine) ကို ထည့်သွင်းဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် ယခုဆိုပါက ဆေးတက္ကသိုလ် ခြောက်ခုနှင့်
ဆေးပညာနှီးနွှယ် တက္ကသိုလ် ၁၁ ခု စုစုပေါင်းတက္ကသိုလ် ၁၇ ခု ရှိလာပြီဖြစ်ကြောင်း။
ကျန်းမာရေးစောင့်ရှောက်မှု၏
အရေးကြီးသည့်အခန်းကဏ္ဍတွင် တာဝန်ထမ်းဆောင်နေကြသည့် သူနာပြု၊ သားဖွားများ မွေးထုတ်ပေးနေသည့်
သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများအနက် ၁၅ ကျောင်းကို ယနေ့တွင် သူနာပြုသိပ္ပံများအဖြစ်
အဆင့်မြှင့်တင် တိုးချဲ့ဖွင့်လှစ်ပေးခြင်းပင်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် နေပြည်တော်နှင့်
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သူနာပြုသိပ္ပံများသည် နိုင်ငံတော်၏ ကျန်းမာရေးစနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက
အရည်အချင်းပြည့်ဝပြီး လူသားချင်းစာနာစိတ်အပြည့်ရှိသည့် သူနာပြုများ၊ သားဖွားပညာရှင်များ
မွေးထုတ်ပေးနိုင်သည့် နိုင်ငံတော်၏ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတွင်
အရေးပါသည့် ကျန်းမာရေးပညာဗဟိုဌာနများဖြစ်လာပြီဟု ဆိုရမည်ဖြစ်ကြောင်း။
လူတိုင်းလက်လှမ်းမီသည့်
ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အဓိကကျသည့် သူနာပြုနှင့် သားဖွားစွမ်းအားစုများကို
မွေးထုတ်ပေးလျက်ရှိရာ ၁၉၆၂ ခုနှစ်မှ ယနေ့ထိ သူနာပြု-သားဖွား ဒီပလိုမာရရှိသူ ၄၅၂၄၅ ဦး၊
သားဖွား ၄၂၅၂၄ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများအဖြစ် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုတာဝန်များကို
ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်ကြောင်း။
ထို့အပြင် ပြည်သူတိုင်း
ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီ အလွယ်တကူရရှိစေရန် ရည်ရွယ်ပြီး ယခု ၂၀၂၆ ခုနှစ်
ပညာသင်နှစ်၌ သူနာပြုသိပ္ပံနှင့် သူနာပြုသင်တန်းကျောင်းများတွင် သူနာပြု-သားဖွားဒီပလိုမာ
သုံးနှစ်သင်တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၉၄၆ ဦးနှင့် သားဖွားသင်တန်း ကျောင်းများတွင်
ဘက်စုံသားဖွားဒီပလိုမာနှစ်နှစ်သင်တန်း ကျောင်းသူ စုစုပေါင်း ၁၀၃၅ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊
နှစ်စဉ် သူနာပြုနှင့်သားဖွားများ တိုးမြှင့်မွေးထုတ်ပေးလျက်ရှိပြီး ယခု ၂၀၂၇ ခုနှစ်
ပညာသင်နှစ်တွင် သူနာပြုသိပ္ပံများ အဆင့်မြှင့်တင်မှုနှင့်အတူ သူနာပြု - သားဖွား ဒီပလိုမာ
သုံးနှစ် သင်တန်းအတွက် သစ်လွင်သင်တန်းသား သင်တန်းသူ ၂၉၀၀ နှင့် ဘက်စုံသားဖွား ဒီပလိုမာနှစ်နှစ်သင်တန်းအတွက်
သင်တန်းသူ ၁၄၀၀ ထိ တိုးမြှင့်ခေါ်ယူ လေ့ကျင့်ပျိုးထောင်ပေးမည်ဖြစ်ကြောင်း။
အရေအတွက်တိုးမြှင့်မွေးထုတ်ရုံသာမက
အရည်အသွေးပိုင်းတွင်လည်း မြန်မာနိုင်ငံ၏ သူနာပြုနှင့် သားဖွားပညာရေးကို အရှေ့တောင်အာရှနိုင်ငံများနှင့်
ရင်ပေါင်တန်းနိုင်သည့် အရည်အသွေးပြည့်ဝသည့် သူနာပြုနှင့်သားဖွားများ မွေးထုတ်ပေးနိုင်ရန်
ရည်မှန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ ရေးဆွဲထားသည့်ရလဒ်
အခြေပြုသင်ရိုးညွှန်းတမ်းများနှင့် လေ့ကျင့်သင်ကြားမွေးထုတ်ပေးလျက်ရှိပြီး အမျိုးသားပညာရေးအဆင့်
မူဘောင်အရ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများသာ တက်ရောက်ရသည့် အဆင့်မြင့်ဒီပလိုမာသင်တန်းများဖြစ်ကြောင်း၊
ထို့အပြင် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ၏ နိုင်ငံတကာသတ်မှတ်စံနှုန်း ရှစ်ခုပါဝင်သည့်
သူနာပြုနှင့်သားဖွားပညာရေးနှင့် လုပ်ငန်းအရည်အသွေး အာမခံမှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းလည်းဖြစ်ကြောင်း၊
ထို့အပြင် ပြည်တွင်း၊ ပြည်ပ တက္ကသိုလ်များတွင် သူနာပြုပါရဂူဘွဲ့အဆင့်ထိ အဆင့်ဆင့်တက်လှမ်းသင်ယူနိုင်သည့်
အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်သောကြောင့် သူနာပြုပညာရေး ဖွံ့ဖြိုးတိုးတက်လာရေးအတွက်
သူနာပြုသင်တန်းကျောင်းများကို ယခုကဲ့သို့ သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း။
ထို့အပြင် တစ်နိုင်ငံလုံးတစ်ပြေးညီ
ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်၏ မူဝါဒနှင့်အညီ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့်
တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင်ရှိသည့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၁၅ ကျောင်းကိုလည်း
သူနာပြုသိပ္ပံများအဖြစ် ထိုက်တန်သည့် အဆင့်အတန်းကို အသိအမှတ်ပြု ဖွင့်လှစ်ပေးခြင်းလည်းဖြစ်ပါကြောင်း၊
ထိုသို့ မြှင့်တင်ပေးလိုက်ခြင်းအားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်ဒေသအလိုက် ကျန်းမာရေး
လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များကို ပိုမိုဖြည့်စွမ်းပေးနိုင်မည်လည်းဖြစ်ကြောင်း၊
ကျန်ရှိနေသည့် သူနာပြုနှင့်သားဖွား၊ နှီးနွှယ်သင်တန်းကျောင်း ၂၇ ကျောင်းကိုလည်း မိမိတို့အစိုးရအဖွဲ့သစ်
ရက် (၁၀၀) အတွင်း၌ပင် ဦးစားပေးအနေဖြင့် ဖွဲ့စည်းပုံတိုးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊
ယင်းသည်လည်း ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်းဖြစ်သကဲ့သို့ သူနာပြုနှင့်သားဖွားများကို
အလေးထားဂုဏ်ပြုခြင်းဖြစ်ကြောင်းကို ပြောကြားလိုကြောင်း၊ နိုင်ငံ၏ အနာဂတ်ကျန်းမာရေး
လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြသည့် သူနာပြုနှင့်သားဖွားများ ပေါ်ထွက်လာစေရေး အခြေခံကောင်းကောင်းနှင့်
စနစ်တကျလေ့ကျင့် ပျိုးထောင်ပေးရန်နှင့် အမှန်တကယ်ပညာရည်ပြည့်ဝ၊ ထူးချွန်သည့်သူနာပြုနှင့်
သားဖွားများဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးကြရန် အလေးအနက်ထားမှာကြားလိုကြောင်း။
နှစ်စဉ်ထိုက်ထိုက်တန်တန်
ချီးမြှင့်ပေး
နိုင်ငံတွင် ကပ်ရောဂါ၊
သဘာဝဘေးအန္တရာယ်များနှင့် အရေးကြုံလာတိုင်း သူနာပြုနှင့်သားဖွားများသည် ရှေ့တန်းတိုက်စစ်မှူးများအနေဖြင့်
မိမိတို့၏လုံခြုံရေးနှင့် အခက်အခဲများကို ပဓာနမထားဘဲ ပြည်သူလူထု၏ အသက်နှင့်ကျန်းမာရေးကို
ကာကွယ်စောင့်ရှောက်ပေးခဲ့သည့် စွမ်းစွမ်းတမံ စွန့်လွှတ်စွန့်စား စွမ်းဆောင်ရည်များကိုလည်း
လေးစားဂုဏ်ယူပါကြောင်း၊ နိုင်ငံတကာအသိအမှတ်ပြု ဖလောရင့်နိုက်တင်ဂေးလ်ဆု ရရှိထားကြသည့်
မြန်မာနိုင်ငံမှ သူနာပြုနှင့်သားဖွား လေးဦးကို ၂၀၂၃ ခုနှစ်တွင် ဝဏ္ဏကျော်ထင်ဘွဲ့နှင့်
မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌကို ၂၀၂၅ ခုနှစ်တွင် သိပ္ပကျော်စွာဘွဲ့ချီးမြှင့်ပေးခဲ့ကြောင်း၊
ဂုဏ်ပြုထိုက်သည့် သူနာပြုနှင့် သားဖွားများအား စွမ်းဆောင်မှုဆိုင်ရာအလိုက် နိုင်ငံတော်အဆင့်
ဂုဏ်ထူးဆောင်တံဆိပ်များကို နှစ်စဉ်ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးလျက်ရှိကြောင်း။
ထို့အပြင် နိုင်ငံ့ဝန်ထမ်းသူနာပြုများ
ထမ်းဆောင်ရသည့်တာဝန်များနှင့် တိုးတက်လာသည့် သူနာပြုပညာရေးအပေါ် မူတည်ပြီး ၂၀၂၆-၂၀၂၇
ဘဏ္ဍာနှစ်မှစ၍ အခြားသော ကျွမ်းကျင်ပညာရှင် နိုင်ငံ့ဝန်ထမ်းများနှင့် တန်းတူအသိအမှတ်ပြုချီးမြှင့်ပေးခြင်း၊
ရာထူးအဆင့်အလိုက် လစာတိုးမြှင့်ပေးခြင်း၊ ထပ်ဆောင်းချီးမြှင့်ငွေပေးအပ်ခြင်းတို့ကို
ချီးမြှင့်ပေးထားကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်နေသည့် “ကျန်းမာရေးစွမ်းအားစု အဆောက်အဦ” တောင့်တင်းခိုင်မာအောင် အုတ်မြစ်ချ ဆောင်ရွက်ပေးနေသည့်
ကျန်းမာရေးဝန်ကြီးဌာနကိုလည်း အသိအမှတ်ပြုကြောင်းကို ပြောကြားလိုပါကြောင်း။
ယခုကဲ့သို့ အဆင့်မြှင့်တင်ပေးလိုက်သည့်
သူနာပြုသိပ္ပံနှင့် သင်တန်းကျောင်းများအားလုံးတွင် ကျောင်းစာသင်ခန်းများကို လိုအပ်ချက်နှင့်အညီ
တိုးချဲ့ခြင်း၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ ကျွမ်းကျင်မှုဆိုင်ရာ ပုံစံတူလက်တွေ့သင်ကြားရေးခန်းတို့ကို
စနစ်တကျအသုံးပြုခြင်းနှင့် သင်ကြားလေ့ကျင့်သွားကြရမည်ဖြစ်ကြောင်း၊ သင်ရိုးညွှန်းတမ်းများကိုလည်း
ခေတ်နှင့်လျော်ညီအောင် စဉ်ဆက်မပြတ် ဆန်းစစ်မွမ်းမံပြင်ဆင်ခြင်း၊ သင်ကြားရေး ဆရာ ဆရာမများ
ပြည့်စုံအောင် ခန့်အပ်ဖြည့်တင်းပေးခြင်း၊ ခေတ်မီသင်ကြားရေးနည်းလမ်းများ အသုံးပြုပြီး
ကျောင်းသားများ၏ ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်စွမ်း (Critical thinking)၊ လက်တွေ့ကျွမ်းကျင်မှု
(Clinical competency) နှင့် ပညာရှင်ပီသမှု (Professionalism) တို့ ပိုမိုကောင်းမွန်လာစေရေး
ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်ကြားရေး ဆရာ ဆရာမများနှင့် သင်ကြားမှု
အရည်အသွေးပြည့်ဝနေစေရေး စွမ်းရည်မြှင့်တင်ပေးရန်လည်းလိုကြောင်း၊ အနာဂတ်ကျန်းမာရေးစနစ်သည်
နည်းပညာအခြေပြုစနစ်တစ်ခုအဖြစ် ပြောင်းလဲလာနေပြီဖြစ်သည့်အတွက် ကျောင်းသား ကျောင်းသူများအနေဖြင့်
သုတေသနစွမ်းရည်၊ ဒီဂျစ်တယ်နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာ အသုံးပြုနိုင်မှုနှင့် အင်္ဂလိပ်ဘာသာစကား
ကျွမ်းကျင်မှုတို့ကိုလည်း တိုးတက်အောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း၊ အလားတူ
ကျောင်း၏ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးကိုလည်း ကျောင်းနှင့် သက်ဆိုင်သည့်သူများအားလုံး
ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း၊ Keep Your Campus Clean ဆိုသည့်စကားနှင့်အညီ အမြင်တင့်တယ်ခြင်းဖြင့်
ကျောင်း၏ဂုဏ်ကို တစ်ဖက်ကလည်း မြှင့်တင်ပေးရန် တိုက်တွန်းလိုကြောင်း။
အထူးမှာကြားလိုသည်မှာ
သင်တန်းသား သင်တန်းသူများအနေဖြင့် သူနာပြုစုမှုနှင့် သားဖွားပညာရပ်များကို မိမိတို့ကိုယ်တိုင်
အမြဲတမ်းလေ့လာသင်ယူနေရန် လိုအပ်သကဲ့သို့ ပြင်ပဗဟုသုတနှင့် အသိဉာဏ်ပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေမည့်
စာကောင်းပေမွန်များကိုလည်း စဉ်ဆက်မပြတ် လေ့လာဖတ်ရှုသွားကြရမည်ဖြစ်ကြောင်း၊ ထို့အပြင်
သူနာပြုများ၏ လူသားဆန်မှု၊ မေတ္တာထားပြီး ပြုစုယုယမှုနှင့် သနားကြင်နာမှုစသည်တို့သည်
အခြားရုပ်ဝတ္ထုများ၊ စက်ပစ္စည်းများနှင့် အစားထိုးမရနိုင်သည့် “အနုပညာဆန်သော သူနာပြုစုမှုပညာရပ်”
(The Art of Nursing) ဖြစ်သည်ကို မမေ့ကြရန်နှင့် ဂုဏ်ယူစိတ်နှင့် လေးစားတန်ဖိုးထားကြရန်
လေးလေးနက်နက်မှာကြားလိုကြောင်း။
ကျန်းမာရေးကဏ္ဍမှ
အစဉ်တစိုက်ကြိုးပမ်း
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ကျန်းမာရေးဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရာတွင်
ပြည်သူလူထု လက်လှမ်းမီရယူနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို ပေးနေသည့် “သူနာပြု”နှင့်
“သားဖွား” များအနေဖြင့် မိမိတို့၏ ဂုဏ်သိက္ခာ၊ ကျင့်ဝတ်များနှင့်အညီ တာဝန်ဝတ္တရားများကို
ကျေပွန်အောင် ထမ်းဆောင်သွားကြရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များဖြစ်သည့်
လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးတို့ကို
စိတ်ကောင်းစေတနာနှင့် ဆောင်ရွက်ပေးသွားကြရန်၊ နိုင်ငံတကာအသိုက်အဝန်းတွင် ခေတ်မီဖွံ့ဖြိုး
တိုးတက်သည့် နိုင်ငံအဖြစ် ခံ့ညားထည်ဝါစွာ ရပ်တည်နိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍမှ အစဉ်တစိုက်
ကြိုးပမ်းသွားကြရန်နှင့် မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်များနှင့် စည်းလုံးညီညွတ်ပြီး
အနာဂတ်နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝသည့်၊
ထူးချွန်ထက်မြက်သည့် သူနာပြုနှင့် သားဖွားများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးကြပါရန်
မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်
အခမ်းအနားတက်ရောက်လာကြသူများသည် သူနာပြုသိပ္ပံများ ဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို
ကြည့်ရှုကြသည်။
ထို့နောက် သူနာပြုသိပ္ပံ
(နေပြည်တော်) မှ သင်တန်းသူများက “ကရုဏာအလင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြပြီး
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကျေးဇူးတင်စကားပြောကြား၍
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ သူနာပြုသိပ္ပံ (နေပြည်တော်) ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား
နေရာအရောက် ဂါရဝပြုပေးအပ်သည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်
အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတ ဦးညိုစောနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး
ရဲဝင်းဦးတို့က သူနာပြုသိပ္ပံ (နေပြည်တော်) သင်ကြားရေးဆောင်ရှိ သူနာပြုသိပ္ပံ (နေပြည်တော်)
ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်
အခမ်းအနားတက်ရောက်လာကြသူများသည် သူနာပြုသိပ္ပံ (နေပြည်တော်) သင်ကြားရေးဆောင်ရှိ စာကြည့်တိုက်၊
ကွန်ပျူတာခန်း၊ စာသင်ခန်း၊ အဖွဲ့ငယ်ဆွေးနွေးခန်းနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပုံစံတူလက်တွေ့သင်ကြားရေးခန်းများအတွင်း
စာတွေ့၊ လက်တွေ့သင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက လိုအပ်သည်များ
လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်





No comments:
Post a Comment