Friday, July 10, 2026

ဝါအထွက်နှုန်းတိုးတက်ဖို့ ဖြုတ်စိမ်းပိုးကို ဂရုပြုစို့


ဒေါက်တာ ခင်ခင်ကြီး

ကမ္ဘာပေါ်ရှိ ဝါစိုက်ပျိုးသောနိုင်ငံအများစု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ဝါစိုက်ပျိုးထုတ်လုပ်မှုအပေါ်တွင် များစွာမူတည်နေသည်။ ဝါထွက်ကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ဝါသီးနှံတွင် ပိုးမွှားများမြောက်မြားစွာ ကျရောက်ခြင်းကြောင့်ဖြစ်သည်။

ဝါပင်သည် စတင်စိုက်ပျိုးချိန်မှ ကောက်သိမ်းချိန်အထိ အင်းဆက်ပိုးမျိုးစိတ်ပေါင်း ၁၃၀၀ ကျော် ခန့်က ဖျက်ဆီးနိုင်သည်ဟု မှတ်တမ်းများအရ သိရှိရသည်၊၊ ဝါပင်၏ ပြင်ပပုံသဏ္ဌာန်နှင့် အပင်ဇီဝ ဆိုင်ရာ တည်ဆောက်ထားမှုပုံသဏ္ဌာန် ထူးခြားချက်များက အခြားသီးနှံများထက် ပိုးကျရောက် ဖျက်ဆီးမှုပိုမိုများပြားစေရန် ဖန်တီးထားသကဲ့သို့ ဝါပင်ပေါ်ရှိ သီးပွင့်အင်္ဂါများသည် တစ်ချိန်တည်း၊ တစ်ပြိုင်တည်းဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာသဖြင့် ပိုးမွှားများအတွက် အစာအာဟာရများကို မပြတ်ထောက်ပံ့ပေးသကဲ့သို့ ဖြစ်နေသည်၊၊

ဝါသီးလုံး၊ ဝါပွင့်နှင့်ဝါပိမ့်များသည် သီးလုံးဖောက်ပိုးလောက်ကောင်များအတွက် အစာကောင်းများဖြစ်သည့်အပြင် ရာသီဥတုဒဏ်၊ ရန်သူပိုးများနှင့် ပိုးသတ်ဆေးအန္တရာယ်တို့ကို ကောင်းစွာအကာအကွယ်ပေးနိုင်သည်၊၊ ဝါရွက်ပေါ်ရှိ အချိုရည်နှင့် ရွက်ညွန့်များသည် စုပ်စားပိုးများကို ဆွဲဆောင်နေသည့်အပြင် ပိုးများပေါက်ပွားကြီးပြင်းရန် အခြေအနေကောင်းများကို ဖန်တီးထားသည်၊၊

ဝါပင်တွင် အဓိကကျရောက်သည့်ပိုးများကို ယင်းတို့၏ ဖျက်ဆီးမှုပုံစံအပေါ်မူတည်၍ စုပ်စားပိုး၊ သီးလုံးဖောက်ပိုး၊ အရွက်စားပိုး၊ ပင်စည်ထိုးပိုးဟူ၍ ခွဲခြားထားသည်။ စုပ်စားပိုးများအနက် ရာသီ အစောပိုင်းတွင် ကျရောက်သောပိုးအဖြစ် သိရှိထားကြသော ဖြုတ်စိမ်းပိုးမှာ လက်ရှိအချိန်တွင် ဝါသီးနှံသက်တမ်းကာလ တစ်လျှောက်လုံးတွင် အဓိကပိုးအဖြစ် ဖြစ်တည်လာကြောင်း တွေ့ရသည်။

ဖြုတ်စိမ်းပိုးကြောင့် ဝါထွက်ဆုံးရှုံးသည့် ပမာဏအနေဖြင့် အိန္ဒိယ၊ ပါကစ္စတန်ကဲ့သို့ ယခင် ကတည်းက အဓိကဝါဖျက်ပိုးအဖြစ် တည်ရှိလာသည့် နိုင်ငံများတွင် ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင် နှုန်းအထိဖြစ်ပြီး လုံးဝကာကွယ်နှိမ်နင်းခြင်းမပြုပါက ဝါထွက်နှုန်းကို ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းစေကြောင်းနှင့် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသတွင် ၂၀၂၅ ခုနှစ် စာရင်းအရ ၄၀ ရာခိုင်နှုန်းမှ ၄၆ ရာခိုင်နှုန်းအထိ အထွက်ကျဆင်းကြောင်း မှတ်တမ်းများအရ သိရှိရသည်၊၊ ထိုကဲ့သို့ စီးပွားရေးအရ ထိခိုက်ပျက်စီးစေနိုင်သည့် ဖြုတ်စိမ်းပိုး၏သဘောသဘာဝကို ဝါစိုက်တောင်သူများသိရှိပြီး လိုအပ်သောကာကွယ်နှိမ်နင်းမှုများ ပြုလုပ်နိုင်မှသာ မျှော်မှန်းထားသော ဝါထွက်နှုန်းကို ရရှိစေမည်ဖြစ်သည်၊၊

ဖြုတ်စိမ်းပိုးလက်ခံပင်များနှင့် ပျံ့နှံ့ပုံ

ဝါဖြုတ်စိမ်းပိုး (Amrasca biguttula) သည် Order- Hemiptera တွင် ပါဝင်သည့် စုပ်စားပိုး ဖြစ်ပြီး အစုံစားအင်းဆက်မျိုးတွင် ပါဝင်သည်။ ဝါပင်၊ ရုံးပတီပင်နှင့် ခရမ်းပင်တို့တွင် အများအားဖြင့် ကျရောက်လေ့ရှိပြီး ပဲပုပ်၊ နေကြာ၊ ဖရဲ၊ အာလူး၊ မြေပဲ၊ ဂုန်လျှော်၊ ပဲတီစိမ်းနှင့် မတ်ပဲ အစရှိသည့် သီးနှံများတွင်လည်း ကျရောက်လေ့ရှိကြောင်း တွေ့ရသည်။ ဝါဖြုတ်စိမ်းပိုးကို မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လာအို၊ နီပေါ၊ ထိုင်းနိုင်ငံတို့အပြင် အာဖဂန်နစ္စတန်၊ ဂျပန်၊ အမေရိကန်တို့တွင် အများအပြား တွေ့ရလေ့ရှိသည်။

ဘဝစက်ဝန်းနှင့်ပုံသဏ္ဌာန်

ဝါဖြုတ်စိမ်းပိုးသည် ဥများကို အရွက်ကြောထဲတွင် ဥလေ့ရှိပြီး အမတစ်ကောင်သည် ပျမ်းမျှအားဖြင့် ၁၅ လုံးခန့် ဥတတ်ပြီး အများဆုံး ၂၉ လုံး အထိ ဥတတ်ကြောင်း သိရသည်။ ဖြုတ်စိမ်း အမသည်ဥများကို ရွက်နုလေးများ၊ ရွက်ညှာတံများ၊ ထိပ်ညွန့်များတွင် ဥလေ့ရှိသော်လည်း အဓိကအားဖြင့် အရွက်အောက်မျက်နှာပြင်ရှိ ရွက်ကြောများတွင် ဥဥလေ့ရှိသည်။

ဥလေးများသည် ဘဲဥပုံအဝါဖျော့ရောင်ဖြစ်ပြီး အလွန်သေးငယ်သည့်အတွက် သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ မှန်ဘီလူးနှင့်ကြည့်မှ မြင်‌တွေ့နိုင်သည်။ ဥအရွယ်အစားမှာ ပျမ်းမျှအားဖြင့် အလျား သုည ဒသမ ၆၆ မီလီမီတာဖြစ်ပြီး အနံအားဖြင့် သုည ဒသမ ၁၇ မီလီမီတာခန့်ရှိသည်။ ဥမှ အကောင် ပေါက်ချိန်သည် ပျမ်းမျှအားဖြင့် ခြောက်ရက်ကျော် ကြာနိုင်သည်။ ဥမှပေါက်စ ပိုးမမည်လေးသည် ကြည်လင်သော အဝါဖျော့ရောင်ရှိပြီး မျက်လုံးများသည် ဘဲဥပုံ နီညိုရောင်ဖြစ်သည်။ အောက်တွင် ဖော်ပြထားသည့်ပုံအတိုင်း ပိုးမမည်အဆင့် ငါးဆင့်ဖြတ်သန်းပြီး အကောင်ကြီးဘဝသို့ ရောက်ရှိသည်။ ပိုးမမည်ကောင်များသည် ပတ်ဝန်းကျင်အခြေအနေနှင့် အစားအသောက်ပေါ်မူတည်၍ သက်တမ်းခုနစ်ရက်မှ ၂၁ ရက်အကြာတွင် အရွယ်ရောက် အကောင်ကြီးများ ဖြစ်လာကြသည်။

ပိုးမမည် အကောင်ငယ်အဆင့်ဖြစ်သည့် ဒုတိယအဆင့်မှ စတုတ္ထအဆင့်တွင် စားသောက်ဖျက်ဆီးမှု အပြင်းထန်ဆုံးဖြစ်သည်။ ပိုးမမည်နှင့် အကောင်ကြီးမှာ ပုံသဏ္ဌာန်အားဖြင့် တူညီကြပြီး သပ်ပုံစံရှိကြသည်။ ယင်းတို့ကိုတို့၊ ထိ နှောင့်ယှက်ပါက ဘေးတိုက် ရွေ့လျားသွားလာလေ့ရှိသည်။ နေ့ဘက်တွင် ဝါရွက်အောက်မျက်နှာပြင်၌ နေထိုင်ကြပြီး ညအချိန်ကျမှ ဝါပင်ပေါ်တွင် သွားလာလှုပ်ရှား တတ်ကြသည်။ အစိမ်းရောင်ရှိသည့် အကောင်ကြီးသည် ရှေ့အတောင်အဖျားတွင် အနက်စက်နှစ်စက်ပါရှိသည်။ တစ်နှစ်တွင် သားဆက် ၁၁ ဆက်အထိ ပွားများနိုင်ပြီး သားဆက်တစ်ဆက်လျှင် ၁၅ ရက်မှ ၄၆ ရက်အထိ ကြာမြင့်ကြောင်း သုတေသနပြု လုပ်ချက်အရ တွေ့ရှိရသည်။

ဖျက်ဆီးမှုပုံစံနှင့် အလေ့အထ

ဖြုတ်စိမ်းပိုးမှာ စုပ်စားပိုး အမျိုးအစားဖြစ်၍ ပင်ရည်ကိုစုပ်ယူပြီး အစာစားချိန်တွင် အဆိပ် ရှိသည့်တံတွေးကို အပင်တစ်သျှူးအတွင်း ထိုးသွင်းလိုက်သည်။ အများအားဖြင့် အရွက်၏အောက် မျက်နှာပြင်တွင်နေလေ့ရှိပြီး စားသောက်ဖျက်ဆီးခံရသော အရွက်များသည် အစိမ်းရောင်မှ အဝါရောင်၊ နီညိုရောင်သို့ပြောင်းပြီး အရွက်အနားများ တွန့်လိမ်လာသည်။

တစ်ရှူးများသေ၍ ဖြုတ်လောင်ခြင်းလက္ခဏာ (hopper burn) ဖြစ်ခြင်းကြောင့် အစာချက်လုပ်မှုကို ထိခိုက်စေပြီး ဝါထွက်နှုန်းကို ထိခိုက်စေနိုင်ပါသည်။ အကောင်ကြီးနှင့် အကောင်ငယ်များ ဖျက်ဆီးမှုကြောင့် အရွက်အနားများအောက်သို့ ကုပ်၍ခြောက်သွေ့ခြင်း၊ ဝါပင်ကြီးထွားမှု ရပ်ဆိုင်းခြင်းနှင့် အသီးအပွင့်များ ကြွေကျခြင်းကို ဖြစ်ပေါ်စေပါသည်။ ဖြုတ်စိမ်းကြောင့် ဖြစ်ပေါ်သည့် အပင်၏ ထိခိုက်မှုလက္ခဏာကို အောက်ပါအတိုင်း အဆင့်လေးဆင့်ခွဲခြား သတ်မှတ်ထားပြီး အပင်၏ဖြုတ်စိမ်း ပိုးအပေါ် ခံနိုင်ရည်ရှိမှုအညွှန်းကိန်း (Leafhopper Resistant Index) ကို အဆင့်လေးဆင့်အပေါ် မူတည်၍ တွက်ချက်နိုင်ပါသည်-

အဆင့် (၁) ဝါရွက်များ ထိခိုက်ပျက်စီးခြင်း၊ တွန့်လိမ်ခြင်း၊ ကုပ်ခြင်းမရှိဘဲ အကောင်းပကတိ ပုံစံရှိနေခြင်း၊ အဆင့်(၂) အပင်အောက်ပိုင်းရှိ အရွက်များဝါပြီး အနားများတွန့်လိမ်၍ကုပ်နေခြင်း၊ အဆင့် (၃) အပင်အောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ဝါရွက်များ ခြောက်သွေ့တွန့်လိမ်၍ ကုပ်နေခြင်း၊ အဆင့်(၄) တစ်ပင်လုံးရှိ အရွက်များ ဝါခြောက်ပြီး နီညိုရောင် သံကြေးရောင်သို့ ပြောင်းပြီး တွန့်လိမ်၍ကုပ်ခြင်း၊ အပင်ကြီးထွားမှုရပ်တန့်ခြင်းတို့ဖြစ်သည်။

ဖော်ပြပါ အဆင့်လေးဆင့်အပေါ်မူတည်၍ ဝါမျိုးတစ်မျိုး၏ ဖြုတ်စိမ်းကျရောက်ခြင်းအတွက် ခံနိုင်ရည်ရှိမှု အညွှန်းကိန်းအပေါ်မူတည်၍ ၀ ဒသမ ၁ - ၁ ဒသမ ၀ အထိကို ခံနိုင်ရည်ရှိ၊ ၁ ဒသမ ၁ -၂ ဒသမ ၀ အထိကို အသင့်အတင့် ခံနိုင်ရည်ရှိ၊ ၂ ဒသမ ၁ - ၃ ဒသမ ၀ အထိကို ခံနိုင်ရည်မဲ့၊ ၃ ဒသမ ၁-၄ ဒသမ ၀ အထိကို အလွန်ခံနိုင်ရည်မဲ့ဟူ၍ ခွဲခြားထားပါသည်။

ပိုးသတ်ဆေးတစ်မျိုးတည်းကို ဆက်တိုက်အသုံးပြုခြင်းသည် ပိုးမွှားများအနေဖြင့် ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုအပြင် ကုန်ကျစရိတ်ကို များပြားစေသည်၊၊ လက်ရှိ အသုံးပြုနေသော ဘက်စုံပိုးမွှားကာကွယ်ရေးအစီအမံတွင် ပိုးတစ်မျိုးချင်းစီ၏ စီးပွားရေးကျော်လွန် စည်း (Economic threshold level) အပေါ်တွင် အခြေခံ၍ ပိုးသတ်ဆေးကို အသုံးပြုခြင်းပါဝင်သည်။

စီးပွားရေးကျော်လွန်စည်းဆိုတာဘာလဲ

သီးနှံစိုက်ခင်းအတွင်းရှိ ဖျက်ပိုးဦးရေသည် နေရာဒေသနှင့် အချိန်ပေါ်မူတည်ပြီး အမြဲပြောင်းလဲ လျက်ရှိသည်။ ယင်းဖျက်ပိုးဦးရေကို ကာကွယ်နှိမ်နင်းခြင်းမပြုပါက ပိုးဦးရေ တိုးတက်များပြား လာပြီး တစ်ချိန်ချိန်တွင် သီးနှံအထွက်နှုန်းကို စီးပွားရေးအရ ထိခိုက်စေနိုင်သောအဆင့်သို့ ရောက်ရှိနိုင်ပါသည်။ ယင်းဖျက်ပိုးအရေအတွက်ကို စီးပွားရေးကျော်လွန်စည်း (Economic Threshold Level-ETL) ဟု ခေါ်သည်။ ETL level ကို သတ်မှတ်ရာတွင် နိုင်ငံအလိုက် ကွဲပြားမှုရှိကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံတွင် ဖြုတ်စိမ်းပိုးအတွက် သတ်မှတ်ထားသော ETL level မှာ ဝါရွက်တစ်ရွက်တွင် ပျမ်းမျှဖြုတ်စိမ်းအ‌ကောင်ငယ် ၂-၄ ကောင်ကျပါက ပိုးသတ်ဆေးပက်ဖျန်းရမည်ဖြစ်သည်။

ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်းကို သုံးကြစို့

ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းရာတွင် ဓာတုဆေးတစ်မျိုးတည်းကိုသာ အသုံးပြုပါက ပိုးသတ် ဆေးကြောင့် မလိုလားအပ်သော ဆိုးကျိုးများ ရရှိနိုင်ကြောင်းကို ကမ္ဘာပေါ်ရှိ ဝါသီးနှံစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သောနိုင်ငံများတွင် ကြုံတွေ့ရသော သင်ခန်းစာများအရ သိရှိနိုင်သည်။ ထိုဆိုးကျိုးများကို ကျော်လွှားနိုင်ရန်နှင့် ဝါသီးနှံရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရန် ဖျက်ပိုးကာကွယ်နှိမ်နင်းရာတွင် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုနည်းပါးစေပြီး ထိရောက်သော ကာကွယ်နှိမ်နင်းနည်းများ တွဲဖက်ပေါင်းစပ်ထားသည့် ဘက်စုံပိုးမွှားကာကွယ်ရေးစနစ်ကို အသုံးပြုပြီး ပိုးမွှားကျရောက်မှုကို ကာကွယ်နှိမ်နင်းရမည်ဖြစ်သည်။ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်း များစွာရှိသည့်အနက် အောက်ပါနည်းများမှာ တောင်သူများအတွက် လက်လှမ်းမီ၍ ဖြစ်နိုင်ခြေ ရှိသောကြောင့် လက်တွေ့ အသုံးပြုသင့်လှပေသည်-

စိုက်ပျိုးနည်းစနစ်ပြုပြင်ပြောင်းလဲခြင်း

သင့်တော်သည့် သီးနှံပုံစံနှင့် သီးနှံအလှည့်ကျ ပြောင်းလဲစိုက်ပျိုးခြင်းက စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်း၏ အဓိကနည်းလမ်းတစ်ခုဖြစ်သည်။ စောစောစိုက်ခြင်း၊ ထယ်ရေးနက်နက် ထိုးခြင်းတို့သည် မြေထဲရှိဖျက်ပိုးများ၏ ရုပ်ဖုံးအိမ်များကို ဖျက်ဆီးရာရောက်သည့်အပြင် ယင်းတို့ ပုန်းခိုရာ လက်ခံပင်များကို ရှင်းလင်းပြီးသား ဖြစ်စေသည်။

ရိတ်သိမ်းပြီးကျန်ရှိသော အပင်အကြွင်းအကျန်များနှင့် ဝါရိုးငုတ်များကို ခုတ်ထွင်ရှင်းလင်း၍ မီးရှို့ ဖျက်ဆီးရန်လိုအပ်သည်။ ဝါသီးနှံကို လမိုင်းထားခြင်းသည် ဖျက်ပိုးများ ခိုအောင်းစားသောက်နေထိုင်ရန် လက်ခံပင်၏ သက်တမ်းကိုကြာရှည်စွာ တည်ရှိစေသဖြင့် မကျင့်သုံးသင့်သော နည်းစနစ်တခုဖြစ်သည်။

မြန်မြန်ရင့်မှည့်လွယ်သော သက်တမ်းတိုဝါများကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် ရာသီနှောင်းပိုင်းတွင် စားသောက်ဖျက်ဆီးတတ်သော အင်းဆက်ပိုးများ၏ရန်မှ ရှောင်ရှားပြီးဖြစ်စေသည်။ ဖျက်ပိုးများ၏ လက်ခံလွှဲပင်များရှိသော ဒေသများတွင် ဝါမစိုက် ပျိုးသင့်ပါ။ နိုက်ထရိုဂျင်ဓာတ်မြေသြဇာကို လွန်ကဲစွာသုံးစွဲခြင်းသည် အပင်ဟုန်မှုကို ဖြစ်ပေါ်စေပြီး ဖြုတ်စိမ်းနှင့် ယင်ဖြူကျရောက်မှုကို အားပေးရာ ရောက်စေသည်။

ရေသွင်းစိုက်ပျိုးသော ဒေသများတွင် တင်သွင်းသောရေကို စောစီးစွာ ဖြတ်တောက်ပေးခြင်းဖြင့် ပန်းရောင်သီးလုံးဖောက်ပိုး၊ ယင်ဖြူစသည့် ဖျက်ပိုးများကျရောက်မှုကိုသက်သာစေပြီး မြေကြီးအတွင်း ဆောင်းခိုလေ့ရှိသော ဖျက်ပိုးဦးရေကိုလည်း လျော့နည်းစေနိုင်သည်။

စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းရာတွင် အရေးပါသော နည်းစနစ်တစ်မျိုးမှာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း မည်သည့်သီးနှံမျှ စိုက်ပျိုးခြင်းမပြုဘဲ သီးနှံမဲ့ကာလတစ်ခု (Closed season) သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်သည်။ နိုင်ငံအချို့တွင် ဤကဲ့သို့ ရပ်နားချိန်ထားရှိရန် ဥပဒေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားရှိ ဆောင်ရွက်နေကြောင်း သိရှိရသည်။ စိုက်ပျိုးမည့်မြေအမျိုးအစားနှင့် ဝါမျိုး ပေါ်မူတည်၍ သင့်တော်မည့် စိုက်တန်းစိုက်ကျင်းကို ရွေးချယ်စိုက်ပျိုးသင့်သည်။

သီးလှည့်စိုက်ပျိုးခြင်း၊ သီးညှပ်စိုက်ပျိုးခြင်း၊ သီးနှံတစ်မျိုးနှင့် တစ်မျိုးသီးဆက်စိုက်ပျိုးခြင်းတို့ကို ဒေသ၊ ရာသီဥတု၊ သီးနှံအမျိုးအစားနှင့် ဖျက်ပိုးအမျိုးအစားပေါ်မူတည်၍ မိမိဒေသနှင့် ကိုက်ညီ မည့်စနစ်ကို ကျင့်သုံးဆောင်ရွက်ရမည်ဖြစ်သည်။

ခံနိုင်ရည်ရှိသော ဝါမျိုးများကို အသုံးပြုခြင်း

ခံနိုင်ရည်ရှိသောဝါမျိုးများကို အသုံးပြုခြင်းသည် ကုန်ကျစရိတ်သက်သာပြီး ပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်းစေသည့် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ကြောင်း မည်သူမျှမငြင်းနိုင်ပါ။ ခံနိုင်ရည်ရှိသောမျိုးများ၏ ထူးခြားချက်မှာ ၎င်းတို့၏ ပြင်ပလက္ခဏာများသာမက အပင်ထဲတွင် ပါဝင်သော ဓာတ်ပစ္စည်းများ၏ ပါဝင်မှုအနည်းအများသည် ပိုးမွှားများ၏ ကြိုက်နှစ်သက်မှု၊ မျိုးပွားမှု၊ အသက်ရှင်နိုင်မှု၊ ကြီးထွားမှုအစရှိသည်များကို ဟန့်တားနှောင့်ယှက်စေနိုင်သည်၊၊

ဖြုတ်စိမ်းပိုးသည် စုပ်စားပိုးအမျိုးအစား ဖြစ်သည့်အတွက် ဝါရွက်၏ ရွက်မွှေးပါဝင်မှု အနည်းအများ၊ ရွက်မွှေးအရှည်၊ ဖယောင်းပါဝင်မှု၊ အရွက်အထူအပါး၊ အရွက်အရောင်တို့အပြင် အပင်ဆဲလ်များ၏မာ‌ကြောမှု၊ ထူထဲမှု၊ အရွက်ထဲရှိ အစိုဓာတ် ပါဝင်မှု အနည်းအများ၊ အရွက်၏ဧရိယာ၊ အပင်အမြင့်၊ ဆစ်ကြားအရှည်၊ ရိုးတံအရှည် အစရှိသည်တို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

လက်‌တွေ့စမ်းသပ်ချက်များအရ ဖြုတ်စိမ်းပိုး၏ ကြိုက်နှစ်သက်မှု၊ မျိုးပွားမှု၊ အသက်ရှင်နိုင်မှုနှင့် ကြီးထွားမှုတို့သည် ရွက်မွှေးပါဝင်မှု အနည်းအများနှင့် များစွာဆက်စပ်မှုရှိကြောင်း တွေ့ရသည်။ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲမှ ဖြန့်ဖြူးပေးလျက်ရှိသည့် ရွှေတောင်(၈)၊ ငွေချည်(၉)၊ ရွှေတောင် (၁၀) အစရှိသော ဝါမျိုးများသည် စုပ်စားပိုးဒဏ်ကို အသင့်အတင့်ခံနိုင်ရည်ရှိကြောင်း တွေ့ရှိရသည်။

အကျိုးပြုမိတ်ဆွေပိုးများကိုအသုံးပြုခြင်း

ပိုးမွှားများ၏ သဘာဝရန်သူ၊ တောင်သူအကျိုးပြု မိတ်ဆွေပိုးများ၏တည်ရှိမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းခြင်း၊ ယင်းပိုးများ ကြိုက်နှစ်သက်မည့်အခြေအနေများ ဖန်တီးပေးခြင်း၊ အကျိုးပြုပိုးများအား အချိန်မီကြိမ်ဖန်များစွာ စိုက်ခင်းအတွင်း လုံလောက်အောင်လွှတ်ပေးခြင်းသည် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သည်။ အဝါရောင်၊ အဖြူ ရောင်ပန်းပွင့်သည့် အပင်များကို စိုက်ခင်းပတ်ဝန်း ကျင်နှင့် ကန်သင်းပေါ်တွင် စိုက်ပျိုးထားခြင်းဖြင့် အကျိုးပြုမိတ်ဆွေပိုးများကို ဆွဲဆောင်ရာရောက် သည်။ မြန်မာနိုင်ငံ၌ ဝါသီးနှံတွင် ကျရောက်သော ပိုးမွှားများ၏ သဘာဝရန်သူသားရဲနှင့် ကပ်ပါး မျိုးစိတ်ပေါင်းမှာ ၁၀၀ ခန့်ရှိ‌ကြောင်း မှတ်တမ်းများအရ သိရှိရသည်။ ယင်းတို့အနက် အရေးပါသော မိတ်ဆွေပိုးများသည် လိပ်ခုံးပိုး၊ မျက်လုံးကြီးဂျပိုး၊ သားရဲဂျပိုး၊ ဇာတောင်ပိုး၊ ပျစားယင်၊ နဂျယ်၊ ပုရွက် ဆိတ်နှင့် ပင့်ကူတို့ဖြစ်သည်။

ပိုးသတ်ဆေးများအသုံးပြု၍ ကာကွယ်နှိမ်နင်းခြင်း

ဘက်စုံပိုးမွှားကာကွယ်ရေးစနစ်တွင် ပိုးသတ်ဆေးများကို အသုံးပြုခြင်းသည် ယခုအချိန်အထိ ရှောင်လွှဲမရ အသုံးဝင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ စိုက်ခင်းအတွင်းရှိ ဖျက်ပိုးအရေအတွက် သည် စီးပွားရေးထိခိုက်စေနိုင်သည့် ပမာဏအထိ များပြားလာပါက ပိုးသတ်ဆေးကို မဖြစ်မနေ ပက်ဖျန်းပေးရန်လိုအပ်သည်။ ဓာတုပိုးသတ်ဆေးများကို မှန်ကန်စွာအသုံးပြုပါက ပိုးမွှားကာကွယ် နှိမ်နင်းရာတွင် ထိရောက်မြန်ဆန်ပြီး စီးပွားရေးအရ အကျိုးကျေးဇူးများသည့်အတွက် တောင်သူဦးကြီးများအဖို့ အားထားနေရသော နည်းလမ်းတစ်ခုဖြစ်သည်။

ပိုးမွှားကာကွယ်ရာတွင် ထိရောက်မှုရှိစေရန် ဝါပင်တွင် ကျရောက်ဖျက်ဆီးသောပိုးများ၏ သဘာဝနှင့် ဖျက်ဆီးမှုလက္ခဏာများကို သိရှိအောင် လေ့လာထားရန် လိုအပ်သည်။ မိမိစိုက်ပျိုးထားသော စိုက်ခင်းကို အပင်ပေါက်ရပြီးချိန်မှစ၍ အနည်းဆုံး တစ်ပတ်လျှင်တစ်ကြိမ် သွားရောက်ကာ ပိုးမွှားကင်းထောက်မှတ်တမ်းများကို စနစ်တကျ ကောက်ယူ၍ ပိုးမွှားကာကွယ်နှိမ်နင်းရေးကို မျက်ခြည်မပြတ် ဆောင်ရွက်ရန်လိုအပ်သည်။ အကယ်၍ ဖျက်ပိုးအရေအတွက်သည် စီးပွားရေး ကျော်လွန်စည်း (ETL) သို့ ရောက်ရှိမှသာ သင့်တော်သည့် ပိုးသတ်ဆေးကို သတ်မှတ်နှုန်းထားအတိုင်း ဖျန်းပေးရမည်ဖြစ်သည်။

မစိုက်ပျိုးခင် မျိုးစေ့ကို အက်စစ်နှင့်ချွတ်၍ အင်မီဒါကလိုပရစ်နှင့် လူးနယ်စိုက်ပျိုးခြင်းသည် ဖြုတ်စိမ်းပိုးအပါအဝင် စုပ်စားပိုးများ ကျရောက်ခြင်းကို ၅၀ ရက်သားခန့်အထိ ကာကွယ်ပေးနိုင် ကြောင်း မှတ်တမ်းများအရ သိရသည်။ ပိုးသတ်ဆေးကို နှစ်မျိုးနှင့်အထက်ရောစပ်၍ အသုံးပြုခြင်း၊ တစ်မျိုးတည်းကို ကြိမ်ဖန်များစွာ ဆက်တိုက်အသုံးပြုခြင်းများကိုလည်း ရှောင်ရှားရန်လိုအပ်သည်။

အပင်ငယ်စဉ်တွင် ပိုင်ရီသရိုက်ကဲ့သို့ ပိုးသတ်ဆေးများကို ပက်ဖျန်းပါက စုပ်စားပိုးများ တစ်ဖန် ပွားများလာနိုင်သည့်အတွက် ရှောင်ရှားသင့်သည်။ စုပ်စားပိုးဖြစ်သည့်အတွက် ပင်လုံးပြန့် အာနိသင် ရှိသည့်အုပ်စုမတူသည့် ပိုးသတ်ဆေးများကို စနစ်တကျနှင့် အလှည့်ကျပက်ဖျန်းပေးသင့်သည်၊၊ ထို့အပြင် တမာပိုးသတ်ဆေး၊ တမာဆီ၊ ဆေးရွက် ကြီးစိမ်ရည် အစရှိသည့် သဘာဝပိုးသတ်ဆေးများကို အလှည့်ကျ ပက်ဖျန်းခြင်းဖြင့် ဓာတုဆေးများကို ခံနိုင်ရည်ရှိမှု လျော့နည်းသက်သာစေရုံသာမက ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သည်။

ကျရောက်သောပိုးများနှင့် ကာကွယ်နှိမ်နင်း ရမည့်ပိုးသတ်ဆေးအမျိုးအစားတို့ကို ကိုက်ညီ အောင်ရွေးချယ်၍ သတ်မှတ်နှုန်းထားအတိုင်း မနက်စောစော (သို့မဟုတ်) ညနေခင်းအချိန်တို့တွင် ပက်ဖျန်းပေးသင့်သည်၊၊ ဆေးမဖျန်းမီ ဆေးပုလင်း (သို့) ဆေးထုတ်ပေါ်ရှိ အညွှန်းကို သေချာစွာဖတ်ရှု လေ့လာပြီးမှ ပက်ဖျန်းရမည်ဖြစ်သည်။

ဥပဒေဖြင့် ကာကွယ်နှိမ်နင်းခြင်းအပိုင်းတွင်

ပိုးသတ်ဆေးဥပဒေပြဋ္ဌာန်းခြင်း၊ လေဆိပ်၊ ရေဆိပ်၊ ကားဂိတ်နှင့် နယ်စပ်ဒေသများတွင် Quarantine Section များထားရှိ၍ နိုင်ငံအတွင်းသို့ ထိန်းချုပ်ပိုးမွှားရောဂါများ ဝင်ရောက်ခြင်းကို တားဆီးကာကွယ်နိုင်ခြင်းနှင့် အပင်ပိုးမွှားကာကွယ်ရေးဥပဒေပြဋ္ဌာန်းခြင်းတို့ဖြစ်သည်။

ဝါသီးနှံ ဘက်စုံပိုးမွှားကာကွယ်ရေးတွင် ပါဝင်သည့် အထက်ပါနည်းလမ်းများကို တစ်ခုတည်း အသုံးမပြုဘဲ သင့်လျော်ပြီး ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများကို ဉာဏ်နှင့်ယှဉ်၍ သုံးစွဲသင့်ပါ သည်။ အချိန်ကာလ၊ နေရာဒေသ၊ ပတ်ဝန်းကျင် အခြေအနေများနှင့် ကိုက်ညီအောင် စဉ်းစားချင့်ချိန် သုံးစွဲခြင်းဖြင့် ပတ်ဝန်းကျင်ရှိ သက်ရှိများအတွက် လုံခြုံစိတ်ချ၍ ဘေးအန္တရာယ်ကင်းကာ အထွက်ကောင်းဝါများရရှိပြီး တောင်သူများ ဝင်ငွေတိုးတက် ရရှိကြပါစေကြောင်း ဆန္ဒပြုရေးသားတင်ပြအပ်ပါသည်။ ။

No comments:

Post a Comment