Sunday, July 5, 2026

ညီအစ်ကိုနှစ်နိုင်ငံအကြား ပိုမိုအားကောင်းလာသည့် ချစ်ကြည်ရင်းနှီးမှုအကျိုးရလဒ်များ

 

မောင်ငြိမ်းအေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတ မစ္စတာထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်သွားရောက်လျက်ရှိပါသည်။ နိုင်ငံတော်သမ္မတကြီး မကြာသေးမီက သွားရောက်ခဲ့သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များတွင် ယခုခရီးစဉ်သည် ကျွန်တော်တို့၏နှလုံးသားတွင် ပိုမိုနွေးထွေးသည့်ပီတိခံစားမှုကို ဖြစ်စေခဲ့သည်။




လာအိုနိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် အိမ်နီးချင်း နိုင်ငံများဖြစ်သလို ဘာသာတရားနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများတွင် တစ်သားတည်း ရှိနေသော နိုင်ငံများဖြစ်ပါသည်။ လူသားမျိုးနွယ်များ စတင်ဆင်းသက်ဖြစ်ပေါ်လာသည့် သမိုင်းကြောင်း အရလည်း နှစ်နိုင်ငံလူမျိုးများသည် မွန်ခမာလူမျိုးအုပ်စုကြီးမှ တစ်နွယ်တည်း ဆင်းသက်လာကြ သူများဖြစ်သည်။ မြန်မာတို့၏ဆိုရိုးစကားတွင် “သွေးကစကားပြောသည်”ဟု အဆိုအရ ကွဲကွာနေသော သွေးချင်းသားချင်းတို့ကို ပြန်လည်ဆုံတွေ့ရ သည့်အလား မြန်မာသမ္မတကြီးနှင့် လာအိုသမ္မတ ကြီးတို့တွေ့ဆုံမှုသည် ကွဲကွာနေသော လာအို-မြန်မာ ဆွေမျိုးရင်းချာများနှင့် ပြန်လည်တွေ့ဆုံ ရသကဲ့သို့ ကျွန်တော်တို့၏ နှလုံးသားများတွင် နွေးထွေးပျူငှာစွာ လှိုက်လှိုက်လှဲလှဲဝမ်းမြောက်မိပါသည်။

ဆွေမျိုးရင်းချာများ

လာအို-မြန်မာ နှစ်နိုင်ငံအနေဖြင့် သံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း(၇၀)ကျော်ရှိပြီဆိုသော် ငြားလည်း အမှန်တကယ်တွင် ရှေးယခင်နှစ်ပေါင်း များစွာကတည်းက ချစ်ကြည်ရင်းနှီးစွာဆက်ဆံခဲ့သည့် နိုင်ငံများဖြစ်ပါသည်။ ရှေးရှေးကာလ ကတည်းကမရှိအတူ ရှိအတူ အေးအတူပူအမျှ အတူတကွ ရိုင်းပင်းချစ်ကြည် နေထိုင်ခဲ့ကြသော နိုင်ငံများဖြစ်ပါသည်။ လာအို-မြန်မာ တစ်သွေး တစ်သားတည်းဖြစ်ကြောင်းကို ယနေ့ကာလ နှစ်ဖက်နိုင်ငံနယ်စပ်၌ နေထိုင်ကြသည့် ပြည်သူများ၏ အသွင်သဏ္ဌာန်နှင့်ဆိုစကားတို့ကို ကြည့်ခြင်းအားဖြင့် ခွဲခြား၍မရကြောင်း သိနိုင်ပါသည်။ မြန်မာနိုင်ငံ ရှမ်းဘာသာစကားတွင် “ပီနောင့်ကန်”၊ လာအိုစကားတွင် “ဖီနွန်းကန်” ဟု ဆင်တူနေခြင်းသည် တစ်သွေးတစ်သားတည်း ဖြစ်ကြောင်းကို သက်သေပြလျက်ရှိပါသည်။ ဘာသာတရားတွင်လည်း ထေရဝါဒဗုဒ္ဓဘာသာဝင်နိုင်ငံများဖြစ်ပြီး ယဉ်ကျေးမှု အစဉ်အလာနှင့် သမိုင်းကြောင်းအစဉ်အလာများတွင်လည်း ယနေ့ထက်တိုင် မူလအတိုင်းရှိနေသဖြင့် ဆွေမျိုးရင်းချာများဟု ဆိုရပါမည်။

မျက်မှောက်ကာလ နိုင်ငံရေးအရ ကြည့်မည်ဆို လျှင်လည်း ယခုအချိန်တွင် လာအိုနိုင်ငံနှင့် မြန်မာ နိုင်ငံ နှစ်နိုင်ငံသည် ရွေးကောက်ပွဲများ အသီးသီးကျင်းပပြီးနောက် အစိုးရသစ်များဖွဲ့စည်းပြီးသည့် အချိန်အခါဖြစ်ပါသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံ အချင်းချင်းလည်း ဖြစ်ပါသည်။ ရွေးကောက်ပွဲမှပေါ်ထွက်လာသော အစိုးရများလည်းဖြစ်ကြပါသည်။ ထို့ကြောင့် လာအို- မြန်မာအစိုးရသစ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် ရှိရင်းစွဲအခြေအနေ များထက်ပိုမိုသည့် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ဆောင်ရွက်နိုင်သော အခွင့်အလမ်းကောင်းများရှိသည့် အရေးကြီးသော အချိန်အခါလည်းဖြစ်ပါသည်။ ထိုသို့ အခြေအနေအချိန်အခါကောင်းများနှင့် ကြုံကြိုက်နေချိန်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ သွားရောက်ခြင်းသည် ညီအစ်ကို နှစ်နိုင်ငံအကြား ပိုမိုအားကောင်းသည့် ချစ်ကြည်ရင်းနှီးမှုအကျိုးရလဒ်များကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါသည်။

ကမ္ဘာ့အလယ်တွင်မြှင့်တင်

ဇူလိုင် ၃ ရက်က လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတအိမ်တော်၌ သမ္မတနှစ်ဦး တွေ့ဆုံ ဆွေးနွေးရာတွင် လာအိုနိုင်ငံသမ္မတက “အဆွေတော် ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တိုးတက်အောင် အမြန်ဆုံးဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း၊ မိမိအနေဖြင့် နှစ်နိုင်ငံဆက်ဆံမှုများ တိုးတက်စေရေး အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ သမိုင်းကြောင်းများတူညီမှုရှိပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများအဖြစ် တစ်ပြိုင်တည်း ဝင်ရောက်ခဲ့ခြင်း ဖြစ်သဖြင့် ပိုမိုချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်ကြကြောင်း၊ မြန်မာနိုင်ငံသည် လာအိုနိုင်ငံ၏ အယုံကြည်ရဆုံးနှင့် အရင်းနှီးဆုံးမိတ်ဆွေနိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံအနေဖြင့် အမြဲထောက်ခံအားပေးလျက်ရှိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသည့် ဆက်ဆံရေးကို အာဆီယံမျက်နှာစာတွင်သာမက ကမ္ဘာ့နိုင်ငံများ အလယ်တွင်ပါ ကောင်းမွန်သည့် ပြယုဂ်တစ်ခုအဖြစ် ရောက်ရှိအောင် မြှင့်တင်ဆောင်ရွက်သွားလိုပါကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ ချစ်ကြည်ရေး ခရီးစဉ်များသွားရောက်ပြီးချိန်တွင် လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားရောက်ခြင်းသည် အရှေ့တောင်အာရှနိုင်ငံများတွင်သာမက ဒေသတွင်းနိုင်ငံများတွင်ပါ သံတမန်ရေးရာအရ ပိုမိုအဓိပ္ပာယ်ရှိပြီး အနှစ်သာရပြည့်ဝသည့် ခရီးစဉ်ဖြစ်သည်ဟု ရှုမြင်သုံးသပ်ရမည်ဖြစ်သည်။ လက်ရှိကာလတွင် အနောက်နိုင်ငံအချို့နှင့် အာဆီယံနိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးနေချိန်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံကဲ့သို့ မိတ်ကောင်းဆွေကောင်းနိုင်ငံများက မြန်မာနိုင်ငံ၏ မှန်ကန်စွာ ရပ်တည်ဆောင်ရွက်မှုများကို အသိအမှတ်ပြုပြီး အားပေးထောက်ခံမှု ပြုကြသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။

အပြည့်အဝထောက်ခံ

ထို့ပြင် လာအိုနိုင်ငံသမ္မတက “မြန်မာနိုင်ငံ အစိုးရအနေဖြင့် မကြာမီကာလအတွင်း အာဆီယံနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှုများရရှိသွားမည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို အာဆီယံပဋိညာဉ်ပါအတိုင်း ဆောင်ရွက်ရခြင်းကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် အာဆီယံနှင့် ပုံမှန်အတိုင်း ထိတွေ့ဆက်ဆံသွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် မိမိတို့နိုင်ငံအနေဖြင့်လည်း တတ်စွမ်းသည့်ဘက်မှ မြန်မာနိုင်ငံကို အစဉ်အမြဲ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်း နိုင်ငံအဖြစ် အမြဲရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နိုင်ငံအဖြစ် ထူထောင်သွားလိုကြောင်း၊ အနာဂတ်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားလိုပါကြောင်း၊ အဆွေတော်သမ္မတကြီးအနေဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိမှုနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး ဆောင်ရွက်လိုမှုအပေါ် မိမိအနေဖြင့် အပြည့်အဝထောက်ခံပါကြောင်း ပြောကြားခဲ့ သည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာများ လဲလှယ်ခြင်းအခမ်းအနားကိုပြုလုပ်ရာ မြန်မာနိုင်ငံ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနနှင့် လာအိုနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်နှင့် လာအို နိုင်ငံ၏မြို့တော် ဗီယင်ကျန်းမြို့တို့အကြား ညီအစ်မမြို့တော်များ တည်ထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာများကို နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ် တို့၏ရှေ့မှောက်၌ လဲလှယ်ကြသည်။

နီးကပ်စွာပူးပေါင်းဆောင်ရွက်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၃ ရက် မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် ဆွန်ဆိုင်စီဖန်ဒွန်နှင့် ဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။ ဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား ရှည်ကြာသည့် သံတမန်ဆက်ဆံမှုများရှိခဲ့ပြီး သံတမန်ဆက်ဆံရေး၊ စစ်ဘက်ဆက်ဆံရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများဆက်ဆံရေးစသည့် ဆက်ဆံရေးသုံးမျိုးရှိပြီး အာဆီယံအဖွဲ့အတွင်း၌ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့သည် CLMV အဖွဲ့၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာအဖွဲ့တို့တွင်လည်း အဖွဲ့ဝင်နိုင်ငံများဖြစ်ကြကာ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ဆွေးနွေးခဲ့ကြသည်။

မြန်မာ-လာအိုနှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံ၊ မိတ်ဆွေကောင်းနိုင်ငံ၊ ညီအစ်ကိုနိုင်ငံ များဖြစ်သည်။ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး မြန်မာ-လာအို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေး ကျင်းပပြုလုပ် ရေး၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် နယ်စပ်ဒေသကုန်သွယ်မှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဖြတ်ကျော် ကုန်စည်ကူးသန်းရောင်းဝယ် ပို့ဆောင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်နှင့် လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်းမြို့တို့အကြား ညီအစ်မ မြို့တော်ဆက်ဆံရေးထူထောင်ရေး၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မဲခေါင်မြစ်ကြောင်းတစ်လျှောက် ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ရင်းရင်းနှီးနှီးဆွေးနွေး

ထို့ပြင် မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးနှင့် အွန်လိုင်းငွေကြေး လိမ်လည်လောင်းကစားမှုများ ပပျောက်စေရေး၊ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းလျက်ရှိမှု၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် လာအိုနိုင်ငံအစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင် ရွက်လျက်ရှိမှုအခြေအနေများကို ဆွေးနွေးခဲ့ကြ သည်။ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် ခင်မင်ရင်းနှီးပြီး စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်း နိုင်ငံများဖြစ်သည့်အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာဆေဆုံဖုန်းဖုန်ဝိဟိန့်နှင့် လာအိုအမျိုးသားလွှတ်တော် ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။ ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အနေဖြင့် လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် လာရောက်ခြင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ပထမဆုံးဖြစ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူများက ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော်နှင့်အစိုးရက နိုင်ငံတော်တာဝန်များကို ထမ်းဆောင်လျက်ရှိမှု အခြေအနေများကို ပြောကြားသည်။

မိတ်ဖက်နိုင်ငံမြှင့်တင်

ထို့ပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကဏ္ဍများတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်မှုအခန်းကဏ္ဍကို မြှင့်တင် ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်၍ အစိုးရအဖွဲ့သစ်က နိုင်ငံတော်တာဝန်များကို ထမ်း‌ဆောင်လျက်ရှိသကဲ့ သို့ လာအိုနိုင်ငံအနေဖြင့်လည်း မကြာမီကာလက ရွေးကောက်ပွဲကျင်းပ၍ အစိုးရအဖွဲ့သစ်က နိုင်ငံတော် တာဝန်များကို ထမ်းဆောင်လျက်ရှိခြင်းကြောင့် နှစ်နိုင်ငံအစိုးရအဖွဲ့အချင်းချင်းနှင့် လွှတ်တော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုနိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် အိမ်နီးချင်း နိုင်ငံများဖြစ်ပြီး ချစ်ကြည်ရင်းနှီးသည့်နိုင်ငံများ ဖြစ်မှုအခြေအနေများ၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် နိုင်ငံတကာဆက်ဆံမှုများ တိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် အာဆီယံအဖွဲ့အတွင်းသို့ တစ်ချိန်တည်းဝင်ရောက်ခဲ့သည့် နိုင်ငံများဖြစ်သည်နှင့်အညီ အပြန်အလှန်ထောက်ခံ အားပေးလျက်ရှိမှုအခြေအနေများ၊ လွှတ်တော် နှစ်ရပ်အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက် ရေးသာမက မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေ များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သည် လာအို-မြန်မာ နှစ်နိုင်ငံအနေဖြင့် သံတမန်ဆက်ဆံရေးအရ နှစ်ပေါင်း(၇၀)ကျော်သည်ထက် ပိုသည့် ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ချစ်ကြည်ရင်းနှီးစွာ အတူဆက်ဆံခဲ့သည့် ညီအစ်ကို နိုင်ငံများကဲ့သို့ ပိုမိုနွေးထွေးသည့် ခံစားမှုကိုဖြစ်စေ ခဲ့သည်။ မရှိအတူရှိအတူ အေးအတူပူအမျှ နေထိုင်ခဲ့ကြပြီး တစ်ဦးပေါ်တစ်ဦး ရိုင်းပင်းကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အစိုးရသစ်နှစ်ရပ် အကြားတွင် ရှိရင်းစွဲအခြေအနေများထက်ပိုမိုသည့် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ဆောင်ရွက်နိုင်သောအခွင့်အလမ်းကောင်းများရှိသည့် အချိန်အခါကောင်းနှင့် ကြုံကြိုက်နေသဖြင့် ညီအစ်ကိုနှစ်နိုင်ငံအကြား ပိုမိုအားကောင်းသည့် ချစ်ကြည်ရင်းနှီးမှု အကျိုးရလဒ်များကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment