နေပြည်တော် ဇူလိုင် ၁၇
တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသား လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
၁၈ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း
၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၁၉၁ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက်
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို
လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ရခိုင်ပြည်နယ်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဒေါ်မြမြသက်၏ နဝတ အစိုးရကာလ ၁၉၈၉ ခုနှစ်ကတည်းက
မြို့ကွက်သစ်အဖြစ် တိုးချဲ့တည်ဆောက်ပေးခဲ့သည့် စစ်တွေမြို့၏ ရပ်ကွက်ကြီးတစ်ခုဖြစ်သော
မင်းဂံရပ်ကွက်တွင် ကွန်ကရစ်လမ်း ထပ်မံခင်းပေးရန်ကျန်ရှိသော မြေသားလမ်းအရှည် ပေ ၈၀၅၄၀
အား ဘဏ္ဍာရေးနှစ်အလိုက် ပြီးပြည့်စုံအောင် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်
မင်းဂံရပ်ကွက်၌ မြို့ပြစီမံကိန်းအရ တည်ဆောက်ထားသည့်ဈေးအား စည်ပင်ဥပဒေ၊ ဈေးအင်္ဂါရပ်နှင့်အညီ
သပ်ရပ်သန့်ရှင်းစွာ တည် ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်
ဦးဝင်းမိုးခိုင်က မင်းဂံ ရပ်ကွက်ရှိ လမ်းများအား နှစ်စဉ်ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍
အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၅-၂၀၂၆
ဘဏ္ဍာရေးနှစ်အထိ ကွန်ကရစ်လမ်း ၁၀လမ်း၊ အရှည်ပေ ၂၁၉၀၀ နှင့် ကတ္တရာလမ်း လေးလမ်း၊ အရှည်ပေ
၄၅၃၀ အား ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မင်းဂံဆင်းလမ်း၊
အရှည်ပေ ၁၄၀၀၊ အကျယ် ၂၄ ပေ နှင့် ABC ကလေးဂေဟာသွားလမ်းအရှည် ၂၁၂၃ ပေ၊ အကျယ် ၁၈ ပေတို့အား
အဆင့်မြှင့်တင်၍ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ပါကြောင်း။
ကျန်ရှိသည့်လမ်းသွယ်၊
လမ်းကြားများကိုလည်း ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းတူးဖော်ခြင်း၊ ရေစီးရေလာအခြေအနေ
စောင့်ကြည့်ခြင်းများ ဆောင်ရွက်ပြီး ပြည်သူလူထု အသုံးများသောလမ်းအလိုက် ဦးစားပေးလျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
မင်းဂံရပ်ကွက်ရှိလမ်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင်
ဦးစားပေးပြီး ဆောင်ရွက်သွားရန် ပြည်နယ်အစိုးရအဖွဲ့မှလည်း လမ်းညွှန်မှု ပြုထားပြီးဖြစ်၍
နှစ်အလိုက် တိုးတက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။
ဈေးနှင့်ပတ်သက်၍
မင်းဂံဈေးသည် ဧရိယာ ၁ ဒသမ ၄၅ ဧက ကျယ်ဝန်းပြီး ပုဂ္ဂလိကဈေးဆိုင်ခန်း ၆၀ ခန့်ရှိသော ပျံကျဈေးဖြစ်ပါကြောင်း၊
ဈေးအဆင့်မြှင့်တင်ဆောင်ရွက်မည့်လုပ်ငန်းနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ်၊ ဈေးသူဈေးသားများနှင့်
ဆွေးနွေးညှိနှိုင်းမှုဆောင်ရွက်ခဲ့သော်လည်း ဈေးသူ ဈေးသားများ၏ ဆန္ဒသဘောထားအရ ဈေးသစ်တည်ဆောက်ခြင်းလုပ်ငန်းကို
အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိခဲ့ပါကြောင်း၊ မင်းဂံဈေးနှင့်ပတ်သက်၍ ဈေးရုံများထိန်းသိမ်းခြင်း၊
ပြုပြင်ပေးခြင်းများကို စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက် ပေးလျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်
သား/ငါးရောင်းချသည့် (၆ x ၃၆) ပေ ဈေးရုံ တစ်ရုံ အား ခွင့်ပြုရန်ပုံငွေ ကျပ် ၉၆ ဒသမ
၃၃၀ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ဈေးတွင်းသန့်စင်ခန်းပြုပြင် ခြင်းနှင့် ရေရရှိရေးလုပ်ငန်းများကို
ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မင်းဂံဈေးအဆင့်မြှင့်တင် တည်ဆောက် ခြင်းနှင့်ပတ်သက်၍ လတ်တလောတွင်
ဈေးရောင်းချသူများ နည်းပါးသော်လည်း ဈေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး
ဈေးသူဈေးသားများနှင့် ညှိနှိုင်းပြီးဖြစ်ပါကြောင်း ဖြေကြားသည်။
ကချင်ပြည်နယ်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဒေါ်မီမီကျော်ထွန်း၏ ကချင်ပြည် နယ် တနိုင်းခရိုင်
တနိုင်းမြို့ ဟူးကောင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း၏ (၁၂၀x ၂၀x၁၂) ပေ
တစ်ထပ်ကျောင်းဆောင် သွပ်မိုး၊ သမံတလင်းခင်း၊ အုပ်ညှပ်(ပင်မဆောင်)အား ဖျက်သိမ်းခွင့်ပြုရန်နှင့်
ပေ (၁၃၀x၃၀) RC နှစ်ထပ် အစားထိုးကျောင်းဆောင်သစ်တစ်ဆောင်အား ဆောက်လုပ်ပေးရန် အစီအစဉ်
ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က
ကျောင်းဆောင်များအနေဖြင့် အဆိုပါကျောင်းတွင် အန္တရာယ်ဆောင် ပေ (၁၂၀ x၂၀) သွပ်မိုး၊
သမံတလင်းခင်း၊ အုတ်ညှပ် တစ်ထပ်ဆောင်၊ ပေ (၉၀ x ၃၀) သွပ်မိုး၊ အုတ်ညှပ် တစ်ထပ် ဆောင်၊
ပေ (၆၀ x ၂၀) သွပ်မိုး၊ အုတ်ညှပ်တစ်ဆောင်၊ ပေ (၉၀ x ၃၀) သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ဆောင်
စုစုပေါင်းကျောင်းဆောင် လေးဆောင်ရှိပြီး စာသင်ခန်း ကိုးခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိပါကြောင်း။
ကျောင်းသား၊ ကျောင်းသူ
၅၃၈ ဦး၊ စာသင်ခန်း ကိုးခန်းရှိသည့်အတွက် အဆိုပါ ဟူးကောင်း-အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင်
စာသင်ခန်း ငါးခန်းလိုအပ်နေပါကြောင်း၊ အန္တရာယ်ဆောင် ပေ (၁၂၀ x ၂၀) သွပ်မိုး၊ သမံတလင်းခင်း၊
အုတ်ညှပ် တစ်ဆောင်အား ဖျက်သိမ်း၍ ပေ (၁၁၀ x ၃၀) RCC နှစ်ထပ် ဆောက်လုပ်ရန် ၂၀၂၇-၂၀၂၈
ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး)ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ ပြည်နယ်ဦးစားပေးအစီအစဉ်အရ
ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ကချင်ပြည်နယ်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဒေါ်မီမီကျော်ထွန်း၏ ကချင်ပြည် နယ် တနိုင်းခရိုင်
တနိုင်းမြို့ ကင်ဆားရာရပ်ကွက်အတွင်းရှိ ကင်ဆားရာ အခြေခံပညာအလယ်တန်း ကျောင်း (ခွဲ) အား
အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်သတ်မှတ်ခွင့်ပြုပေးရန် အစီအစဉ်ရှိ၊ မရှိ
မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)
မှ အခြေခံပညာအလယ်တန်းကျောင်းအဖြစ် ကျောင်းအဆင့်တိုးမြှင့်ရန်အတွက် အလယ်တန်းအဆင့် ကျောင်းသားဦးရေ
၂၄၀ အထက်ရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသများ၊ သဘာဝဘေးအန္တရာယ်အတားအဆီးရှိသော
ဒေသ များဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် ၂ မိုင်အထက် ကွာဝေးခြင်း၊ သွားလာရလွယ်ကူသော
မြေပြန့်ဒေသဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် ၃ မိုင်အထက်ကွာဝေးခြင်း၊
မြေပိုင်ဆိုင် မှု ငါးဧကရှိရန်တို့ လျာထားသတ်မှတ်ထားရှိပါကြောင်း။
သို့ပါ၍ ကချင်ပြည်နယ် တနိုင်းမြို့ ကင်ဆားရာအခြေခံပညာအလယ်တန်းကျောင်း
(ခွဲ) တွင် အလယ်တန်းအဆင့် ကျောင်းသား ၃၃၂ ဦးရှိသော်လည်း ပင်မကျောင်းဖြစ်သော အမှတ်(၁)
အခြေခံ ပညာအထက်တန်းကျောင်းနှင့် ၀ ဒသမ ၃ မိုင်သာ ကွာဝေးပါသဖြင့် အခြေခံပညာအလယ်တန်းကျောင်းအဖြစ်
အဆင့်တိုးမြှင့်ပေးရန်အတွက် သတ်မှတ်ထား သော လျာထားချက်နှင့် ကိုက်ညီမှုမရှိပါသဖြင့်
အဆင့်တိုးမြှင့်ပေးရန် လတ်တလော ဆောင်ရွက် နိုင်ခြင်း မရှိသေးပါကြောင်းနှင့် အဆောက်အအုံလိုအပ်နိုင်သည့်
အခြေအနေအပေါ် ကွင်းဆင်းစစ်ဆေးပြီး ဘတ်ဂျက်ရရှိမှုအပေါ်မူတည်၍ ပြည်နယ်ဦးစားပေးအစီအစဉ်ဖြင့်
လျာထားဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ကချင်ပြည်နယ်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဒေါ်မီမီကျော်ထွန်း၏ ကချင်ပြည် နယ် တနိုင်းခရိုင်
တနိုင်းမြို့ ဒူးကောင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်း (လွန်) ကျောင်း၏ (၁၀၀x ၂၄x၁၃) ပေ
တစ်ထပ်ဆောင်သွပ်မိုး၊ ပျဉ်ထောင်/ ထရံကာ၊ ပျဉ်ခင်း (ပင်မဆောင်) အား ဖျက်သိမ်းရန်နှင့်
ပေ (၁၃၀x၃၀) RC ကျောင်းဆောင်သစ်တစ်ဆောင် အစားထိုးဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ
မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က စာသင်ဆောင်များအနေဖြင့် အဆိုပါကျောင်းတွင်
အန္တရာယ်ဆောင်(၁၀၀x၂၄) ပေ သွပ်မိုး၊ သမံတလင်းခင်း၊ အုတ်ညှပ်တစ်ထပ်၊ ပေ (၁၀၀ x ၃၀) သွပ်မိုး၊
အုတ်ညှပ်တစ်ထပ်၊ ပေ (၉၀ x ၃၀) သွပ်မိုး၊ အုတ်ညှပ် တစ်ထပ်၊ ပေ (၆၀ x ၃၀) သွပ်မိုး၊ အုတ်ညှပ်
တစ်ထပ်၊ ပေ (၄၀ x ၃၀) ယာယီဆောင်တစ်ဆောင် စုစုပေါင်း ကျောင်းဆောင် ငါးဆောင် စာသင်ခန်း
၁၂ ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း။
ကျောင်းသား၊ ကျောင်းသူ
၇၂၀ စာသင်ခန်း ၁၂ ခန်းရှိသည့်အတွက် အဆိုပါဒူးကောင်း အခြေခံပညာမူလတန်း (လွန်) ကျောင်းတွင်
ကျောင်း သား/တန်းခွဲအရ စာသင်ခန်း ခြောက်ခန်း လိုအပ် လျက်ရှိပါကြောင်း၊ အန္တရာယ်ဆောင်
(၁၀၀ x ၂၄) ပေ သွပ်မိုး၊ သမံတလင်းခင်း၊ အုတ်ညှပ် တစ်ထပ်ဆောင်အား ဖျက်သိမ်း၍ ပေ (၁၁၀
x ၃၀) RCC နှစ်ထပ် ဆောက်လုပ်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး)
ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ပြည်နယ်ဦးစားပေးအစီအစဉ်အရ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
ယင်းနောက် မြန်မာနိုင်ငံအတွင်း
အာမခံလုပ်ငန်းများ ရပ်ဆိုင်း/ထွက်ခွာသည့်အခါ အာမခံထားသူ ပြည်သူများ၏ ရပိုင်ခွင့်များ
မဆုံးရှုံးစေရန် အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund) တည်ထောင်ရေးနှင့်
လွှဲပြောင်းကာကွယ်ရေးစနစ် ဥပဒေ/ နည်းဥပဒေ ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်ခင်ဆွေက တင်သွင်းရာတွင်
အာမခံစနစ်သည် ပြည်သူများ၏ စီးပွားရေးလုံခြုံမှုနှင့် မျှော်လင့်ချက်တို့ကို အာမခံပေးသည့်
အရေးကြီးသော စနစ်ဖြစ်ပါကြောင်း၊ သို့သော် ကုမ္ပဏီတစ်ခုရပ်ဆိုင်း သွားပါက (သို့မဟုတ်)
ရုတ်တရက် ထွက်ခွာသွားပါက ပေးသွင်းပြီး အာမခံကြေးများ ဆုံးရှုံးနိုင်ခြင်း၊ လျော်ကြေးမရနိုင်ခြင်းစသည့်
အန္တရာယ်များ ဖြစ်ပေါ်နိုင်ပါကြောင်း။
မြန်မာနိုင်ငံတွင်
မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိကအာမခံလုပ်ငန်း အနည်းငယ်သာရှိပါကြောင်း၊ မြန်မာနိုင်ငံသားပြည်သူအများစုသည်
အာမခံ၏အဓိပ္ပာယ်၊ အာမခံထားခြင်း၏ အကျိုးအပြစ်များကို သိရှိသူအလွန်နည်းပါးပြီး လူဦးရေ
(၁ ရာခိုင်နှုန်း) အောက်သာ အာမခံထားရှိသည်ဟု သိရပါကြောင်း၊ ထို့ကြောင့် ပြည်သူများကို
အာမခံလုပ်ငန်းနှင့် ဆက်စပ်ပတ်သက်သည့် ဗဟုသုတများကို ဖြန့်ဝေပေးပါက ကောင်းမွန်မည်ဟု
ထင်မြင်မိပါကြောင်း။
ပိတ်သိမ်းထွက်ခွာခြင်းမရှိသေးသော
အချို့သော ပြည်ပကုမ္ပဏီများလည်း ရှိနေသေးသောကြောင့် နောက်ထပ်တူညီသည့်ဖြစ်စဉ်ကဲ့သို့
ပေါ်လာပါက ပြည်သူများ၏ အခွင့်အရေးများ မဆုံးရှုံးစေရန် သက်ဆိုင်ရာပြည်ထောင်စုအဆင့်ဌာနများမှ
အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund)အဖွဲ့အစည်းတစ်ခုကို အာမခံကုမ္ပဏီများမှ
အချိုးကျထည့်ဝင်ငွေဖြင့် နိုင်ငံတော်အဆင့် ဖွဲ့စည်း တည်ထောင်ရန် လိုအပ်ပါကြောင်း၊ အာမခံကုမ္ပဏီ
တစ်ခုရပ်ဆိုင်းခြင်း(သို့မဟုတ်) ရုတ်တရက်ထွက်ခွာသွားခြင်းများရှိပါက မြန်မာ့အာမခံလုပ်ငန်း
(သို့မဟုတ်) အခြားအာမခံကုမ္ပဏီတစ်ခုအပေါ်သို့ ပေါ်လစီများ လွှဲပြောင်းပေးနိုင်သည့်စနစ်ကို
ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပေးပါက ကောင်းမွန်မည်ဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ နစ်နာသူပြည်သူများ
အတွက် အမြန်ဆုံး ကာကွယ်စောင့်ရှောက်ဆောင်ရွက်ပေးပါရန် တိုက်တွန်းတင်ပြအပ်ပါကြောင်း။
ထို့ပြင် အာမခံကုမ္ပဏီတစ်ခုခု
လုပ်ငန်းရပ်ဆိုင်းမှု သို့မဟုတ် ထွက်ခွာသွားမှုများရှိပါက ပြည်သူများ သိရှိအောင် သတင်းထုတ်ပြန်ရန်နှင့်
အာမခံပြည်သူများ ရပိုင်ခွင့်မဆုံးရှုံးစေရန် ကြီးကြပ်ခြင်း၊ ပွင့်လင်းမြင်သာမှုစနစ်များကို
ပြည်ထောင်စုအစိုးရအနေဖြင့် လိုအပ်သလို တိုးမြှင့်စီစဉ်ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါကြောင်း၊
နိုင်ငံတော်၏ ပညာရေး/ကျန်းမာရေးနှင့် စီးပွားရေးလုံခြုံမှုများကဲ့သို့ အာမခံစနစ်သည်လည်း
ပြည်သူများအတွက် အရေးကြီးသော အကာအကွယ်တစ်ခုဖြစ်ပါသဖြင့် ဥပဒေစနစ် ခိုင်မာရေးကို ပြည်ထောင်စုအစိုးရအနေဖြင့်
အမြန်ဆုံး ဆောင်ရွက်ပေးသင့်ပါကြောင်း တင်သွင်းသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍
ကယားပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်မာရီအားမူက ထောက်ခံသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသဖြင့်
အဆိုအား လွှတ်တော်က ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ
ရှိပါက အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူး ချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း
ကြေညာသည်။
ထို့နောက် တတိယအကြိမ်
အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး
၁၉ ရက်မြောက်နေ့ကို ဇူလိုင် ၂၀ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment