Tuesday, July 7, 2026

၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



ရန်ကုန် ဇူလိုင် ၇

၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဖိတ်ကြားထားသူများနှင့် သက်ဆိုင်ရာဆပ်ကော်မတီအသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အခမ်းအနား ၄ ရပ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ နိုင်ငံခြားသံတမန်များ၊ နိုင်ငံရေးပါတီများနှင့် NGO အဖွဲ့အစည်းများအား အလေးထားဖိတ်ကြားသွားရန် လိုအပ်ပါကြောင်း၊ အာဇာနည်နေ့အခမ်းအနားသည် နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်သည့်အတွက် မှားယွင်းမှုမရှိစေရေးကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန် ပြောကြားခဲ့ပါသည်။

ထို့နောက် (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပါသည်။

ဆက်လက်ပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီအဖွဲ့ဝင်များက (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပါသည်။

ယင်းနောက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြရာ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြန်လည်ဖြည့်စွက်ဆွေးနွေးပြောကြားပြီး နိဂုံးချုပ်အနေဖြင့် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဆပ်ကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သဖြင့် ဆပ်ကော်မတီများအားလုံး လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီတို့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားကြရန်ပြောကြားလိုပါကြောင်း၊ အထူးသဖြင့် လုံခြုံရေးကို အဓိကထားအလေးပေးဆောင်ရွက်ကြစေလိုပါကြောင်းနှင့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အခက်အခဲမရှိ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ 

ထို့နောက် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့သည် အာဇာနည်နေ့ အခမ်းအနားများ ကျင်းပမည့် မြို့တော်ခန်းမ၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)၊ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်နှင့် အာဇာနည်ဗိမာန်တို့သို့ သွားရောက်ပြီး အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)


No comments:

Post a Comment