Thursday, July 23, 2026

အသိပညာ၊ အတတ်ပညာပြည့်စုံ အတွေးအခေါ်မှန်ကန်ရေးကြိုးပမ်း


 

နိုင်ငံတစ်နိုင်ငံတွင် ပညာတတ်များပေါများလျှင်၊ ပညာရေးအဆင့်အတန်းမြင့်မားလျှင် နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်သည်ကို တွေ့နိုင်သည်။ မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံသူ နိုင်ငံသားများ ပညာတတ်မြောက်ရေး၌ အားနည်းခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ပညာရေးအားနည်းချက် အကျိုးဆက်အနေဖြင့် စဉ်းစားတွေးခေါ်မြော်မြင်နိုင်စွမ်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုး ဝေဖန်သုံးသပ်နိုင်စွမ်းတို့၌ အများစုမှာ အားနည်းနေသည်ကို တွေ့နိုင်သည်။ အချို့ပညာရေး အားနည်းသော်လည်း တွေးခေါ်မြော်မြင် ဆင်ခြင်သုံးသပ်နိုင်စွမ်းမြင့်မားသူအချို့လည်းရှိပါသည်။ အချို့ပညာတတ်သော်လည်း တွေးခေါ်မြော်မြင် ဆင်ခြင်နိုင်စွမ်း အားနည်းသူလည်းရှိပါသည်။ မည်သို့ပင်ဖြစ်စေ တစ်နိုင်ငံလုံးအတိုင်းအတာအရ အများစုပညာတတ်မှု၊ အမှားအမှန်အကောင်းအဆိုး ခွဲခြားနိုင်မှုရှိဖို့လိုအပ်ပါသည်။

အထူးသဖြင့် တစ်မျိုးသားလုံးအကျိုးစီးပွားနှင့်စပ်လျဉ်းလျှင် ဉာဏ်ပညာအမြော်အမြင် ဆင်ခြင်နိုင်စွမ်း၏ အရေးပါမှုကို နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်နေသည့် နိုင်ငံများတွင်တွေ့နိုင်သည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ၁၉၈၈ ခုနှစ်နှင့်၂၀၂၁ ခုနှစ်တွင် နိုင်ငံ၏ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ကြည့်နိုင်သည်။ ပြီးခဲ့သည့်ကာလက နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာချိန်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသည့် ပြည်ပအဖွဲ့အစည်းများနှင့် ပြည်တွင်းမှ လူပုဂ္ဂိုလ်များ၏ သွေးထိုးလှုံ့ဆော်မှုများကို နားယောင်ကာ ဆူပူအကြမ်းဖက်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိသွားကြခြင်း၊ အကြမ်းဖက်လမ်းစဉ်သို့ ရောက်ရှိသွားခြင်းတို့တွင် အများစုမှာ ဆင်ခြင်တုံတရားအားနည်းသည့် ပညာအခြေခံလိုအပ်ချက်များကြောင့်ဖြစ်သည်ကို သုံးသပ်ကြည့်နိုင်သည်။

နိုင်ငံအတွင်း စုစည်းညီညွတ်မှုနှင့် စည်းလုံးညီညွတ်မှုရှိမှသာ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊ အရေးအခင်းများကို လေ့လာကြည့်လျှင် ဖြစ်စဉ်အခြေခံအကြောင်းတရားများ တူညီနေသည်ကို တွေ့ရမည်ဖြစ်သည်။ အရေးအခင်းများ၊ အကြမ်းဖက်မှုများတွင် ပညာတတ်သူများပါဝင်သလို ပညာအခြေခံအားနည်းသူများမှာ အသုံးချခံများအဖြစ် အများအပြားပါဝင်လာသည်ကို လေ့လာသုံးသပ်တွေ့ရှိနိုင်သည်။ တစ်ပြည်လုံးအတိုင်းအတာအရကြည့်မည်ဆိုလျှင် ပညာရေးအားနည်းမှုသည် အခြေခံကျသောအကြောင်းအချက်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများအား တွေ့ဆုံစဉ် “ကျောင်းနေအရွယ်ကလေးငယ်များကို ငယ်ရွယ်စဉ်မှစ၍ အသိပညာ၊ အတတ်ပညာများရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် ၎င်းတို့ဘဝတိုးတက်ရေးအတွက် များစွာအထောက်အကူပြုစေမည် ဖြစ်သကဲ့သို့ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုလည်း များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ကောင်းမွန်သည့် လူငယ်များကို မွေးထုတ်ပေးနိုင်မှသာလျှင် နိုင်ငံ၏အနာဂတ်သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပညာရေးအရ အားနည်းချက်များကို မြင်အောင်ကြည့်၍ အားလုံးက ဝိုင်းဝန်းပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း” ပြောကြားခဲ့သည်။

ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ကြသည့် အစိုးရများအနေဖြင့် နိုင်ငံတော်၏ ပညာရေးအားနည်းချက်များကို ပြုပြင်ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပညာရေးကဏ္ဍပညာ သင်ကြားရေး၌ အားနည်းချက်များရှိနေဆဲဖြစ်သည်။ ပညာရေးအားနည်းမှုတွင် ပညာသင်ကြားရာ၌ အမှန်တကယ်ပညာတတ်မြောက်ရေးထက် အတန်းတက်ရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ခြင်းသည်လည်း အကြောင်းတစ်ချက်ပါဝင်သည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ်မှစတင်၍ အခြေခံပညာနှင့်အဆင့်မြင့်ပညာကဏ္ဍတွင် ပညာရည်မြင့်မားရေးကို ဦးစားပေးဆောင်ရွက်ခဲ့သည်။ ကျောင်းသား ကျောင်းသူများကို သက်ဆိုင်ရာဘာသာရပ်နှင့် အတန်းအလိုက်သင်ကြားပေးသည့် ပညာရပ်များကို အမှန်တကယ်သိရှိနားလည်သဘောပေါက်အောင် ကြိုးစားသင်ကြားပြသပေးကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်၏အနာဂတ်အတွက် အမှန်တကယ်ပညာတတ်ကျွမ်းသည့်၊ ဆင်ခြင်သုံးသပ်နိုင်စွမ်းမြင့်မားသည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက် ကျောင်းသင်ပညာရပ်များကို ကျေလည်အောင်တတ်မြောက်ပြီး အခြားဗဟုသုတ၊ ပြည်သူ့နီတိ၊ လူမှုဆက်ဆံရေးစသည့် ဘာသာရပ်များတွင်လည်း လက်တွေ့ဘဝနှင့်ထင်ဟပ်ကာ နှံ့စပ်တတ်မြောက်သိမြင်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။   

No comments:

Post a Comment