Friday, July 31, 2026

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

 

နေပြည်တော် ဇူလိုင် ၃၀

တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၃ ရက် မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၃ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးမြလင်း၏ ရန်ကုန်-ရခိုင် ကမ်းရိုးတန်းပတ် သင်္ဘောခရီးစဉ်များ ပြေးဆွဲပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် ကမ်းရိုးတန်းသွား ကမ်းထိုးကုန်တင်ရေယာဉ် တစ်စင်းဖြင့် ရန်ကုန်-ကော့သောင်း-ရနောင်း ခရီးလမ်းတွင် လက်ရှိပြေးဆွဲပေးလျက်ရှိပြီး လတ်တလောတွင် ရန်ကုန်-ရခိုင် ခရီးစဉ်ပြေးဆွဲရန် ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ် မရှိသေးပါသဖြင့် ပြေးဆွဲပေးနိုင် ခြင်းမရှိသေးပါကြောင်း၊ ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်များရရှိရေးအတွက် အစီအစဉ်များ ဆောင်ရွက်ထားပြီးဖြစ်ပါသဖြင့် ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်၍ ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်များ ဝယယူခြင်းနှင့် တည်ဆောက်ခြင်းများ ဆောင်ရွက်ပြီး လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ ရန်ကုန်-ရခိုင်ကမ်းရိုးတန်းပတ် သင်္ဘောခရီးစဉ်များ ပြေးဆွဲ ပေးသွားမည်ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း လုံခြုံရေး အခြေအနေအရ လတ်တလော ဆောင်ရွက်ပေးနိုင်ရန် ကန့်သတ်ချက်များ ရှိနေသေးပါကြောင်းနှင့် ကျန်းမာရေး၊ စီးပွားရေးအခက်အခဲရှိသူများကို စိစစ်၍ ကုန်စည်ပို့ဆောင်သည့် ကမ်းရိုးတန်းသွားရေယာဉ်များဖြင့် လိုက်ပါနိုင်ရန် စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

သို့ပါ၍ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် လတ်တလောတွင် ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်များ ဝယ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပို့ဆောင် ရေးဝန်ကြီးဌာနမှ လေကြောင်းလိုင်းများ ပုံမှန်ပျံသန်း ပြေးဆွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ပြည်သူလူထုခရီးသွားလာမှု အဆင်ပြေစေရေးအတွက် Public Transportation ကိစ္စကို နိုင်ငံတော်မှ အထူးအလေးထား မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၄) ဦးစိန်ရွှေမင်း၏ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် စကုဘက်ခြမ်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စား ၁၀၀၀ ကျော်သည် စကုမြို့နှင့် ၁၀ မိုင်ဝေးသော မင်းဘူးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ သွားရောက်ပင်စင် ထုတ်ယူရာတွင် အခက်အခဲများရှိနေပါသဖြင့် လစဉ်ပင်စင်ထုတ်ပေးခြင်းကို စကုမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ယာယီရုံးခန်းဖွင့်လှစ်ထုတ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက မင်းဘူးခရိုင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် စကုမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ယာယီရုံးခန်း ဖွင့်လှစ်၍ အငြိမ်းစားလစာထုတ်ပေးနိုင်ရန်အတွက် မင်းဘူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ ဝန်ထမ်း ဖွဲ့စည်းပုံအရ စကုမြို့သို့ နေ့စဉ်အငြိမ်းစားလစာ သွားရောက်ထုတ်ပေးရန် ဝန်ထမ်းအင်အားလိုအပ်ခြင်း၊ မင်းဘူးမြို့မှ စကုမြို့သို့ အငြိမ်းစားလစာ ထုတ်ပေးရန်အတွက် နေ့စဉ်အသွားအပြန်ငွေကြေး သယ်ယူပို့ဆောင်ရာတွင် လုံလောက်သောလုံခြုံရေး အစောင့်အရှောက်လိုအပ်ခြင်း၊ ငွေသယ်ယူပို့ဆောင်ရန်အတွက် မော်တော်ယာဉ်လိုအပ်ခြင်း၊ စကုမြို့၌ အငြိမ်းစားလစာထုတ်ပေးရန်အတွက် သယ်ယူလာသောငွေကြေးများအား ခေတ္တယာယီထိန်းသိမ်း သိုလှောင်ထားရှိရန် ဘဏ္ဍာခန်းလိုအပ်ခြင်းတို့ကြောင့် စကုမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ လစဉ်အငြိမ်းစား လစာထုတ်ပေးနိုင်ရန်အတွက် စက်ပစ္စည်းများနှင့် ရုံးသုံးပရိဘောဂများ လိုအပ်ခြင်းတို့ကြောင့် ယခုအခြေအနေအရ စကုမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ယာယီရုံးခန်းဖွင့်လှစ်၍ အငြိမ်းစားလစာ ထုတ်ပေးနိုင်ရန်အတွက် အခက်အခဲနှင့် လိုအပ်ချက်များရှိပါကြောင်း။

သို့ပါ၍ စကုမြို့ရှိ အငြိမ်းစားများအား လစဉ်အငြိမ်းစားလစာထုတ်ပေးခြင်းကို ငွေသား၊ စာရင်းပြောင်း၊ ငွေလွှဲနှင့် မိုဘိုင်းငွေပေးချေမှုနည်းလမ်းများဖြင့် မင်းဘူးခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲကဆောင်ရွက်ပေးလျက်ရှိပါသဖြင့် စကုမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ယာယီရုံးခန်းဖွင့်လှစ်ထုတ်ပေးနိုင်ခြင်းမရှိပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၉) ဦးစိုးမင်းစမ်း၏ မိသားစုပင်စင်လစာအား ထုတ်ယူလျက်ရှိသော အသက်(၇၀)နှစ်နှင့် အထက်အမယ်အိုများအတွက် အမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့် အသက်အရွယ်အား ထောက်ထား ငဲ့ညှာသောအားဖြင့် ၎င်းအမယ်အိုများ ပင်စင်လစာထုတ်ယူရာတွင် နောက်အိမ်ထောင်မပြုကြောင်း ထောက်ခံချက်လိုအပ်နေမှုအား ပယ်ဖျက်ပေးနိုင်ခြင်း ရှိ/ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က မိသားစုပင်စင်အကျိုးခံစားခွင့်နှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ(စ)၊ မိသားစုပင်စင်ဆက်လက်ခံစားခွင့် မရှိစေခြင်းနှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၄၉ ပြဋ္ဌာန်းထားချက်များအရ မိသားစုပင်စင်ထုတ်ယူနေသည့် ကွယ်လွန်သူအငြိမ်းစား၏ ခင်ပွန်း /ဇနီးထံမှ နောက်အိမ်ထောင် မပြုသေးကြောင်း ကိုယ်တိုင်ခံဝန်ချက်နှင့်သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်တို့ကို (၆)လလျှင် (၁)ကြိမ်နှင့် မိသားစုပင်စင်ထုတ်ယူ နေသည့် မိသားစုဝင်ထံမှ အိမ်ထောင်မပြုသေးကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်တို့ကို (၆)လလျှင် (၁)ကြိမ် တောင်းခံစိစစ်ခြင်းတို့ကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ စိစစ်ရာတွင်လည်း အသက်အရွယ်(ကျား/မ) သတ်မှတ်ချက်မရှိ မိသားစုပင်စင်ခံစားခွင့် ရရှိသူအားလုံးကို တောင်းခံစိစစ်ခြင်း ဖြစ်ပါကြောင်း။

အငြိမ်းစားများ၏ လစဉ်ပင်စင်နှင့်ဆုငွေ၊ အခါအားလျော်စွာ ခွင့်ပြုသည့်စရိတ်ကြေးငွေစသည့် ပင်စင်အသုံးစရိတ်များကို နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲခြင်းဖြစ်ရာ နိုင်ငံဘဏ္ဍာငွေဖြင့် သုံးစွဲငွေများ မှန်ကန်မှုရှိစေရန် သတ်မှတ်ချက်နှင့်အညီ စိစစ်ရခြင်းဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံ အချို့တွင်လည်း အငြိမ်းစားကွယ်လွန်ပြီးနောက် အိမ်ထောင်စုဝင်များသို့ မိသားစုအကျိုးခံစားခွင့်ပေးရာတွင် နောက်အိမ်ထောင်မပြုကြောင်း ကြေညာချက်ကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်သူ သို့မဟုတ် အစိုးရအရာထမ်းတစ်ဦးဦး သို့မဟုတ် ဘဏ်မန်နေဂျာ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးစေပြီး (၆)လ လျှင်(၁)ကြိမ် သို့မဟုတ် (၁)နှစ်လျှင်(၁)ကြိမ် ပေးပို့ရ ပါကြောင်း၊ အချို့သော အာဆီယံနိုင်ငံများတွင် စာရင်းအင်းဆိုင်ရာ အာဏာပိုင်အဖွဲ့မှ တိုက်ရိုက်ရယူခြင်း၊ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ပြည်သူ့ဝန်ထမ်းရေးရာဦးစီးဌာနတို့နှင့် တိုက်ရိုက်ချိတ်ဆက် ရယူသည်ကို လေ့လာတွေ့ရှိရပါကြောင်း။

သို့ဖြစ်ပါ၍ မိသားစုပင်စင်ခံစားရရှိနေသူများအား နောက်အိမ်ထောင်မပြုကြောင်း ထောက်ခံချက် ကို တည်ဆဲဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ကျား/မ အသက်အရွယ် သတ်မှတ်ချက်မရှိ စိစစ်တောင်းခံခြင်းဖြစ်ပါကြောင်းနှင့် ထိုသို့ဆောင် ရွက်ခြင်းသည် မိသားစုပင်စင်ခံစားခွင့်ရရှိသူဦးရေ မှန်ကန်စေမှုကို အထောက်အထားဖြစ်စေပြီး နိုင်ငံဘဏ္ဍာလေလွင့် ဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းဆောင် ရွက်ခြင်းဖြစ်ပါကြောင်း ဖြေကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးသန်းထွန်းက အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၇) ဦးဇင်မင်းထက်က အဆိုပါဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်က အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က အတည်ပြုပေးပါရန် အဆိုတင်သွင်းရာ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၅) ဦးထိန်လင်းက ထောက်ခံသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းကို အတည်ပြုရန်လွှတ်တော်၏ သဘောထားရယူရာ သဘောတူသဖြင့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် တနင်္သာရီတိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၁) ဦးစိုးကြည်က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၇) ဦးဇင်မင်းထက်က အဆိုပါဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က တိုင်းဒေသ ကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုပေးပါရန် အဆိုတင်သွင်းသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသဖြင့် တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်းအတည်ဖြစ်ကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ယနေ့သည် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ဖြစ်ပါကြောင်း၊ ပထမအပိုင်းအနေဖြင့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် ဇွန် ၂ ရက်မှ ဇူလိုင် ၃၀ရက် ယနေ့အထိ အစည်းအဝေးကျင်းပရက် (၂၃) ရက်အတွင်း အမျိုးသားလွှတ်တော်၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသွားမည် ဖြစ်ပါကြောင်း။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့လာသည့် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ၊ ဂျပန်-မြန်မာ ပါလီမန်ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ၊ ဂျပန်- မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်းဥက္ကဋ္ဌနှင့် ဂျပန် - မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်း ညွှန်ကြားရေးမှူးတို့ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို လွှတ်တော်သို့တင်ပြခြင်း နှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

ကော်မတီများဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇ နှင့် ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ ရေးရာကော်မတီ(၁၆)ခုအား လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးစီနှင့် လွှတ်တော်သို့တင်ပြပြီး အတည်ပြုချက်ရယူခြင်းနှင့် ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံတကာနှင့် ဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးကို ရှေးရှုပြီး အမျိုးသားလွှတ်တော်နှင့် ရုရှား၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ လာအို၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းလွှတ်တော်များနှင့် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီး ရေးအသင်း (၇)သင်းကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း။

မေးခွန်းများ မေးမြန်းခြင်းကဏ္ဍတွင် လွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း (၉၃)ခု နှင့် ကြယ်ပွင့်မပြမေးခွန်း (၁၃၁)ခုတို့ကို မေးမြန်းခဲ့ ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းများအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုချင်းအနေဖြင့်လည်းကောင်း၊ ဝန်ကြီးဌာန အချင်းချင်း ပေါင်းစပ်၍လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ လည်းကောင်း လွှတ်တော်တွင်နှုတ်ဖြင့် ဖြေကြားခြင်း၊ စာဖြင့်ပေးပို့ဖြေကြားခြင်းတို့ကို အများပြည်သူ တို့၏ အကျိုးငှာဆောင်ရွက်ခဲ့ပါကြောင်း။

အဆိုတင်သွင်းခြင်းကဏ္ဍတွင် အဆို(၅)ခုကို ဆွေးနွေးခဲ့ပြီး အဆို(၂)ခုကို အတည်ပြုခြင်း၊ အဆို(၂)ခုကို မှတ်တမ်းတင်ခြင်းနှင့် အဆို(၁)ခုကို တတိယပုံမှန်အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။

ဥပဒေကြမ်း တင်သွင်းခြင်းကဏ္ဍနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း(၃)ခုကို အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးခဲ့ပါကြောင်း။

ဒုတိယပိုင်းအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများကို မှာကြားသွားမည်ဖြစ်ပါကြောင်း၊ လွှတ်တော်၏ လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက “မေးခွန်းမေးမြန်းခြင်း”သည် လွှတ်တော်၏ အရေးပါသည့် လုပ်ငန်းစဉ်များဖြစ်သည်မှာ မှန်သော်လည်း လွှတ်တော်လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်အစည်းအဝေး၏ ပထမ(၁)နာရီအား မေးခွန်းမေးမြန်းရန် သတ်မှတ်ထားခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်၏အဓိကအကျဆုံးနှင့် အခြေခံအကျဆုံး လုပ်ငန်းတာဝန်ကြီးသည် “ဥပဒေပြုရေးလုပ်ငန်း (Legislative Function)”ပင် ဖြစ်ပါကြောင်း၊ ဥပဒေဆိုသည်မှာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အသက်သွေးကြောသဖွယ် အရေးကြီးသောကြောင့် မိမိတို့အနေဖြင့် ဥပဒေပြုရေးကဏ္ဍကို ပိုမိုအားစိုက် ခိုင်မာအောင် တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များ လေ့လာနိုင်ရန်အတွက် ဝန်ကြီးဌာနအလိုက် ပြဋ္ဌာန်းထားသည့် ဥပဒေများအားလုံးနီးပါးကို သက်ဆိုင်ရာ လွှတ်တော်ကော်မတီများအလိုက် Soft Copy ၊ Hard Copy များ ဖြန့်ဝေပေးထားပါကြောင်း၊ ကော်မတီများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် ဝန်ကြီးဌာန အလိုက် စီမံခန့်ခွဲသည့်ဥပဒေများကို ကော်မတီတွင် တစ်ဦးချင်းတာဝန်ခွဲပြီး လေ့လာကြရန် ဖြစ်ပါကြောင်း။

ပြည်သူများအပေါ် သက်ဆိုင်ရာဥပဒေများ၏ သက်ရောက်မှုများနှင့် ပတ်သက်သည့် ပြည်သူ့အသံ များနှင့် အခက်အခဲများကို နားထောင်ရန်လည်း လိုအပ်ပါကြောင်း။

တစ်ဖက်တွင်လည်း အကောင်အထည်ဖော် လုပ်ငန်းဆောင်ရွက်ရသည့် အုပ်ချုပ်ရေးပိုင်းမှ ဝန်ထမ်း များ၏ အခက်အခဲများကို နားထောင်ရန်လည်း လိုအပ်ပါကြောင်း။

ဥပဒေပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ အချို့ဌာနများတွင်လည်း ပြင်ဆင်သင့်သည့် ဥပဒေများရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြင်ဆင်ရန် ကျန်ရှိနေသည့် ဥပဒေများရှိနိုင်ပါကြောင်း။

ယင်းကိစ္စများကို ကော်မတီအလိုက် ကော်မတီဝင်များ ခွဲဝေလေ့လာခဲ့ကြမည်ဆိုပါက တတိယပုံမှန် အစည်းအဝေးစတင်သည့်နောက်ပိုင်း ဥပဒေပြုရေးအတွက် အထောက်အကူများစွာ ရရှိမည်ဖြစ်ပါကြောင်း၊ ကော်မတီဝင်များ လေ့လာခဲ့သည့် ဥပဒေများကို စုစည်းပြီး ပြင်ဆင်သင့်/ ရုပ်သိမ်းသင့်/ မူလအတိုင်းထားသင့်/ အသစ်ပြဋ္ဌာန်းသင့် စသဖြင့် ခေါင်းစဉ်အလိုက် စုစည်းပြီး ဦးစားပေးအလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်ကော်မတီများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနအလိုက် စီမံခန့်ခွဲသည့်ဥပဒေများကို ကော်မတီဝင်များ တာဝန်ခွဲပြီး လေ့လာခဲ့ကြရန် တိုက်တွန်းလိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး လွှတ်တော်ရပ်နားစဉ်ကာလအတွင်း မိမိတို့၏ မိသားစုများနှင့်အတူ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း၊ မိမိတို့၏ မဲဆန္ဒနယ်မြေများရှိ ပြည်သူလူထုနှင့် ထိတွေ့ကာဥပဒေပြုရေး တာဝန်များကို ခေတ်နှင့်အညီ အောင်မြင်စွာ ဖော်ဆောင်နိုင်ကြပါစေကြောင်း၊ ပြည်သူ့အကျိုး စီးပွားကို ဖော်ဆောင်နိုင်ရေးအတွက် စေတနာထား ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၂၃ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကျင်းပပြီးစီးကြောင်း ကြေညာသည်။

သတင်းစဉ်

No comments:

Post a Comment