Friday, July 31, 2026

နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် အာကာသနည်းပညာဖွံ့ဖြိုးရေးဆောင်ရွက်

 


မိမိတို့နေထိုင်သည့်ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည်ဖြစ်သဖြင့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေ သိရှိနားလည်ရမည်၊ အကျိုးရှိအောင်အသုံးချနိုင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော် အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ(MSA)မှ ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားသို့ တက်ရောက်၍ သုံးသပ်လမ်းညွှန်မှာကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

လူသားတို့ အာကာသကိုစူးစမ်းလေ့လာမှုနှင့် အာကာသနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုတို့မှာ နှစ်ပေါင်း ၆၀ ကျော် ၇၀ ခန့်ပင် ရှိလာခဲ့ပြီဖြစ်သည်။ အစကနဦးတွင် အာကာသသိပ္ပံနှင့် နည်းပညာတို့မှာ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများက ဦးဆောင်ခဲ့ခြင်းဖြစ်သော်လည်း မျက်မှောက်ကာလတွင်မူ နိုင်ငံကြီးငယ်မဟူ အာကာသနည်းပညာတို့နှင့် တစ်နည်းနည်းပတ်သက်နေကြရသည်။ ဆက်သွယ်ရေး၊ မိုးလေဝသခန့်မှန်းရေး၊ ရေကြောင်း၊ လေကြောင်းသွားလာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေး၊ ဘူမိဗေဒတိုင်းတာရေး၊ နိုင်ငံကာကွယ်ရေးနှင့်လုံခြုံရေးစသည်ဖြင့် အာကာသနည်းပညာများကို တစ်ခုမဟုတ်တစ်ခု အသုံးပြုလာ ကြရသည်။

မြန်မာနိုင်ငံသည် အာကာသနည်းပညာနှင့်ပတ်သက်၍ ယခင်ကတည်းက စိတ်ဝင်စားစွာဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေတွင် မြန်မာအာကာသအေဂျင်စီ (MSA) ကို စနစ်တကျဖွဲ့စည်း၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် အခြေအနေသို့ရောက်ရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံးသော အာကာသယာဉ်မှူးတာဝန်ထမ်းဆောင်ရန်အတွက် အာကာသယာဉ်မှူးလောင်းများကိုပင် ပဏာမရွေးချယ်ထားနိုင်ပြီဖြစ်သည်။ အဆိုပါအာကာသယာဉ်မှူးလောင်းများကို အဆင့်ဆင့်သော စိစစ်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် နိုင်ငံတော်အတွက် ပထမဆုံးသော အာကာသယာဉ်မှူးများ ရွေးချယ်ပေါ်ထွက်လာမည်ဖြစ်သည်။

‘‘မိမိတို့နိုင်ငံ၏ အာကာသနည်းပညာ မြင့်မားတိုးတက်လာစေရေးအတွက် မိမိအနေဖြင့် နိုင်ငံတော်၏ ရေရှည်အကျိုးကိုကြည့်၍ ပံ့ပိုးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုကဲ့သို့ အာကာသနည်းပညာများ တိုးတက်လာခြင်းဖြင့် နိုင်ငံအတွက်များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ယနေ့သုတေသန ပြခန်းများအတွင်း ပြသထားသည့် လေ့လာဆန်းစစ်မှုများသည်လည်း နိုင်ငံ၏အကျိုးစီးပွားအတွက် များစွာအထောက်အကူ ဖြစ်စေနိုင် မည်ဖြစ်ကြောင်း၊ အာကာသအတွင်းသို့ ဂြိုဟ်တုလွှတ်တင်နိုင်ရေး သာမက အာကာသယာဉ်မှူးများကိုလည်း စေလွှတ်နိုင်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်၏ဂုဏ်ကို ပိုမိုမြှင့်တင် ပေးနိုင်မည်ဖြစ်သည့်အပြင် ရရှိလာမည့် အသိပညာ၊ နည်းပညာနှင့် အချက်အလက်များသည်လည်း နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို အောင်မြင်အောင် စနစ်တကျဖြင့် ဆောင်ရွက်သွားကြစေလို ကြောင်း’’ နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ရာ အာကာသ တွင်းသို့ ဂြိုဟ်တုလွှတ်တင်မှုများ၊ မြန်မာ့အာကာသယာဉ်မှူးများ စေလွှတ်မှုများသည် မဝေးကွာသည့် အနာဂတ်ကာလတွင် ဖြစ်ထွန်း ပေါ်ပေါက်လာမည်ဖြစ်သည်။

အနာဂတ်ကာလတစ်လျှောက် အာကာသသိပ္ပံနှင့် နည်းပညာများ ဖွံ့ဖြိုးရေးတွင် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်မည်ဖြစ်ရာ မြန်မာလူငယ်များထဲမှ အာကာသသိပ္ပံပညာရှင်များ၊ နည်းပညာရှင်များ၊ အင်ဂျင်နီယာများ ပေါ်ထွက်လာရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အာကာသသိပ္ပံနှင့် နည်းပညာများအပေါ် ကလေးအရွယ်ကပင် စတင်စိတ်ဝင်စားလာ ကြစေရေးအတွက် အာကာသပြတိုက်၊ နက္ခတ်တာရာပြခန်းများကို ခေတ်နှင့်အညီစဉ်ဆက်မပြတ် အဆင့်မြှင့်တင်ကာ ကြည့်ရှုလေ့လာ စေခြင်း၊ အာကာသဗဟုသုတနှင့် နည်းပညာဆိုင်ရာပြိုင်ပွဲများ၊ ပြပွဲများ၊ ဟောပြောပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းပို့ချသင်ကြားပေးခြင်း၊ ပညာပေးစာအုပ်စာစောင်များ ထုတ်ဝေ၍ ဗဟုသုတဖြန့်ဝေခြင်း စသည့်နည်းလမ်း အမျိုးမျိုးဖြင့် ရေရှည်စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လည်း လိုအပ်သည်။

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော စက်မှုနိုင်ငံဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော နိုင်ငံဖြစ်ရာ အာကာသသိပ္ပံနည်းပညာများဖြင့် နိုင်ငံ၏ကြိုးပမ်းဆောင်ရွက်မှုကို အကျိုးပြုနိုင်ရန် ဆက်လက်အားထုတ်ဆောင်ရွက်သွားကြရ မည်ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတော်၏ အကျိုးစီးပွား ဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ မြင့်မားရေးတို့ကို ရှေးရှု၍ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက မိမိတို့နိုင်ငံသည် ဒေသတွင်းနှင့် ကမ္ဘာ့အလယ်တွင် အာကာသနည်းပညာဆိုင်ရာနှင့်ပတ်သက်၍ ဂုဏ်ယူဝင့်ကြွားနိုင်ပါမည့် အကြောင်း။ ။

No comments:

Post a Comment