ယနေ့သည် မြန်မာနိုင်ငံဒေသအသီးသီးတွင် မှီတင်းနေထိုင်ကြသည့် မြန်မာအမျိုးသမီးများအားလုံးအတွက် ထူးခြားလေးနက်သည့် နေ့တစ်နေ့ဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစ၍ မျက်မှောက်ကာလအထိ နိုင်ငံအကျိုး၊ ပြည်သူအကျိုးအတွက် စွမ်းစွမ်းတမံသယ်ပိုးထမ်းဆောင်ခဲ့ကြသည့် မြန်မာအမျိုးသမီးများ အမြောက်အမြားရှိသည်။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက မြန်မာအမျိုးသမီးသခင်မများနှင့် လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်သည့်ကာလ၌ သူရမချစ်ပိုကဲ့သို့ နိုင်ငံအတွက် စွန့်လွှတ်စွန့်စား စွမ်းဆောင်ကြသည့် မြန်မာအမျိုးသမီးများကို အလေးအနက်ဂုဏ်ပြုရမည်ဖြစ်သည်။
အမျိုးသမီးများသည်
အမျိုးသားများနှင့်ယှဉ်လျှင် အားနွဲ့သူများဖြစ်၍ ချန်လှပ်ထားခြင်းမပြုဘဲ အမျိုးသားများနှင့်
တန်းတူယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံအများက အလေးထားဆောင်ရွက်ခဲ့ကြသည်။ ၁၉၉၅ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ဘေဂျင်းမြို့၌ ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ၏ ဘေဂျင်းကြေညာစာတမ်းတွင်
လုပ်ငန်းနယ်ပယ်အသီးသီးမှ အမျိုးသမီးများအားလုံး ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတိုင်းတွင်
အမျိုးသမီးကော်မတီများ ဖွဲ့စည်းရန်ဆိုသည့်အချက်ပါရှိသည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးများအားလုံး
ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ
အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
အဆိုပါဖွဲ့စည်းခဲ့သည့်နေ့နှင့်
စွမ်းဆောင်ရည်မြင့်မားသော အမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် ၁၉၉၈ ခုနှစ် ဇူလိုင်လ
၃ ရက်နေ့မှစတင်ပြီး မြန်မာအမျိုးသမီးများနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့သည်။
ထိုနေ့တွင် နိုင်ငံအကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် အမျိုးသမီးများကို ဂုဏ်ပြုပေးခဲ့သည်။
မျက်မှောက်ကာလတွင် ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းစွမ်းဆောင်ကြရာတွင်
အမျိုးသားများနှင့်တန်းတူ မြန်မာအမျိုးသမီးများကလည်း ကြိုးပမ်းစွမ်းဆောင်နေကြသည်ကို
တွေ့ရသည်။ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး၊ ကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်
ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ နယ်ပယ်အသီးသီးတွင် ကာယ၊ ဉာဏစွမ်းပကားများဖြင့် စွမ်းစွမ်းတမံ
သယ်ပိုးထမ်းရွက်နေကြသည့် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍမှာ ပိုမိုကျယ်ပြန့်လာသည်ကို
တွေ့ရသည်။
အသက် ၂၅ နှစ်နှင့်အထက်
နိုင်ငံလူဦးရေ၏ အမြင့်ဆုံးအောင်မြင်ပြီးစီးခဲ့သည့် အတန်းပညာကို စစ်တမ်းကောက်ယူခဲ့ရာ၌
မူလတန်းအဆင့်တွင် အမျိုးသား ၄၂ ဒသမ ၃ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၁ ရာခိုင်နှုန်း၊
အလယ်တန်းအဆင့်တွင် အမျိုးသား ၂၅ ဒသမ ၂ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၈ ဒသမ ၈ ရာခိုင်နှုန်း၊
အထက်တန်းအဆင့်တွင် အမျိုးသား ၁၅ ဒသမ ၂ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၁ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး
တက္ကသိုလ်ဘွဲ့ရအဆင့်တွင် အမျိုးသား ၉ ဒသမ ၇ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၂ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း
တွေ့ရသည်။ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အဆင့်မြင့်ပညာကို တက်လှမ်းမည့် ထူးချွန်ထက်မြက်သည့်
အမျိုးသမီးများအရေအတွက် ပိုမိုများပြားလာသည်ကိုတွေ့ရသည်။ ပညာရေး၌ အမျိုးသမီးကဏ္ဍတိုးတက်စေရန်
ဆောင်ရွက်ရမည်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းကဏ္ဍအလိုက်
အလုပ်လက်ရှိရာခိုင်နှုန်းအနေဖြင့် ၂၀၂၃ ခုနှစ်တွင် အမျိုးသားများ၏ အလုပ်အကိုင်ရရှိမှုသည်
လယ်ယာကဏ္ဍ၌ ၄၉ ဒသမ ၇၈ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍ၌ ၁၉ ဒသမ ၃၆ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍ၌
၃၀ ဒသမ ၈၆ ရာခိုင်နှုန်း လုပ်ကိုင်လျက်ရှိသည်။ အမျိုးသမီးများ အလုပ်အကိုင်ရရှိမှုတွင်
လယ်ယာကဏ္ဍ၌ ၄၂ ဒသမ ၀၇ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍ၌ ၁၆ ဒသမ ၈၁ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍ၌
၄၁ ဒသမ ၁၂ ရာခိုင်နှုန်းတို့ရှိရာ ကဏ္ဍအလိုက် အမျိုးသမီးများ၏ ပါဝင်မှုတိုးမြင့်လာအောင်
ဆောင်ရွက်ကြရန်လိုသည်။ အမျိုးသမီးများ၏ အခွင့်အရေးနှင့် ကျား၊ မ တန်းတူညီမျှမှု၊ အမျိုးသမီးများအပေါ်
အကြမ်းဖက်မှုများသည် ကျား၊ မ ရေးရာကွာဟချက်ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် အမျိုးသမီးများ၏
စွမ်းဆောင်နိုင်မှုများကို အသိအမှတ်ပြုပြီး ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိစေရန်
အလေးထားဆောင်ရွက်ပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာအမျိုးသမီးများ၏
ဂုဏ်ရည်များသည် ခေတ်အဆက်ဆက် ထင်ရှားပေါ်လွင်ဆဲဖြစ်ရာ အမျိုးသမီးများကဏ္ဍ မြင့်မားရေး၊
အမျိုးသားများနှင့်ရင်ပေါင်တန်းပြီး တွဲလက်ညီညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်
ပြည်ထောင်စုကြီးတည်ဆောက်ရေး၊ ကဏ္ဍစုံတွင် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်နိုင်ရေးအတွက်
တစ်ဦးချင်းစီမှသည် မိသားစု၊ ရပ်ရွာ၊ နိုင်ငံအကျိုး သယ်ပိုးထမ်းဆောင်နိုင်စေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
။

No comments:
Post a Comment