နေပြည်တော် ဇူလိုင် ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားနေရာရှိ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်သို့
ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်
ရှင်းလင်းဆောင်ခန်းမတွင် နိုင်ငံတော်သမ္မတအား
မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်နှင့်
တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါဘက်စုံ
စိုက်ပျိုးမွေးမြူရေးဇုန်၊ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် (မှော်ဘီ)၊ (၂၆) မိုင်
ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တို့သို့ နိုင်ငံတော်အကြီးအကဲရောက်ရှိစစ်ဆေးစဉ်
လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ဇုန်များအလိုက်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုနှင့်
လုပ်ငန်းလည်ပတ်နေမှု၊ ငါး၊ ဥစားဘဲ၊ ဥစားကြက်၊ အသားတိုးဝက်၊ အသားတိုးကြက်၊
နို့စားနွား၊ အသားစားနွား စသည့်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊
လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထွက်နှုန်းတိုးတက်မြင့်မားစေရေး၊
မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူခြင်း၊ ခေတ်မီနည်းစနစ်နှင့်
စက်ကိရိယာများ၊ သုတေသနပြုအသုံးပြုမွေးမြူခြင်း၊ သားဖောက်မွေးမြူခြင်းနှင့်
မွေးမြူရေးအစာအရည်အသွေး ပြည့်စုံကောင်းမွန်မှုရှိစေရေးစီမံဆောင်ရွက်လျက်ရှိမှု၊
ထွက်ရှိလာသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို ဈေးကွက်အတွင်းသို့
ဖြန့်ဖြူးလျက်ရှိမှု၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများဖြင့် Bio-Gas ထုတ်လုပ်နိုင်ရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊
မွေးမြူရေးဇုန်များ၌ အစာစပ်လုပ်ငန်းနှင့် အစာတောင့်စက်များ ထုတ်လုပ်လျက်ရှိမှု၊
အစေ့ထုတ်ပြောင်းစပ်မျိုး (Hybrid) စိုက်ပျိုးထုတ်လုပ်လျက်ရှိမှု၊
အရိပ်ရလေကာပင်များ စိုက်ပျိုးပြီးစီးမှု၊ ရော်ဘာစိုက်ပျိုးရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊
နှစ်ရှည်သီးနှံပင်များ၊ ရာသီသီးနှံပင်များ စိုက်ပျိုးထားရှိမှုနှင့်
ဇုန်များအလိုက် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်
ပတ်သက်၍လည်းကောင်း၊ မြန်မာစီးပွားရေးဦးပိုင် အများပိုင်ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်ကြီးတေဇာနီက ငါးမွေးမြူရေးလုပ်ငန်း (မအူပင်)၊
ငါးမွေးမြူရေးလုပ်ငန်း (ရွှေမုဒေါင်း) တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊
တန် (၅၀၀) အအေးခန်းစက်ရုံ (လှိုင်သာယာ) ၏ အချက်အလက်များနှင့်
လုပ်ငန်းဆောင်ရွက်နိုင်မှုတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က
တိုင်းဒေသကြီးဆိုင်ရာ အချက်အလက်များ၊ မြေအသုံးချမှုနှင့်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို
ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက
ရန်ကုန်ဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များ
အကောင်အထည်ဖော်ဆောင်ရွက်စေခြင်းသည် ဒေသတွင်း အသား၊ ငါး၊ ဥ အမျိုးမျိုးနှင့်
ရာသီသီးနှံများ ဖူလုံမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ ၇ သန်းကျော် ၈ သန်းခန့်၏ နေ့စဉ် အသား၊ ငါး၊
ဥ အမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊
ဈေးနှုန်းသက်သာစွာဖြင့် ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်ရေးအတွက် မိမိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
တာဝန်ထမ်းဆောင်စဉ်ကတည်းကပင် စဉ်းစားဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး
မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ မြန်မာစီးပွားရေးဦးပိုင်
အများပိုင်ကုမ္ပဏီလီမိတက်တို့ကို တာဝန်များခွဲဝေကာ
အကောင်အထည်ဖော်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း။
သီလဝါစိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့်
အသား၊ငါးများသည် တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များနှင့် သီလဝါစက်မှုဇုန်တို့၏
စားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေလျက်ရှိကြောင်း၊ အလားတူ
ငါးမွေးမြူရေးလုပ်ငန်း (ရွှေမုဒေါင်း) မှ ထွက်ရှိသည့် ငါးများ၊
ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် (မှော်ဘီ) မှ ထွက်ရှိသည့် ဝက်သား၊ ကြက်ဥနှင့်
ကြက်သားများ၊ (၂၆) မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံမှထွက်ရှိသည့် အသား၊
နို့နှင့်နို့ထွက် ပစ္စည်းများသည်လည်း ရန်ကုန်တိုင်းဒေသကြီး၏ စားရေးကို
များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း
မွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်နေကြကြောင်း၊ ဥစားကြက်၊ ဘဲ
မွေးမြူရေးနှင့် ပတ်သက်၍ ဥထွက်ရှိမှုပမာဏ၊ ဥသည့်အချိန်ကာလတို့ကို စနစ်တကျတွက်ချက်ချိန်ညှိ၍
အသုတ်လိုက်မွေးမြူသည့်စနစ်ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ကြရမည်ဖြစ်ပြီး
အထွက်နှုန်းတိုးမြှင့်လာစေမည့် မွေးမြူရေးနည်းလမ်းများကိုလည်း ဆက်လက်လေ့လာဆောင်ရွက်သွားကြရန်လိုကြောင်း၊
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိရိုးဖလာသမားရိုးကျ
နည်းလမ်းများဖြင့် မွေးမြူခြင်းထက် ခေတ်မီနည်းစနစ်များ အသုံးပြုစိုက်ပျိုးသည့်
နည်းလမ်းများကို အသုံးပြုဆောင်ရွက်ကြရန်လိုကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံ၊
အလုပ်ရုံများစွာရှိပြီး လူဦးရေများပြားစွာရှိနေခြင်းကြောင့် ဝယ်လိုအားနှင့်
ရောင်းလိုအားမျှတစေရန်နှင့် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုကို
ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများ ထုတ်လုပ်မှုကို
တိုးမြှင့်ဆောင်ရွက်စေခြင်းဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်အောင်
ဆက်လက်အကောင်အထည်ဖော်သွားကြရန်လိုကြောင်း၊ ဇုန်များအလိုက်
မြေအသုံးချမှုများကိုလည်း အကျိုးရှိရှိအသုံးပြုနိုင်ရန်လိုပြီး
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရန်လိုကဲ့သို့
အထွက်နှုန်းများတိုးမြင့်လာစေရေးအတွက်လည်း
စနစ်တကျဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်တွင် နိုင်ငံရေးအရ
တည်ငြိမ်မှုရှိသည်ဟုဆိုရာတွင် ပြည်သူလူထု၏ စားရေးအဆင်ပြေရန်၊ စီးပွားရေးအရပြေလည်ရန်
အဓိကလိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ စားရေးအဆင်ပြေမှုရှိစေရေးအတွက်
စိုက်ပျိုးမွေးမြူရေးဇုန်များကို ဒေသအလိုက် မဖြစ်မနေအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊
အကျိုးအမြတ်ရရှိရေးသည် အဓိကမဟုတ်ဘဲ ပြည်သူလူထုအနေဖြင့် အသား၊ငါးနှင့်
ရာသီသီးနှံများကို သက်သာသော ဈေးနှုန်းများဖြင့် လုံလုံလောက်လောက်
ဝယ်ယူစားသောက်နိုင် စေရေးအတွက်ကိုသာ အဓိကဆောင်ရွက်ခြင်းဖြစ်သဖြင့် ယခုထက်
ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း၊ ရန်ကုန်မြို့သည် ယခင်က
နိုင်ငံတော်၏ မြို့တော်ဖြစ်သည်နှင့်အညီ စီးပွားရေးအရအချက်အခြာကျသည့်မြို့၊
ဖွံ့ဖြိုးတိုးတက်သည့်မြို့၊ အသိပညာအတတ်ပညာရှင်များဖြင့် စုစည်းကျစ်လစ်သည့်မြို့၊
စသည့်အခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားသည့် မြို့ဖြစ်သဖြင့် အခြားသောမြို့များထက်
ဦးဆောင်စံပြဖြစ်ရမည်ဖြစ်ပြီး ဒေသတွင်းစားရေး အဆင်ပြေစေရေးအတွက် ဆက်လက်အကောင်အထည်ဖော်သွားကြရန်လိုကြောင်း၊
အလားတူ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အသား၊ ငါးနှင့် ဥများ
ဖူလုံမှုရှိစေရေး ဒေသအလိုက်နေထိုင်သည့် လူဦးရေနှင့် စားသုံးမှုအပေါ်မူတည်တွက်ချက်၍
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် စနစ်တကျဖြင့်
ဆောင်ရွက်သွားကြရန်လိုကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်း
ရာဘာစိုက်ပျိုးမှုများသည်လည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့်
တန်ဖိုးမြှင့်ရာဘာထုတ်ကုန်များ ထုတ်လုပ်သွားနိုင်ရန်လိုကြောင်း၊ MSME လုပ်ငန်းများနှင့်
ပတ်သက်၍လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာများအပါအဝင်
စက်ပစ္စည်းအမျိုးမျိုးကိုလည်း ထုတ်ကုန်ပစ္စည်းများအဖြစ်
ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ MSME ကို အခြေခံသည့်
စီးပွားရေးနှင့် စုပေါင်းလုပ်ဆောင်သည့် သမဝါယမစနစ်ကို
ကျင့်သုံးဆောင်ရွက်သွားမည်ဆိုပါက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်လာစေနိုင်မည်ဖြစ်ကြောင်း
မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မွေးမြူရေးဇုန်အတွင်း
ငါးတန်၊ ငါးမြစ်ချင်း၊ ငါးမုတ်တို့အား ငါးသားဖောက်လုပ်ငန်းဆောင်ရွက်နေမှုနှင့်
ငါးသားပေါက်မွေးမြူထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏
တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည်
သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်အတွင်း လှည့်လည်၍
ဘဲမွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့် ငါးမွေးမြူရေးဆောင်ရွက်ထားရှိမှုတို့ကို
ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက်
လိုအပ်သည်များကိုလမ်းညွှန်မှာကြားပြီး ရှင်းလင်းဆောင်ခန်းမအတွင်း၌ သီလဝါဘက်စုံ
စိုက်ပျိုးမွေးမြူရေးဇုန်မှထွက်ရှိသည့် ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို
ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ
လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။






No comments:
Post a Comment