ဒီရေတောများသည် ပင်လယ်ကမ်းရိုးတန်း ကမ်းဦးရေတိမ်ပိုင်း ကမ်းတက်မြေများနှင့် ပင်လယ်ဒီရေဝင်ရောက်သော မြစ်ချောင်းကမ်းစပ်များတွင် သဘာဝအလျောက် ပေါက်ရောက်နေသည့် တောများဖြစ်ပြီး လူနှင့်ဇီဝမျိုးစုံတို့အတွက် လွန်စွာအရေးပါသလို ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍လည်း အရေးကြီးသည့်ကဏ္ဍတွင် ရှိနေသည်။ သို့ရာတွင် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ဒီရေတောများ ပြုန်းတီးမှုမှာ စိုးရိမ်ဖွယ်ရာအဆင့်သို့ ရောက်ရှိနေသည်ဟု ကျွမ်းကျင်သူများက ရှုမြင်ထားကြသည်။
မြန်မာနိုင်ငံရှိ
ဒီရေတောဖုံးလွှမ်းလျက်ရှိသော ဧရိယာသည် အာရှတိုက်တွင် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့ပြီးလျှင်
တတိယမြောက်အကြီးဆုံးသော ဒီရေတောဂေဟစနစ်ကြီးပင်ဖြစ်သည်။ ဒီရေတောများသည် လေထုထဲမှ မှန်လုံအိမ်ဓာတ်ငွေ့အမြောက်အမြားကို
စုပ်ယူထားနိုင်စွမ်းရှိခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက်လည်း လွန်စွာအရေးပါသည်။
ဒီရေတောများသည် မိုးသစ်တောများနှင့်နှိုင်းယှဉ်ပါက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို
၅ ဆပို၍ စုပ်ယူနိုင်စွမ်းရှိသည်။ သက်တမ်းရင့် ဒီရေတောသစ်ပင်တစ်ပင်က လူလေးဦးအတွက် လုံလောက်သောအောက်ဆီဂျင်ပမာဏကို
ထုတ်လုပ်ပေးနိုင်သည်။ စီးပွားဖြစ်ရောင်းချနိုင်သော ငါးမျိုးစိတ်များအတွက် နေရင်းဒေသများ
ဖန်တီးပေးခြင်းနှင့် ကမ်းရိုးတန်းဒေသများကို ကာကွယ်စောင့်ရှောက်ပေးခြင်းကဲ့သို့ လွန်စွာအရေးပါသည့်
ဂေဟစနစ်ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးနိုင်သည်။ သို့ဖြစ်ရာ ပင်လယ်စာထုတ်လုပ်မှုကို
၅ဝ ရာခိုင်နှုန်းအထိ ပိုမိုတိုးမြင့်စေနိုင်သည်။
ဒီရေတောများသည်
အညစ်အကြေးများကို စစ်ယူပေးသည့် သဘာဝရေစစ်သဖွယ်ဖြစ်ပြီး ရေသန့်စင်အောင် ပြုပြင်ပေးကြသည်။
မြစ်ချောင်းများမှ ရေများ ဒီရေတောကို ဖြတ်သန်းစီးဆင်းသွားသည့်အခါ ရေထဲတွင်ပါလာသည့်
ဓာတ်သတ္တုပစ္စည်းများ ဓာတ်ပြိုကွဲပြီး နုန်းမြေထဲသို့ အနည်ထိုင်သွားကြရာ ဒီရေတောပင်များက
ယင်းဓာတ်သတ္တုများကို စုပ်ယူကြသည်။ ထို့ပြင် ဒီရေတောများက ပင်လယ်ကမ်းရိုးတန်းများကို
မုန်တိုင်းဒဏ်၊ လှိုင်းဒဏ်နှင့် ကမ်းခြေရေတိုက်စားမှုတို့မှ ကာကွယ်ပေးနိုင်စွမ်းရှိရာ
၂၀၀၈ ခုနှစ်က အင်အားကြီးမားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း နာဂစ်တိုက်ခတ်ခဲ့စဉ်က
ကဒုံကနိကြိုးဝိုင်းနှင့် မိန်းမလှကျွန်းဘေးမဲ့တောတို့ အကာအကွယ်ရခဲ့သည့် ကျေးရွာများတွင်
အသေအပျောက် အပျက်အစီးနည်းပါးခဲ့သည်။
ကမ္ဘာတစ်ဝန်း ဒီရေတောဧရိယာ
ဟက်တာ ၁၅ ဒသမ ၂ သန်းခန့် ရှိသည့်အနက် နှစ်စဉ် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ
ဆုံးရှုံးနေသည်ဟုဆိုသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဒီရေတော ဧရိယာစုစုပေါင်း၏ ၃ ဒသမ ၃
ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားရာ ကမ္ဘာတွင် သတ္တမမြောက် အများဆုံးပိုင်ဆိုင်ထားခြင်းဖြစ်သည်။
သို့ရာတွင် မြန်မာနိုင်ငံသည် ဒီရေတောပြုန်းတီးမှု အမြင့်ဆုံးနိုင်ငံများထဲတွင် ပါဝင်လျက်ရှိသည်။
လွန်ခဲ့သော ၁ဝ နှစ်ခန့်ကာလအထိ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသ သုံးခုတွင် ဒီရေတောဖုံးလွှမ်းမှုအနေဖြင့်
တနင်္သာရီကမ်းရိုးတန်းဒေသ တွင် ၉၈ ရာခိုင်နှုန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတွင်
၂၉ ရာခိုင်နှုန်းနှင့် ရခိုင်ကမ်းရိုးတန်းတွင် ၇၆ ရာခိုင်နှုန်းရှိသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည်
ယခင်က မြန်မာနိုင်ငံတွင် ဒီရေတော အများဆုံးပေါက်ရောက်သည့်ဒေသ ဖြစ်ခဲ့ပြီး ဧက ၈ သန်းခန့်ရှိခဲ့သော်လည်း
နာဂစ်မုန်တိုင်းကျရောက်ခဲ့ပြီးနောက် ဧက ၅ သိန်းခန့်သာ ကျန်ရှိခဲ့သည်ဟု သိရသည်။
ယခုအခါ ဒီရေတောများသည်
မျောတိုင်များ၊ ထင်းမီးသွေးများ ထုတ်ယူခြင်း၊ လယ်ယာမြေများ၊ ငါးကန်ပုစွန်ကန်များ၊ နေလှန်း
ဆားကွင်းများ ဖော်ထုတ်ခြင်း၊ လူနေရပ်ရွာများ တိုးချဲ့လာခြင်း၊ စီးပွားရေးလုပ်ငန်းများ
လုပ်ကိုင်ရန်အတွက် ခုတ်ထွင်ရှင်းလင်းခြင်းတို့ကြောင့် နှစ်စဉ်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိသည်။
မြန်မာ့ဒီရေတောများကို ကာကွယ်တောများ သတ်မှတ်ထိန်းသိမ်းခြင်း၊ ပြန်လည်စိုက်ပျိုးခြင်းတို့ဖြင့်
ကာကွယ်လျက်ရှိရာ ဒီရေတောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တော ၄၄ ခု၊ အဏ္ဏဝါအမျိုးသားဥယျာဉ်နှင့်
သဘာဝထိန်းသိမ်းရေးနယ်မြေ ခြောက်ခုအထိ သတ်မှတ်ထားပြီးဖြစ်သည်။ ဒီရေတောဧက သောင်းချီ၍
စိုက်ပျိုးတည်ထောင်ခဲ့ပြီးဖြစ်ကာ ဆက်လက်တိုးချဲ့စိုက်ပျိုးလျက်ရှိသည်။ ထို့ပြင် ဒေသခံပြည်သူများပါဝင်
စိုက်ပျိုးထိန်းသိမ်းသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် ဒီရေတောစိုက်ခင်းများကို ဖော်ဆောင်လျက်ရှိသည်။
ပင်လယ်ပြင်နှင့်
ကုန်းမြေတို့အကြားတွင် အစိမ်းရောင်တံတိုင်းသဖွယ် ကာရံတည်ရှိနေသည့် ဒီရေတောများမှာ ရာသီဥတုမျှတရေး၊
ပတ်၀န်းကျင်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရေး၊ ငါးပုစွန်သယံဇာတများ
ပေါကြွယ်ဝရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ကောင်းမွန်ရေးအတွက် မရှိမဖြစ်အရေးပါသည်ကို
အလေးဂရုပြုကာ ဒီရေတောများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်တည်ထောင်ရေးတို့တွင်
တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

No comments:
Post a Comment