Thursday, July 30, 2026

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (၂၅) နှစ်မြောက်ငွေရတုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် ဇူလိုင် ၃၀

ပညာရေးဝန်ကြီးဌာန ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကား ပြောကြားသည်။



အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် ကမ္ပည်းကျောက်စာကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကမ္ပည်းကျောက်စာနှင့် ကမ္ပည်းမော်ကွန်းတို့ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေး၍ ငွေရတုအထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် အခမ်းအနားကို တက္ကသိုလ်ပင်မဆောင်ခန်းမ၌ ဆက်လက်ကျင်းပရာ တက္ကသိုလ် ကျောင်းသား ကျောင်းသူများက “ထွန်းတက်ဝေဆာ ငွေရတုသဘင်မဟာ” သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

ယင်းနောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ယခုအခမ်းအနားသည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ (၂၅) နှစ်ပြည့်ငွေရတု အထိမ်းအမှတ်ဖြစ်သကဲ့သို့ တက္ကသိုလ်၏ အောင်မြင်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်သည့် အခမ်းအနားလည်းဖြစ်ကြောင်း၊ ငွေရတုကာလ အောင်မြင်မှုများကို ဂုဏ်ပြုရုံသာမက အနာဂတ်ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကောင်းများကို တည်ဆောက်ပေးပြီး အားအင်သစ်များရယူပေးမည့် မှတ်တိုင်သစ်တစ်ခုဟုလည်း ဆိုနိုင်ပါကြောင်း၊ ယခုကဲ့သို့ ငွေရတုနှစ်ပတ်လည်အခမ်းအနားတွင် နိုင်ငံတော်သမ္မတကြီးကိုယ်စား တက်ရောက်အမှာစကား ပြောကြားရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း။

ယခုတက္ကသိုလ်ကြီးသည် ပညာရေးသာမက အားကစားဘက်တွင်လည်း ထူးချွန်အားကစားသမားကောင်းများ မွေးထုတ်ပေးနေသည်ကို တွေ့ရကြောင်း၊ (၂၅)နှစ်တာကာလအတွင်း တက္ကသိုလ်၏ ပညာရပ်ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်အောင်မြင်မှုများသည် နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများ၏ ဖြည့်ဆည်းဆောင်ရွက်ပေးမှုဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာ ကြိုးစားအားထုတ်မှုများပေါင်းစပ်ပြီး ရလာသည့်ရလဒ်များပင်ဖြစ်ကြောင်း၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများအားလုံး ပူးပေါင်းပါဝင်ကြမှသာ အောင်မြင်မည်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် အတတ်ပညာရှင်၊ အသိပညာရှင်လူငယ်များ၏ အင်အားကိုအခြေခံပြီး တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဘက်စုံထူးချွန်ထက်မြက်သည့် အနာဂတ်လူငယ်မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရန် အခြေခံပညာကျောင်းများကအစ တက္ကသိုလ်အသီးသီးက အားထုတ်ကြိုးပမ်းပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ မျှော်မှန်းချက်များဖြစ်သည့် ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ တီထွင်ကြံဆနိုင်ခြင်း၊ ပညာရပ်ကျွမ်းကျင်လိမ္မာခြင်း၊ ဉာဏ်အမြော်အမြင်ရှိခြင်းတို့အပြင် ကဏ္ဍအသီးသီးတွင် ပြည်သူများအတွက် အကျိုးရှိစေမည့် နည်းပညာများ၊ Software များကို ဝိုင်းဝန်းသုတေသနပြု ဖော်ထုတ်ပေးခြင်းတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် တက္ကသိုလ်ဖြစ်စေရန် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် အထူးတိုက်တွန်းပြောကြားလိုကြောင်း။

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် လူငယ်များ၏ အရည်အသွေးမြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသောကြောင့် နိုင်ငံတော်နှင့်အတူပြည်သူတစ်ရပ်လုံး၊ မိဘများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ အားလုံးက စုပေါင်းညီညွတ်မှုစွမ်းအားဖြင့် လက်တွဲပါဝင်ဆောင်ရွက်သွားကြရန် အလေးထားပြောကြားလိုကြောင်း၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ (၂၅) နှစ်တာ အောင်မြင်မှုမှတ်တိုင်ကို ဝမ်းမြောက်ဂုဏ်ယူစွာဂုဏ်ပြုရင်း ငွေရတုမှသည် ရွှေရတု၊ ရွှေရတုမှသည် စိန်ရတုစသဖြင့် ရတုအဆက်ဆက်တိုင်အောင် ပိုမိုကြီးမားသည့် တိုးတက်အောင်မြင်မှုများ ရရှိပါစေကြောင်းနှင့် ထူးချွန်ထက်မြက်သည့် ပညာရှင်များ၊ မျိုးဆက်သစ်ပညာတတ်များကို မွေးထုတ်ပေးနိုင်သည့် နိုင်ငံတော်ကအားထားရသော တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများက တက္ကသိုလ်၏ (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် Video Clip ကိုလည်းကောင်း၊ တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ၏ “ကြိုင်လျှံသတင်းဖြာ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ပါ” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးထံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ငွေရတုအထိမ်းအမှတ် အမှတ်တရလက်ဆောင်အား နေရာအရောက်ဂါရဝပြုပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကို ထန်းတပင်မြို့နယ်တွင် ၂၀၀၁ ခုနှစ်မှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၄-၂၀၀၅ ပညာသင်နှစ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အထိ ရိုးရိုးဘွဲ့ရရှိသူ (၂၄၅၈၅) ဦး၊ ဂုဏ်ထူးဘွဲ့ရရှိသူ (၁၀၀၁) ဦးနှင့် ဘွဲ့လွန်ဘွဲ့ရရှိသူ (၈၈၁) ဦး တို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ဘက်စုံထူးချွန်သည့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ(၂)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment