ညင်ချီ၊ ဇူလိုင် ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ညင်ချီ (ခ) လင်ကျစ်မြို့ရှိ ရှီးဇန့်အရှေ့တောင်ဒေသယဉ်ကျေးမှုပြတိုက်နှင့် ရန်နီအမျိုးသားစိမ့်တောဥယျာဉ်သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။
ဦးစွာ ဒုတိယသမ္မတနှင့် အဖွဲ့သည်
ရှီးဇန့်အရှေ့တောင်ဒေသယဉ်ကျေးမှုပြတိုက် (Southeast Tibet Museum) သို့ ရောက်ရှိကြပြီး
ပြတိုက်မှ တာဝန်ရှိသူတစ်ဦးက ပြတိုက်၏ နောက်ခံသမိုင်းကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊
လူမျိုးစုအလိုက် ရိုးရာအသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များ၊ ငွေထည်ပစ္စည်းများ၊
လူမျိုးစုများ၏ လူနေမှုဘဝနှင့် ဓလေ့ထုံးတမ်းများ၊ အားကစားနည်းများ၊
သမိုင်းဖြစ်စဉ်များကို အများပြည်သူလေ့လာနိုင်ရေးပြသထားသည့် ပြခန်းများကို
လိုက်လံရှင်းလင်းပြသရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ
လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
ရှီးဇန့်အရှေ့တောင်ဒေသယဉ်ကျေးမှုပြတိုက်သည်
တိဘက်ဒေသအရှေ့တောင်ပိုင်း၏ သမိုင်း၊ ယဉ်ကျေးမှု၊ လူမျိုးစုဓလေ့ထုံးတမ်းများ၊
ရှေးဟောင်းအမွေအနှစ်များနှင့် သဘာဝဂေဟစနစ်ဆိုင်ရာ အချက်အလက်များကို
စုစည်းပြထားသည့် အထင်ကရပြတိုက်တစ်ခုဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ညင်ချီ (ခ) လင်ကျစ်မြို့ရှိ
ရန်နီအမျိုးသားစီမံတောဥယျာဉ်သို့ ရောက်ရှိကြရာ ရန်နီစိမ့်တောမှ
တာဝန်ရှိသူတစ်ဦးက စိမ့်တောအတွင်းရှိ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောနှင့် ရေဝေရေလဲဒေသများ စီမံခန့်ခွဲရေး၊
ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေး၊
ဂေဟစနစ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြသရာ သိရှိလိုသည်များကို
မေးမြန်းဆွေးနွေးကာ တည်ဆောက်ထားသော သဘာဝလေ့လာရေးလမ်းကြောင်းများ၊
ရှုခင်းကြည့်စင်များ၊ ယာလွန်နံဘို (Yarlung Tsangpo) မြစ်နှင့်
သဘာဝရှုခင်းများကို ကြည့်ရှုလေ့လာခဲ့ကြသည်။
အမျိုးသားစိမ့်တောဥယျာဉ်သည် ယာလွန်နံဘိုမြစ်ကမ်းတစ်လျှောက်တွင်
တည်ရှိပြီး မြင့်မားသောတောင်တန်းများ၊ စိမ်းလန်းစိုပြေသောသစ်တောများ၊
ရေစိုမြေများနှင့် ဇီဝမျိုးစုံမျိုးကွဲများကို သဘာဝအတိုင်းထိန်းသိမ်းထားသည့်
ထင်ရှားသော ဂေဟစနစ်နယ်မြေတစ်ခုဖြစ်ကြောင်း သိရသည်။
ဒုတိယသမ္မတနှင့် အဖွဲ့သည် ဇူလိုင် ၁၅ ရက်ကလည်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ တုံ့ချန်းပန်းဈေးကွက်သို့
ရောက်ရှိကြပြီး တာဝန်ရှိသူများက ဈေးကွက်၏ ဖွံ့ဖြိုးတိုးတက်လာမှုအခြေအနေ၊
ပန်းမန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချနေမှုလုပ်ငန်းစဉ်များ၊
ပန်းလေလံတင်ရောင်းချသည့်စနစ်၊ အီလက်ထရောနစ်ကုန်သွယ်မှုစနစ်နှင့် နိုင်ငံတကာသို့
ပန်းမန်တင်ပို့ဆောင်ရွက်နေမှုတို့ကို လိုက်လံရှင်းလင်းပြသရာ ဒုတိယသမ္မတက
သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး ပန်းအရောင်းပြခန်းများ၊
ပန်းလေလံတင်ခန်းမ၊ ပန်းအရည်အသွေးစစ်ဆေးရေးဌာန၊ ထုတ်ပိုးရေးလုပ်ငန်းများနှင့်
ပန်းမန်လုပ်ငန်းတွင် အသုံးပြုနေသည့် ခေတ်မီနည်းပညာများ၊
ဒစ်ဂျစ်တယ်စီမံခန့်ခွဲမှုစနစ်များနှင့် ပို့ဆောင်ရေးလုပ်ငန်းစဉ်များကို
လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
တုံနန်းပန်းဈေးကွက်ကို ၁၉၉၈ ခုနှစ် ဩဂုတ်
၁၈ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုတွင် ပန်းခင်းဧရိယာ ဧက
၆၀၀၀ ကျော်ရှိကြောင်း၊ တုံနန်းပန်းဈေးကွက်သည် အာရှတွင်
အကြီးဆုံးနှင့် ကမ္ဘာတွင် ဒုတိယအကြီးဆုံး ပန်းလက်လီ/လက်ကား
ရောင်းဝယ်ရေးဈေးကွက်ဖြစ်ပြီး နှင်းဆီ၊ လီလီ၊ ကာနေးရှင်း၊ သစ်ခွနှင့် အခြားပန်းမျိုးစုံကို
နေ့စဉ်ရောင်းဝယ်လျက်ရှိရာ တရုတ်နိုင်ငံအပြင် အရှေ့တောင်အာရှ၊ တောင်အာရှ၊
ဥရောပနှင့် အခြားနိုင်ငံများသို့ တင်ပို့ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း
သိရသည်။




No comments:
Post a Comment