Friday, July 10, 2026

တောင်သူလယ်သမားများ ရင်ဆိုင်နေရသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးမည်


နေပြည်တော် ဇူလိုင် ၉

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I-6) ရှိ တောင်သူလယ်သမားရေးရာ ကော်မတီဝင်များကို သွားရောက်တွေ့ဆုံသည်။

ဦးစွာ ကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်၍ တောင်သူလယ်သမား ရေးရာကော်မတီဥက္ကဋ္ဌ ဦးမြတ်ကျော်က ကော်မတီ၏လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်၏ နေ့စဉ်လုပ်ငန်းစဉ်များအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေပါကြောင်း၊ မိမိတို့၏လွှတ်တော် သက်တမ်းငါးနှစ်အတွင်း လွှတ်တော်ကိုဂုဏ်သိက္ခာမြင့်မားသည့် လွှတ်တော်ဖြစ်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တစ်ဦးချင်း၏ စွမ်းဆောင်ရည်မြင့်မားမှသာ လွှတ်တော်၏အခန်းကဏ္ဍ မြင့်မားလာမည်ဖြစ်၍ ကိုယ်စားလှယ်များ၏ အရည်အချင်းမြှင့်တင်နိုင်ရေးအတွက် ဥပဒေဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးဟောပြောပွဲများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နောင်တွင်လည်း ကိုယ်စားလှယ်များအတွက် အထောက်အကူဖြစ်စေမည့် သင်တန်းများ ဆက်လက်ပြုလုပ် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ အခန်းကဏ္ဍမြင့်မားတိုးတက်ရေးကို ကော်မတီက ထူးခြားသည့်ခြေလှမ်းများဖြင့် အားဖြည့်ဆောင်ရွက်သွားစေလိုပါကြောင်း၊ လွှတ်တော်အနေဖြင့် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများအပေါ် လေ့လာသုံးသပ်ပြီး ပြင်ဆင်ဖြည့်စွက်ရမည့် ကိစ္စရပ်များကို ခေတ်နှင့်လျော်ညီအောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ယင်းအပြင် လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများအပေါ်သုံးသပ်ပြီး အသစ်ပြဋ္ဌာန်းပေးရန်လိုအပ်မည့် ဥပဒေများကို ပြဋ္ဌာန်းပေးရမည် ဖြစ်ပါကြောင်း၊ တောင်သူလယ်သမား အကျိုးစီးပွားနှင့် ပတ်သက်၍လည်း လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်လုံလောက်မှုမရှိပါက လိုအပ်သည့်ဥပဒေအသစ်များ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကိုကိုယ်စားပြုသူများဖြစ်သဖြင့် လွှတ်တော်၏ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အသံများကို အကောင်အထည်ဖော်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ် ရုံးများဖွင့်လှစ်ခြင်း၊ လွှတ်တော်တွင် မေးခွန်းများမေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းဖြင့် ဆောင်ရွက်ပေးရပါကြောင်း၊ တောင်သူလယ်သမားများသည် နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် ရှိသည့်အပြင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံလည်းဖြစ်၍ တောင်သူလယ်သမားရေးရာ ကော်မတီသည် အရေးကြီးသည့်ကော်မတီတစ်ရပ်ဖြစ်ပါကြောင်း၊ ကော်မတီ၏လုပ်ငန်း တာဝန်များနှင့်ပတ်သက်၍လည်း လက်ရှိအခြေအနေများနှင့် ကိုက်ညီအောင် ပြင်ဆင် ဖြည့်စွက်ခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း ကော်မတီအနေဖြင့် ယနေ့ တောင်သူလယ်သမားများ အမှန်တကယ် ကြုံတွေ့နေရသည့် သွင်းအားစုဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးချေးငွေများ အချိန်မီရရှိရေးဆိုင်ရာကိစ္စရပ်များ၊ ထိုက်သင့်သည့် စပါးဈေးနှုန်းရရှိ ရေးဆိုင်ရာကိစ္စရပ်များကို အသေးစိတ်လေ့လာပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်အနေဖြင့်လည်း တောင်သူလယ်သမားများနှင့်သက်ဆိုင်သည့် “လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံမြေမှ ထွက်ရှိသော ထွက်ကုန်သီးနှံဈေးနှုန်း ထိန်းညှိရေးကော်မရှင်” တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ပေးရန် အဆိုအား တင်သွင်းပြီး အတည်ပြုပေးခဲ့ပါကြောင်း၊ တောင်သူလယ်သမားများ ရင်ဆိုင်နေရသည့် လယ်ယာမြေပြဿနာများ၊ လယ်ယာလုပ်သားရှားပါးမှု ပြဿနာများ၊ ရာသီဥတုဖောက်ပြန်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ကြွေးမြီသံသရာဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး အသေးစိတ်လေ့လာသုံးသပ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများအရေးအတွက် နိုင်ငံတော်အစိုးရကလည်း အထူးအလေးထား ဆောင်ရွက်နေသည်ဖြစ်၍ မိမိတို့ကပူးပေါင်းကူညီဆောင်ရွက်သွားရန် လိုပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများနှင့်သက်ဆိုင်သည့် ဥပဒေများကို ပြင်ဆင်ဖြည့်စွက်ခြင်း လုပ်ငန်းစဉ်များကိုစိစစ်သုံးသပ်၍ အရွေ့တစ်ခုသို့ရောက်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ တောင်သူလယ်သမားများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံခြင်း၊ အခြားသော အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ NGO ၊ INGO များနှင့် တွေ့ဆုံခြင်းတို့မှ ရရှိလာသည့် အချက်အလက်များအပေါ်မူတည်၍ လွှတ်တော်တွင် လယ်သမားများ အကျိုးရှေးရှုသည့် မေးခွန်းများ၊ အဆိုများတင်သွင်း ဆောင်ရွက်နိုင်သည်အထိ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကော်မတီအနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွား ကာကွယ်ရေးဥပဒေများ စိစစ်ရာတွင် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ အပြည့်အဝခံစားရရှိစေရန် အတွက်သွင်းအားစုများ ဈေးနှုန်းချိုသာစွာရရှိရေး၊ သီးနှံဈေးနှုန်း တည်ငြိမ်ရေး၊ သီးနှံသိုလှောင်ရေးစနစ်နှင့် ဈေးကွက်ရရှိရေး၊ လယ်ယာနည်းပညာသင်တန်း များနှင့် ရာသီဥတုအလိုက် စိုက်ပျိုးရေး အကြံပြုဝန်ဆောင်မှုပေးခြင်း စသည့်ပြဋ္ဌာန်းချက်များ ပြည့်စုံစွာပါရှိစေရေး လေ့လာဆန်းစစ် ဆောင်ရွက်ကြစေလိုပါကြောင်း၊ လိုအပ်ပါက Contract Farming Law ၊ Crop Insurance Law ၊ Agricultural Extended Service Law ၊ Agricultural Marketing Law များနှင့်ပတ်သက်၍ ဥပဒေတစ်ခုချင်းစီကိုသော်လည်းကောင်း၊ အားလုံးကို လွှမ်းခြုံနိုင်သော တောင်သူလယ်သမား အကျိုးစီးပွားကိုကာကွယ်နိုင်မည့် ဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေး ကြိုးစားဆောင်ရွက်ပေးခြင်းဖြင့် တိုင်းပြည်အတွက် အရေးပါသည့် တောင်သူလယ်သမားများ အားကိုးအားထားပြုရသော လွှတ်တော်တစ်ရပ်ဖြစ်လာအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ကော်မတီအဖွဲ့ဝင်များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment