နေပြည်တော်
ဇူလိုင်
၂၈
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၃၇ ဦး တက်ရောက်သဖြင့် ၉၅ ဒသမ ၈၉ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ဒီဇယ်ဆီ HSD(500
ppm)အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်နှင့် သဘာဝဓာတ်ငွေ့ရည်(Liquefied Natural Gas)အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ကိစ္စတို့နှင့် စပ်လျဉ်း၍
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုစားဝတ်နေရေး၊ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးတို့အတွက် အထူးအလေးထား စဉ်းစားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး စသည့် ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများအတွက်
ရန်ပုံငွေများကို ထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရေးနှင့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာ ဝင်ငွေတိုးတက်ရရှိရေးတို့ကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ကြောင့် စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အဓိကအများဆုံး အသုံးပြုရသည့် ဒီဇယ်ဆီ HSD(500 ppm)အပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ဧပြီ ၁ ရက်မှစတင်၍လည်းကောင်း၊ သဘာဝဓာတ်ငွေ့ရည်(LNG)အပေါ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်ကို မေ ၁ ရက်မှ စတင်၍လည်းကောင်း ကင်းလွတ်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ကင်းလွတ်ခွင့်ပြုလျက်ရှိပါကြောင်း။
နိုင်ငံတော်က
၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ဒီဇယ်ဆီ HSD(500
ppm)အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုခဲ့သည့်ပမာဏမှာ
ငွေကျပ် ၈၄ ဘီလီယံခန့်ဖြစ်ပြီး ၂၀၂၆ ခုနှစ် မေ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ သဘာဝဓာတ်ငွေ့ရည်(LNG)အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုခဲ့သည့် ပမာဏမှာ ငွေကျပ် ၅ ဘီလီယံခန့်ဖြစ်သဖြင့် စုစုပေါင်းခွင့်ပြုခဲ့သည့် ပမာဏမှာ ငွေကျပ် ၈၉ ဘီလီယံခန့် ရှိခဲ့ပါကြောင်း။
ထိုကဲ့သို့ အခွန်ကင်းလွတ်ခွင့်ပြုခဲ့သည့်အတွက် စိုက်ပျိုးရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍတို့အတွက် လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ရည်အတွက် ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ခဲ့ပြီး အခြေခံစားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုနှင့် လျော့ကျမှုရှိစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခအခြေအနေ၊ ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းအတက်အကျအခြေအနေ၊ ပြည်တွင်းဒီဇယ်ဆီနှင့် သဘာဝဓာတ်ငွေ့ရည် ဈေးနှုန်းအခြေအနေ၊ အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းအခြေအနေ၊ နိုင်ငံတော်၏ ဘဏ္ဍာငွေလိုအပ်ချက်နှင့် အခွန်အကောက်ရငွေအခြေအနေတို့ကို လစဉ်စိစစ် သုံးသပ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုကာလတွင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်တွင် မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး လောင်စာဆီဈေးနှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း။
ပြည်သူလူထု၏ နေ့စဉ်လူနေမှုဘဝများ အဆင်ပြေချောမွေ့ရေးနှင့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်း ဆက်လက်ထိန်းညှိပေးနိုင်ရန်အတွက် ဒီဇယ်ဆီ HSD(500 ppm)အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်၊ သဘာဝဓာတ်ငွေ့ရည်အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့ကို
ဇူလိုင်နှင့်ဩဂုတ်လ နှစ်လ ထပ်မံတိုးမြှင့်ကင်းလွတ်ခွင့်ပြုရန် လိုအပ်လျက်ရှိပါကြောင်း။
ဒီဇယ်ဆီ HSD(500 ppm)အပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်နှင့်
သဘာဝဓာတ်ငွေ့ရည်အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့ကို
ဇူလိုင်လအတွက် တစ်လ ထပ်မံတိုးမြှင့်ခွင့်ပြုနိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၆)၏ သဘောတူခွင့်ပြုချက်အရ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရန် တင်ပြရခြင်းဖြစ်ပါကြောင်း။
ယခင်က ဒီဇယ်ဆီအပေါ် အခွန်ကင်းလွတ်ခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းစဉ်က လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပြဆွေးနွေးခဲ့သည့် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပြီးမှ ကင်းလွတ်ခွင့်ပြုသင့်ကြောင်း ဆွေးနွေးချက်ကို အလေးထားသောအားဖြင့် ရုံးလုပ်ထုံးလုပ်နည်းများ ပြန်လည်စိစစ်၍ ဩဂုတ်လအတွက် အခွန်ကင်းလွတ်ခွင့်ပြုရာတွင် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပြီးမှ နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အများပြည်သူသို့ အသိပေးကြေညာချက်ထုတ်ပြန်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း။
သို့ပါ၍
ဒီဇယ်ဆီ HSD(500 ppm)အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်နှင့် သဘာဝဓာတ်ငွေ့ရည်အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ နှစ်လထပ်မံ၍ ခွင့်ပြုနိုင်ရေးအတွက် ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၃၇ နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၇) ဒေါက်တာဗညားအောင်မိုးက ဒီဇယ်ဆီနှင့် LNG တို့သည် အလွန်အရေးကြီးသော လူသုံးကုန်ပစ္စည်းများဖြစ်ပါကြောင်း၊ ဒီဇယ်ဆီသည် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးအတွက် အဓိကအသုံးပြုရသဖြင့် ဒီဇယ်ဈေးတက်လျှင် ပို့ဆောင်ခတက်၍ ကုန်ပစ္စည်းဈေးနှုန်းကို အနည်းနှင့်အများ တက်စေပါကြောင်း၊ ခရီးသွားလာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်း သုံးသွင်းအားစုများတွင်လည်း စရိတ်တက်လာမည်ဖြစ်ပါကြောင်း။
သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas-
LNG)ကို အလုပ်ရုံ၊ စက်ရုံများတွင် အသုံးပြုသည့်အပြင် အိမ်သုံးဓာတ်ငွေ့ရည်လည်းဖြစ်သဖြင့် အရေးကြီးကုန်ပစ္စည်းဖြစ်ပါကြောင်း၊ အရှေ့အလယ်ပိုင်း ပဋိပက္ခအချိန်ကာလတွင် ကမ္ဘာ့ရေနံဈေးတက်နေသည့် အခြေအနေမှာ ဒီဇယ်ဆီအပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်နှင့် သဘာဝဓာတ်ငွေ့အရည်(LNG)အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးသည့်အတွက်
တစ်စိတ်တစ်ပိုင်းအားဖြင့် ကုန်ဈေးနှုန်းကို ထိန်းညှိပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူတို့၏ အခက်အခဲကို ဖြေလျှော့ပေးနိုင်မည်ဖြစ်၍ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် တစ်လ ခွင့်ပြုနိုင်ရေးတို့အတွက် နိုင်ငံတော်သမ္မတ၏သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်မှ သဘောတူထောက်ခံပေးပါရန် တင်ပြအပ်ပါကြောင်း ဆွေးနွေးသည်။
အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ယခုအခါ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ပြည်သူလူထု၏ နေ့စဉ်လူနေမှုဘဝများ အဆင်ပြေချောမွေ့ရေးနှင့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်း တည်ငြိမ်မှုရှိရေး ဆက်လက်ထိန်းညှိပေးရန် လိုအပ်သည့်အတွက် ဒီဇယ်ဆီ HSD(500 ppm)နှင့် သဘာဝဓာတ်ငွေ့ရည်အပေါ် အခွန်ကင်းလွတ်ခွင့်များကို ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လတို့အတွက် ထပ်မံတိုးမြှင့် ကင်းလွတ်ခွင့်ပြုပေးနိုင်ရန် တင်ပြရခြင်းဖြစ်ပါကြောင်း။
အခွန်ကင်းလွတ်ခွင့်ပြုရာတွင်လည်း ဘဏ္ဍာရေးတည်ငြိမ်မှုရှိစေရန်နှင့် အခွန်ဘဏ္ဍာငွေရရှိမှုအပေါ် သက်ရောက်မှု လျော့နည်းစေရန်အတွက် ပြည်သူလူထုအတွက် အရေးပေါ်ပံ့ပိုးဆောင်ရွက်ရန် လိုအပ်သည့်ကာလအတွက်သာ ခွင့်ပြုနိုင်ရေး စိစစ်သုံးသပ်၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ အခြေခံပြည်သူလူထုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိသည့် ဒီဇယ်ဆီ HSD(500 ppm)နှင့် သဘာဝဓာတ်ငွေ့ရည်တို့အပေါ်တွင်သာ အခွန်ကင်းလွတ်ခွင့်ပြုနေခြင်း ဖြစ်ပါကြောင်း။
သို့ပါ၍ ဒီဇယ်ဆီ HSD(500 ppm)အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်၊ သဘာဝဓာတ်ငွေ့ရည် (Liquefied
Natural Gas)အပေါ်
ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့ကို ၂၀၂၆ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လတို့အတွက် သုံးလ ထပ်မံ၍ တိုးမြှင့်ခွင့်ပြုနိုင်ရေး ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၃၇ နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ကို စက်ခလုတ်အသုံးပြု၍ ရယူရာ ထောက်ခံမဲ ၅၂၃မဲ၊ ကန့်ကွက်မဲ ၃ မဲနှင့် ကြားနေမဲ ၂ မဲတို့ဖြစ်ရာ ထောက်ခံဆန္ဒမဲများသဖြင့် အတည်ဖြစ်ကြောင်း ကြေညာသည်။
ဆက်လက်၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး
ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၇) ဦးဇင်မင်းထက်က တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြရာ ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အတည်ပြုခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများကို လွှတ်တော်နှစ်ရပ် အတည်ပြုချက်များအတိုင်းလည်းကောင်း၊ လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်များ အတိုင်းလည်းကောင်း ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ဇူလိုင် ၃၁ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment