လူနာများအား အနီးကပ်စောင့်ကြည့်ပြုစုရေး၊ ကိုယ်ဝန်ဆောင်၊ သားဖွားနှင့် မွေးဖွားပြီးချိန် မိခင်နှင့် ကလေးများ၏ကျန်းမာရေး၊ ဆရာဝန်မရှိသော ကျေးလက်ဒေသများတွင် အရေးပေါ်ပြုစုကုသရေး၊ ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးရေးစသည်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် သူနာပြု၊ သားဖွားတို့၏ အခန်းကဏ္ဍမှာ အရေးကြီးသည်။ သူနာပြုသိပ္ပံ (နေပြည်တော်) နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ သူနာပြုသိပ္ပံများ စုစုပေါင်း ၁၅ ခုကို ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် တစ်ပြိုင်နက်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ရာ နိုင်ငံအတွက် လိုအပ်သည့် သူနာပြုနှင့် သားဖွားကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို တိုးမြှင့်လေ့ကျင့် မွေးထုတ်ပေးနိုင်တော့မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်
လူဦးရေနှင့် သူနာပြု/ သားဖွားဦးရေအချိုးမှာ လူဦးရေ ၁၀၀၀ လျှင် သူနာပြုနှင့် သားဖွား
၁ ဒသမ ၁ ခန့်သာရှိရာ နိုင်ငံ့လူဦးရေနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်အတွက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသောစံနှုန်းထက် များစွာနည်းပါးလျက်ရှိသည့် အခြေအနေဖြစ်သည်။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (SDG) စံနှုန်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏
သတ်မှတ်ချက်အရ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာ ပေးနိုင်ရန် လူဦးရေ ၁၀၀၀
လျှင် အနည်းဆုံးကျန်းမာရေးဝန်ထမ်း (ဆရာဝန်၊ သူနာပြုနှင့် သားဖွား) စုစုပေါင်း ၄ ဒသမ
၄၅ ဦးရှိရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်
လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အဓိကကျသော သူနာပြုနှင့်
သားဖွားစွမ်းအားစုများကို မွေးထုတ်ပေးလျက်ရှိရာ ၁၉၆၂ ခုနှစ်မှ ယနေ့အထိ သူနာပြု- သားဖွား
ဒီပလိုမာရရှိသူ ၄၅၂၄၅ ဦး၊ သားဖွား ၄၂၅၂၄ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ယခု ၂၀၂၆
ခုနှစ် ပညာသင်နှစ်တွင် သူနာပြုသိပ္ပံနှင့် သူနာပြုသင်တန်းကျောင်းများတွင် သူနာပြု-သားဖွား
ဒီပလိုမာ (၃) နှစ်သင်တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၉၄၆ ဦးနှင့် သားဖွားသင်တန်းကျောင်းများတွင်
ဘက်စုံသားဖွား ဒီပလိုမာ (၂) နှစ် သင်တန်းကျောင်းသူ စုစုပေါင်း ၁၀၃၅ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
၂၀၂၇ ခုနှစ် ပညာသင်နှစ်တွင် သူနာပြုသိပ္ပံများ အဆင့်မြှင့်တင်မှုနှင့်အတူ သူနာပြု
- သားဖွား ဒီပလိုမာ (၃) နှစ် သင်တန်းအတွက် သစ်လွင်သင်တန်းသား၊ သင်တန်းသူ ၂၉၀၀ နှင့်
ဘက်စုံသားဖွား ဒီပလိုမာ (၂) နှစ် သင်တန်းအတွက် သင်တန်းသူ ၁၄၀၀ အထိ တိုးမြှင့်ခေါ်ယူ
လေ့ကျင့်ပျိုးထောင်ပေးမည်ဖြစ်ရာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ကို ပိုမိုတိုးမြှင့်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
“အရေအတွက် တိုးမြှင့်မွေးထုတ်ရုံသာမက
အရည်အသွေးပိုင်းတွင်လည်း မြန်မာနိုင်ငံ၏ သူနာပြုနှင့် သားဖွားပညာရေးကို အရှေ့တောင်အာရှနိုင်ငံများနှင့်
ရင်ပေါင်တန်းနိုင်သည့် အရည်အသွေးပြည့်ဝသည့် သူနာပြုနှင့် သားဖွားများ မွေးထုတ်ပေးနိုင်ရန်
ရည်မှန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သူနာပြုသိပ္ပံ
(နေပြည်တော်) နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနားသို့
တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ သူနာပြုနှင့်
သားဖွား လူ့စွမ်းအားအရင်းအမြစ်ကို အရေအတွက်တိုးမြှင့်ခြင်းနှင့်အတူ အရည်အသွေးကိုပါ
ပြည့်ဝစေရန် လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဖြစ်သည်။
မူလက တိုင်းဒေသကြီးနှင့်
ပြည်နယ်များမှ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းများဖြစ်ပြီး ယခုအဆင့်မြှင့်တင်
တိုးချဲ့ဖွင့်လှစ်ပေးလိုက်သည့် သူနာပြုသိပ္ပံ ၁၅ ခု တို့သည် နိုင်ငံတော်၏ကျန်းမာရေးစနစ်
ဖွံ့ဖြိုးတိုးတက်ရေးသာမက အရည်အချင်းပြည့်ဝပြီး လူသားချင်းစာနာသည့်စိတ်အပြည့်ရှိသည့်
သူနာပြုများ၊ သားဖွားပညာရှင်များ မွေးထုတ်ပေးနိုင်သည့် နိုင်ငံတော်၏ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ
ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် ကျန်းမာရေးပညာဗဟိုဌာနများ ဖြစ်လာပြီဖြစ်သည်ဟု
ဆိုရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဂုဏ်ပြုပြောကြားခဲ့သည်နှင့်အညီ ပညာပြည့်ဝ နှလုံးလှသည့်
သူနာပြုဆရာ၊ ဆရာမများ၊ သားဖွားဆရာမများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးအတွက် အားသွန်ခွန်စိုက်
လေ့ကျင့်ပျိုးထောင်ကြရင်း မိမိတို့သူနာပြုသိပ္ပံများ၏ ပုံရိပ်များကို အပြိုင်အဆိုင်
မြှင့်တင်ကြရမည်ဖြစ်သည်။
ထို့အပြင် မျက်မှောက်ခေတ်၏
နည်းပညာများ တိုးတက်ဖွံ့ဖြိုးမှုသည် နယ်ပယ်အသီးသီးတွင် လျင်မြန်စွာ တိုးတက်ပြောင်းလဲလျက်ရှိရာ
သူနာပြုနှင့် သားဖွားဆိုင်ရာ အတတ်ပညာ၊ နည်းပညာများတွင် နောက်ကျမကျန်ရစ်စေရန်အတွက် မျက်ခြည်မပြတ်
လေ့လာဆည်းပူး သင်ယူနေကြရန်လည်းလိုအပ်သည်။ သူနာပြုနှင့် သားဖွားလုပ်ငန်းသည် အခြားသော
အသက်မွေးဝမ်းကျောင်းပညာရပ်များနှင့်မတူဘဲ မေတ္တာ၊ ကရုဏာစိတ်နှလုံးတို့နှင့်ယှဉ်သည့်
မွန်မြတ်သော ပညာရပ်များဖြစ်သည့်အလျောက် ဂုဏ်ယူလေးစား တန်ဖိုးထားကြရပါမည့်အကြောင်း။
။

No comments:
Post a Comment