နေပြည်တော် ဇူလိုင် ၂၂
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
၂၀ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း
၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၂ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက်
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို
လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် မွန်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၁၁) ဦးသိန်းမြင့်၏ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် နှစ်စဉ်မိုးရာသီ၌ မိုးသည်းထန်စွာရွာသွန်းပြီး
အတ္ထရံမြစ်ရေ မြင့်တက်ချိန်တွင် လမ်းရေကျော်မှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသည့် မော်လမြိုင်
(ဟင်္သာအဝိုင်း)-ကျိုက်မရောလမ်းနှင့် ကျိုက်မရော-ကျွန်းရွာလမ်းများအား လမ်းအဆင့် ပြန်လည်မြှင့်တင်ပေးနိုင်ပါရန်
အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမျိုးသန့်က မော်လမြိုင် (ဟင်္သာအဝိုင်း)-ကျိုက်မရောလမ်းပိုင်းတွင် အသွား၊ အပြန်လမ်း
ဒွေးလမ်းအနေဖြင့် ဆောင်ရွက်လျက်ရှိရာ အပြန်လမ်းဘက်ခြမ်းတွင် ကျန်ရှိနေသော လမ်းသားတာပေါင်လုပ်ငန်း
၃ ဖာလုံ၊ အရှည် ပေ ၅၀ သံကူကွန်ကရစ်တံတား ၁ စင်း၊ Box Culvert ၂ စင်း၊ ကတ္တရာကွန်ကရစ်ခင်းခြင်း
၆ ဖာလုံ၊ အုတ်စီရေမြောင်းပြုလုပ်ခြင်း ၃ ဖာလုံ လုပ်ငန်းများအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင်
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ရေကျော်သောလမ်းပိုင်းများတွင်
ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ၊ တံတားနှင့် Box Culvert များ၏ ရေလမ်းကြောင်းရှင်းပေးခြင်းလုပ်ငန်းများဆောင်ရွက်ထားရှိပြီး
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အရှည် ၂ ဖာလုံအား လမ်းပေါ်ရေမကျော်စေရန် လုံလောက်သောလမ်းသားမြှင့်တင်ခြင်းလုပ်ငန်းကို
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ကျိုက်မရော-ကျွန်းရွာလမ်း၏
ရေကျော်သော အပိုင်းတွင် အရှည် ၁ ဒသမ ၅ ဖာလုံ လမ်းသား မြှင့်တင်ခြင်းလုပ်ငန်းအား ၂၀၂၇-၂၀၂၈
ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
ရှမ်းပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၂) ဒေါ်မာလာဆန်း၏ ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်နှင့်
တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ချင်းဆက်မိုင် (၃၀) လမ်းအား အကျယ် ၁၂ ပေလမ်းမှ အကျယ်
၁၈ ပေ နိုင်လွန်ကတ္တရာလမ်းအဆင့်သို့ တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်
(ဖြည့်စွက်) ရန်ပုံငွေတွင် ထပ်မံ၍ ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်းလုပ်ငန်း ၂ မိုင်၊
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းချဲ့ခင်းခြင်းလုပ်ငန်း ၃ မိုင် ၁ ဖာလုံ လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ပင်းတယမြို့မှ
ရပ်စောက်မြို့အထိ လမ်းပိုင်းအား ကတ္တရာကွန်ကရစ် (AC) လမ်းအဖြစ် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသော်လည်း
လက်ရှိ ၁၂ ပေ အကျယ် ကတ္တရာလမ်းမှ ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ခြင်းအား ၂၀၂၇-၂၀၂၈
ဘဏ္ဍာရေးနှစ်မှစတင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင်ထည့်သွင်းလျာထားပြီး
ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၁၀) ဦးဇော်မြင့်၏ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ဆက်သွယ်ထားသော အတ္ထရံတံတား (ချောင်းနှစ်ခွ)
အား အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး
ဦးမျိုးသန့်က အဆိုပါတံတား၏ ပျက်စီးသွားသော တံတားတိုင်အမှတ် P4 နှင့် P5 ကြား သံမဏိသံပေါင်
ပေ ၂၄၀ ၁ခန်း၏ နေရာတွင် ပြန်လည်တည်ဆောက်မည့် သံမဏိသံပေါင်တံတား ဒီဇိုင်းပုံစံအသစ်အား
ရေးဆွဲပြီးဖြစ်၍ စက်ရုံတွင် ထုတ်လုပ်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊
တံတားဖျက်သိမ်းခြင်းလုပ်ငန်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မြစ်ရေနည်းချိန်ကာလ ပွင့်လင်းရာသီတွင်
ဒေသဆိုင်ရာလုံခြုံရေးအဖွဲ့များနှင့်ပူးပေါင်း၍ အချိန်ယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့်
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် တံတားအသစ်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဦးဉာဏ်ထွန်း၏ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်
မောင်းလှော်ကျေးရွာအုပ်စုနှင့် မင်းဂုတ်ကျေးရွာအုပ်စု ကျေးရွာချင်းဆက်လမ်းအား ၂၀၂၆-၂၀၂၇
ဘဏ္ဍာရေးနှစ် သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တို့တွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်
အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က အဆိုပါလမ်း၏
အပိုင်း (၁)နှင့် အပိုင်း (၂) သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော
လမ်းအပိုင်းတွင်ပါဝင်ပြီး အပိုင်း (၃) လမ်းအရှည် ၁ မိုင်ခန့်သည် လတ်တလောလမ်းမှတ်တမ်းစာရင်းတွင်
ပါဝင်ခြင်းမရှိသေးပါကြောင်း၊ လမ်းအပိုင်း (၁)နှင့် (၂) စုစုပေါင်းလမ်းအရှည် ၂ မိုင်
၂ ဖာလုံခန့်ရှိ အမာခံလမ်းနှင့် မြေသားလမ်းများအား ကျောက်ခင်းလမ်း ၁ မိုင် ၄ ဖာလုံကို
ဆောင်ရွက်နိုင်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပြီး
ကျန်ရှိနေသော အမာခံလမ်းပိုင်းများကိုလည်း ကျောက်လမ်းခင်းခြင်းလုပ်ငန်းများကို နှစ်အလိုက်
ရန်ပုံငွေလျာထားသွားမည်ဖြစ်ပါကြောင်း။
ကျန်ရှိသည့် လမ်းအပိုင်း
(၃) မင်းဂုတ် (အပေါ်) ရွာ၏ တောင်ဘက်လမ်းပိုင်းအား လမ်းလွှဲပြောင်းသိမ်းသွင်းခြင်းလုပ်ငန်းစဉ်ပြီးစီးပါက
တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် လျာထားနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးရန်နိုင်ဝင်း၏ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အတွင်းရှိ
စီးပွားရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသော ခရိုင်ချင်းဆက်လမ်းမကြီး
(၃) ပိုင်းအား ပြည်ထောင်စုဘတ်ဂျက် သို့မဟုတ် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေဖြင့် ထည့်သွင်း၍
အမြန်ဆုံးအဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က အဆိုပါလမ်းပိုင်းများတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လမ်းပိုင်း (၁) တွင် လမ်းအနိမ့်အမြင့်ဖြေညှိ၍
ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁ မိုင်၊ လမ်းပိုင်း (၂)တွင် ကတ္တရာလမ်းအနိမ့်အမြင့် ဖြေညှိခြင်းလုပ်ငန်း
၁ မိုင် ၁ ဖာလုံ၊ လမ်းပိုင်း (၃)တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ၂ ဖာလုံနှင့်
လမ်းအနိမ့်အမြင့် ဖြေညှိခြင်းလုပ်ငန်း ၄ ဖာလုံတို့ကို ခွင့်ပြုထားပြီးဖြစ်ပါကြောင်း။
အဆိုပါခရိုင်ချင်းဆက်လမ်းမကြီး (၃) ပိုင်းအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၌ လမ်းပိုင်း (၁)တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ၂
ဖာလုံနှင့် လမ်းအနိမ့်အမြင့် ဖြေညှိခြင်းလုပ်ငန်း ၆ ဖာလုံ ဆောင်ရွက်ခြင်း၊ လမ်းပိုင်း
(၂)တွင် လမ်းအနိမ့်အမြင့် ဖြေညှိခြင်းလုပ်ငန်း ၅ ဖာလုံ ဆောင်ရွက်ခြင်းနှင့် လမ်းပိုင်း
(၃)တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ၄ ဖာလုံနှင့် လမ်းအနိမ့်အမြင့် ဖြေညှိခြင်းလုပ်ငန်း
၁ မိုင် ၂ ဖာလုံ လျာထားဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် အဆိုပါလမ်းပိုင်း ၃ ပိုင်း၏
ကျန်ရှိနေသော လမ်းပိုင်းများကိုလည်း ပြုပြင်မွမ်းမံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား
နှစ်အလိုက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လျာထားသွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၃) ဦးမြင့်သိန်း၏ ကယားပြည်နယ် လွိုင်ကော်၊ ပင်လောင်း၊ အောင်ပန်းလမ်းခွဲအထိ ရိုးရိုးကတ္တရာလမ်းမကြီးအား
၁၈ ပေအကျယ် နိုင်လွန်ကတ္တရာလမ်းမကြီးအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/
မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ကယားပြည်နယ် လွိုင်ကော်မြို့အဝင်လမ်းပိုင်းအား
ပြည်ထောင်စုနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေများဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင်
၇ မီတာအကျယ် ကတ္တရာကွန်ကရစ်ခင်းခြင်း ၁ မိုင် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
ရှမ်းပြည်နယ် (တောင်ပိုင်း) တွင်လည်း ပြည်ထောင်စုနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေများဖြင့်
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးတွင် ၂၃ ပေ (၇ မီတာ) အကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်း ၄ မိုင် ၅ ဖာလုံ၊
ကွန်ကရစ်ခင်းခြင်း ၁ မိုင် ၃ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်းမှ ၂၄ ပေအကျယ်ရရန် ဒုအခြေခံလွှာချဲ့ခင်းခြင်း
၅ ဖာလုံ၊ ၁၂ ပေအကျယ်မှ ၁၈ ပေအကျယ် ကတ္တရာလမ်းခင်းခြင်း ၃ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း
၂ မိုင် ၁ ဖာလုံ၊ နောင်တရားမြို့တွင်း လမ်းသားတာပေါင်ချဲ့ ခြင်း ၁ မိုင် ၂ ဖာလုံ၊ လမ်းအနိမ့်အမြင့်ဖြေညှိ၍
ကတ္တရာရေပိတ်လွှာလောင်းခြင်း ၁ မိုင် ၃ ဖာလုံနှင့် ကျောက်စီရေမြောင်းနှင့် ကျောက်စီမြေကာနံရံတည်ဆောက်ခြင်း
၂၆၂၅ ပေ လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အဆိုပါလမ်းအား
အများပြည်သူအသုံးပြုမှုများပြားသော မြို့တွင်းလမ်းပိုင်းများတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်
လျာထားပြီးသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်လမ်းပိုင်းများကိုလည်း ၂၀၂၇-၂၀၂၈
ဘဏ္ဍာရေးနှစ် လျာထားသည့်အတိုင်း ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အမျိုးသားလွှတ်တော်နှင့် ထိုင်းလွှတ်တော်ချစ်ကြည်ရင်းနှီးရေးအသင်းများဖွဲ့စည်းရန် လွှတ်တော်၏
သဘောထားရယူပြီး မြန်မာ-ထိုင်းလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင် ဥက္ကဋ္ဌအဖြစ်
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးချစ်ဆွေနှင့် အတွင်းရေးမှူးအဖြစ်
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းထွန်းအောင်တို့အပါအဝင် အဖွဲ့ဝင် ၁၀ ဦးတို့၏
အမည်စာရင်းများကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ အတည်ပြုသဖြင့် အမျိုးသားလွှတ်တော်နှင့်
ထိုင်းလွှတ်တော်ချစ်ကြည်ရင်းနှီးရေးအသင်း ဖွဲ့စည်းခြင်းနှင့် အသင်းများတွင်ပါဝင်သည့်
ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ အမည်စာရင်းများကို အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်က အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့်
ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်၊ ဖြည့်စွက်လိုသည့် ပုဒ်မ၊ ပုဒ်မခွဲများအား လွှတ်တော်သို့
တင်သွင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ချင်းပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ပီကျိန်ငိုက်မန်က
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍
ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့်
အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်ဖော်ပြလက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး
ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်
ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်၊ ဖြည့်စွက်လိုသည့်
ပုဒ်မ၊ ပုဒ်မခွဲများအား လွှတ်တော်သို့ တင်သွင်းသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင်
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးအောင်ကျော်မင်းက တိုင်းဒေသကြီးလွှတ်တော်
သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍
ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့်
အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်ဖော်ပြလက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး
ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် တတိယအကြိမ်
အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး
၂၁ ရက်မြောက်နေ့ကို ဇူလိုင် ၂၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment