ကမ္ဘာပေါ်တွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လျက်ရှိသော လူဦးရေနှင့်စပ်လျဉ်း၍ အရေးတကြီးဖြေရှင်းရမည့် ပြဿနာများနှင့် လူသားအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကို ကမ္ဘာ့လူသားအားလုံး အလေးအနက်သတိပြုလာကြစေရန် ရည်ရွယ်၍ ကုလသမဂ္ဂက ကမ္ဘာ့လူဦးရေ သန်းပေါင်း ၅၀၀၀ ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက် နေ့ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ဇူလိုင်လ ၁၁ ရက်တွင် အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားများကို ၁၉၉၀ ပြည့်နှစ်မှစ၍ ကျင်းပခဲ့ရာ ယခုနှစ်တွင် (၃၇)ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် နှစ်စဉ် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားကိုကျင်းပရာ၌ မိမိတို့ နိုင်ငံ၏ လူဦးရေနှင့်ဖွံ့ဖြိုးမှုဆိုင်ရာကဏ္ဍများကို နှစ်အလိုက် ဦးတည်ဆောင်ရွက်နိုင်ရန် ဆောင်ပုဒ်များ သတ်မှတ်ကျင်းပလျက်ရှိရာ ယခုနှစ်၏ ဆောင်ပုဒ်မှာ “လူဦးရေအချက်အလက်များကိုအခြေခံလို့၊ ဖွံ့ဖြိုးတိုးတက်သော မြန်မာ့အနာဂတ်ကို တည်ဆောက်စို့” " Building Myanmar's Developed Future Through Population Data" ဟူ၍ ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ၂၀၁၄ ခုနှစ်က ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ကောက်ယူခဲ့ပြီးနောက် ၁၀ နှစ်အကြာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စိန်ခေါ်မှုများစွာကြားမှ အောင်မြင်အောင် ကြိုးပမ်းကောက်ယူ ခဲ့ကြရခြင်းဖြစ်သည်။ သန်းခေါင်စာရင်းတွင် နိုင်ငံ့လူဦးရေပြောင်းလဲမှု ဖြစ်စဉ်၊ အသက်နှင့် ကျား/မ ဖွဲ့စည်းမှုပုံစံ၊ မှီခိုသူ အချိုးနှင့် ကျား/မ အချိုး၊ မွေးဖွားမှုနှင့် သေဆုံးမှုပုံစံများ၊ အိမ်ထောင်စု ဖွဲ့စည်းမှုပုံစံ စသည်တို့အပါအဝင် လူဦးရေဆိုင်ရာ အသေးစိတ်အချက်အလက်များ၊ မြန်မာနိုင်ငံရှိ အိမ်ထောင်စုများ နေထိုင်သည့်ပုံစံများ၊ စွမ်းအင်သုံးစွဲမှု၊ ရေရရှိမှု၊ အမှိုက်စွန့်ပစ်မှု၊ နိုင်ငံသားတို့၏ စာတတ်မြောက်မှု၊ ကျောင်းတက်ရောက်နိုင်မှု၊ အမြင့်ဆုံးအောင်မြင်ပြီးစီးခဲ့သည့် အတန်း/ပညာအဆင့်၊ ကျောင်းဆက်မနေရသည့် အဓိကအကြောင်းရင်း၊ နိုင်ငံ့လူဦးရေတွင် လုပ်သားအင်အား ပါဝင်မှု၊ အလုပ်လက်မဲ့ အခြေအနေ၊ အလုပ်အကိုင် အခြေအနေ၊ မသန်စွမ်း ဖြစ်ပွားမှုနှုန်း၊ မသန်စွမ်းမှုအမျိုးအစား၊ အသက်နှင့် ကျား/မအလိုက် မသန်စွမ်းမှု၊ ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်း၊ ရွှေ့ပြောင်းမှုလမ်းကြောင်းများ၊ ရွှေ့ပြောင်းရသည့် အကြောင်းရင်းများ၊ ရွှေ့ပြောင်းသူများ၏ အချက်အလက်များ၊ ပြည်ပရွှေ့ပြောင်းသွားလာမှု၊ မြို့ပြထွန်းကားလာခြင်း စသည်ဖြင့် အချက်အလက်များ၊ စာရင်းဇယားများပါရှိရာ ယင်းအချက်အလက်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ရေးဆွဲခြင်း၊ အလုပ်အကိုင် အခွင့် အလမ်းများဖန်တီးပေးခြင်း၊ အခြေခံအဆောက်အအုံများ၊ မြို့ပြအိမ်ရာများ တည်ဆောက်အကောင်အထည်ဖော်ခြင်း စသည်ဖြင့် နိုင်ငံဖွံ့ဖြိုးရေး ရည်မှန်းချက်များ ဆောင်ရွက်နိုင်ရန် အကဲဖြတ်ခြင်းတို့တွင် အသုံးပြုနိုင်သည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် လွန်ခဲ့သော ၁၀ နှစ်တာကာလအတွင်း မိမိတို့နိုင်ငံတွင် ပြောင်းလဲဖြစ်ပေါ်သွားသည့် နိုင်ငံ၏ လူဦးရေ အခြေအနေ၊ လူ့စွမ်းအားအရင်းအမြစ် အခြေအနေ၊ လူမှုစီးပွားဘဝများ၊ နိုင်ငံသူနိုင်ငံသားတို့၏ ကျန်းမာရေး၊ ပညာရေးအဆင့်အတန်း၊ မြို့ပြနှင့်ကျေးလက်၊ အမျိုးသမီး/အမျိုးသားတို့အကြား ကွာဟမှုများ စသည်တို့ကို မှန်ကန်ခိုင်မာစွာ ဖော်ပြထားခြင်းဖြစ်ရာ ယင်းအချက်အလက်များကိုအခြေခံ၍ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော် တည်ဆောက်နိုင်ကြပါစေကြောင်း။ ။

No comments:
Post a Comment