မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံတွင် လာအိုလည်း ပါဝင်သည်။ မြန်မာနိုင်ငံ၏ အရှေ့ဘက်တွင် စီးဆင်းနေသည့် မဲခေါင်မြစ်သည် မြန်မာ-လာအို နှစ်နိုင်ငံ၏ သဘာဝနယ်နိမိတ်ဖြစ်ပြီး နှစ်နိုင်ငံနယ်နိမိတ်ထိစပ်မှုမှာ မိုင်ပေါင်း ၁၅၀ နီးနီးရှိသည်။ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးကို ၁၉၅၅ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ရာ ယခုအခါ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး
ဒေါ်ကြူကြူလှတို့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ
ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့
နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်လျက်ရှိရာ ဤခရီးစဉ်က
နှစ်နိုင်ငံအကြား ရှိရင်းစွဲဖြစ်သော ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဖြစ်သည့်အပြင်
နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင်
ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံအကျိုးစီးပွားတို့ကိုလည်း ပိုမိုတိုးတက်ဖြစ်ထွန်းစေမည်
ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်
တာဝန်ထမ်းဆောင်စဉ် ၂၀၂၅ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့၌
ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးသို့
ဆွေးနွေးဖက်နိုင်ငံအဖြစ် တက်ရောက်ခဲ့ရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံများမှ
ခေါင်းဆောင်များနှင့်လည်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုစဉ်က လာအိုနိုင်ငံ
သမ္မတကြီးနှင့်လည်း တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံအကြား လျှပ်စစ်စွမ်းအင်ကဏ္ဍ၊
နယ်စပ်ဖြတ်ကျော်ကဏ္ဍ၊ အလုပ်သမားကဏ္ဍ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့်
ဆွေးနွေးခဲ့ကြသည်။
ယခု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်
ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့
နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိစဉ် နိုင်ငံတော်သမ္မတသည်
လာအိုနိုင်ငံသမ္မတနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း၊ လာအိုနိုင်ငံဝန်ကြီးချုပ်၊
လာအိုနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့
ပြုလုပ်ခဲ့ရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့်
ကုန်သွယ်မှုမြှင့်တင်ရေး၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့်
ကုန်စည်စီးဆင်းမှုနှင့် ပြည်သူများ အပြန်အလှန်ကူးလူးဆက်ဆံရေး၊ ကာကွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊
ကုန်ထုတ်လုပ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဒေသတည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများ ပပျောက်ရေးတို့ကို
ဆွေးနွေးကြပြီး နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်များ
လဲလှယ်ခဲ့သည်ဟု သိရသည်။
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် မဲခေါင်မြစ်ကို
ဖြတ်ကျော်၍ မြန်မာ-လာအို ချစ်ကြည်ရေးတံတားကြီးကို နှစ်နိုင်ငံပူးပေါင်းမှုဖြင့်
စတင်တည်ဆောက်ခဲ့ရာ ၂၀၁၅ ခုနှစ်၊ ဧပြီလတွင် မူလသတ်မှတ်ထားသည်ထက် ငါးလစော၍
အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့သည်။ မြန်မာနိုင်ငံဘက်တွင် ရှမ်းပြည်နယ်
(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နှင့် လာအိုနိုင်ငံဘက်ခြမ်းတွင် Luang Namtha ပြည်နယ်၊
လောင်းဝ်ခရိုင်၊ Xieng kok ရွာတို့ကို ချိတ်ဆက်ထားခြင်းဖြစ်ရာ
မြန်မာနိုင်ငံမှ အမျိုးသားအဝေးပြေးလမ်းမကြီး အမှတ် (၄) နှင့် လာအိုနိုင်ငံမှ
အမျိုးသားအဝေးပြေးလမ်းမကြီး အမှတ် (၁၇) တို့ကို အဆိုပါတံတားကြီးက
ပေါင်းကူးပေးထားခြင်းဖြစ်သည်။
ဤတံတားကြီးသည် ဗီယက်နမ်နိုင်ငံ၊ ဟိုင်ဖုန်ဆိပ်ကမ်းမှ
လာအိုနိုင်ငံကိုဖြတ်ပြီး မြန်မာနိုင်ငံ ကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ ဆက်သွယ်မည့်
မြောက်ပိုင်းစီးပွားရေးစင်္ကြံ (Nor th
Economic Corridor)ပေါ်တွင် တည်ရှိနေသည်။ တံတားကြီးကို အကျိုးရှိရှိ
အသုံးချကာ မြန်မာ၊ လာအို၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့အကြား
နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊
ခရီးသွားလာရေးတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်သည်။ မြန်မာနိုင်ငံသည် တောင်အာရှနိုင်ငံများနှင့်
အရှေ့တောင်အာရှ ပင်မကုန်းမြေနိုင်ငံများအကြား ပေါင်းကူးတံတား (Land Bridge)
သဖွယ်တည်ရှိနေရာ မဲခေါင်မြစ်ကူးတံတားနှင့် လာအိုနိုင်ငံတို့သည်
အရှေ့ဘက်မှထွက်ပေါက်တစ်ခုဖြစ်လာမည်ဖြစ်သည်။
တသွင်သွင်စီးဆင်းလျက်ရှိသော မဲခေါင်မြစ်ကြီး၏ တစ်ဖက်တစ်ချက်တွင်
တည်ရှိနေကြသည့် လာအိုနှင့် မြန်မာတို့မှာ ချစ်ကြည်ရင်းနှီးမှုရှိပြီးဖြစ်သော မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့်
မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သည် အိမ်နီးချင်းနှစ်နိုင်ငံအကြား
ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အဆပေါင်းများစွာ မြှင့်တင်ကာ နှစ်နိုင်ငံအကြား
အကျိုးစီးပွားများစွာကိုလည်း ပိုမိုဖြစ်ထွန်းစေမည်ဖြစ်ပါသည့်အကြောင်း။ ။

No comments:
Post a Comment