Thursday, June 18, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ကျဲ့ကျန်းပြည်နယ် ပါတီအတွင်းရေးမှူးက လာရောက်ဂါရဝပြုတွေ့ဆုံ

 

နေပြည်တော် ဇွန် ၁၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit)ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ယနေ့မွန်းလွဲပိုင်းတွင် ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူး မစ္စတာဝမ်ဟောက်က ခေတ္တတည်းခိုလျက်ရှိသည့် ဟန်ကျိုးမြို့၊ Huajia Shanzhuang ဟိုတယ် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။





ထိုသို့တွေ့ဆုံစဉ် ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်(State Visit) လာရောက်မှုအပေါ် လှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံခွင့်ရသည့်အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ကျဲ့ကျန်းပြည်နယ်တွင်နေထိုင်သည့် ဒေသခံလူဦးရေ ၆၇ သန်းကျော်ကိုယ်စား အဆွေတော်သမ္မတကြီးကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်း၊ မိမိတို့သမ္မတကြီးအနေဖြင့် တရုတ်-မြန်မာချစ်ကြည်ရေးကို လွန်စွာအလေးထားပြီး အဆွေတော်သမ္မတကြီးနှင့်မိမိတို့သမ္မတကြီးတို့သည် တွေ့ဆုံဆွေးနွေးမှုများစွာကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အဆွေတော်သမ္မတကြီးအနေဖြင့် ကျဲ့ကျန်းပြည်နယ်သို့ ပထမဆုံးအကြိမ်ရောက်ရှိခြင်းဖြစ်သည်ဟု မိမိအနေဖြင့်သိရှိရပြီး ပြည်နယ်ဆိုင်ရာအချက်အလက်များကို တင်ပြလိုပါကြောင်း၊ ကျဲ့ကျန်းပြည်နယ်သည် သွင်းကုန်၊ ထုတ်ကုန်ပမာဏကြီးမားသည့် ဒေသဖြစ်ပြီး ဆန်းသစ်တီထွင်မှု၊ အရည်အသွေးမြင့်မားသည့် လုပ်ငန်းပေါင်းများစွာကိုလည်းပိုင်ဆိုင်ထားရှိကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းသည့်ဒေသဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့်အားကောင်းလာလျက်ရှိပြီး ကျဲ့ကျန်းပြည်နယ်နှင့် မြန်မာနိုင်ငံကြား၌လည်း စီးပွားရေးနှင့်ယဉ်ကျေးမှုပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာလျက်ရှိပါကြောင်း၊ မိမိတို့ကျဲ့ကျန်းပြည်နယ်အစိုးရအနေဖြင့် နှစ်နိုင်ငံကြားသဘောတူညီချက်များကို အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရေးအတွက်လည်း လိုအပ်သည့်တွေ့ဆုံဆွေးနွေးမှုများနှင့် ကူးလူးဆက်ဆံခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ မိမိဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား လှိုက်လှိုက်လှဲလှဲကြိုဆိုမှုများနှင့် သာယာလှပပြီးစိမ်းလန်းစိုပြည်မှုရှိသည့် ကျဲ့ကျန်းပြည်နယ်သို့ လာရောက်လေ့လာခွင့်ရရှိသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ အချိန်အခါနှင့်ခေတ်စနစ်များ မည်သို့ပင်ပြောင်းလဲသည်ဖြစ်စေ နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုသည် ပိုမိုတိုးတက်လျက်ရှိနေကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ နှလုံးသားချင်းနီးစပ်မှုသာမက ကျန်သည့်ကဏ္ဍများတွင်လည်း ပိုမိုနက်ရှိုင်းသည့်ယုံကြည်မှုများကို တည်ဆောက်နိုင်မည်ဖြစ်သဖြင့် ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုကို တိုးမြှင့်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူးတို့သည် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နည်းပညာကဏ္ဍ၊ အထည်အလိပ်ကဏ္ဍ၊ စိုက်ပျိုးရေးနှင့်လက်ဖက်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍတို့တွင် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူးတို့သည် ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပြီး ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူးမှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment