နေပြည်တော် ဇွန် ၂၅
ကမ္ဘာတစ်ဝန်း၌ အလုပ်အကိုင်ဖန်တီးခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်းတို့၌ အဓိကမောင်းနှင်အားဖြစ်သော MSME များ၏ အရေးပါမှုကို အသိအမှတ်ပြုရန်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ ဇွန် ၂၇ ရက်ကို “ကမ္ဘာ့ MSME နေ့” အဖြစ် ၂ဝ၁၇ ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပခဲ့ကြသည်။
ယခုနှစ် ဇွန် ၂၇ ရက်တွင် ကျရောက်မည့် (၁ဝ) ကြိမ်မြောက်အခမ်းအနား "The Future Generation of MSMEs" (အနာဂတ်မျိုးဆက်သစ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ) ဆိုသည်မှာ နည်းပညာတစ်ဟုန်ထိုး တိုးတက်လာသည့်ခေတ်တွင် ရေရှည်တည်တံ့ပြီး လူသားဗဟိုပြုသော စီးပွားရေးပုံစံသစ်သို့ ကူးပြောင်းခြင်းဖြစ်ပြီး လက်ရှိနည်းပညာနှင့် ဉာဏ်ရည်တု (AI) ခေတ်အတွင်း မျိုးဆက်သစ်စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကို အဓိကဦးတည်ထားရှိသည်။
စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအနေဖြင့် “ကမ္ဘာ့ MSME နေ့ (World MSME Day) အခမ်းအနား” ကို
(က) MSME လုပ်ငန်းများသည် ကမ္ဘာတစ်ဝန်းလုံးတွင် အလုပ်အကိုင်ကောင်းမွန်စွာ ဖန်တီးပေးနိုင်သည့် အဓိကအရင်းအမြစ်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေစေရန်၊
(ခ) လူငယ်များနှင့် လုပ်ငန်းရှင်များ၏ တီထွင်ဆန်းသစ်မှုနှင့်ဖန်တီးမှုကို ဖော်ထုတ်ပေးနိုင်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဈေးကွက်ချဲ့ထွင်မှုကို အသေးစားလုပ်ငန်းများမှတစ်ဆင့် ဒေသတွင်းနှင့် နိုင်ငံတကာ ဈေးကွက်များအထိ တိုးတက်ကြီးထွား လာစေရန်၊
(ဂ) သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ရေရှည်တည်တံ့နိုင်သော စီးပွားရေးအလေ့အကျင့်ကောင်းများနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို ကမ္ဘာ့လုပ်ငန်းရှင်များအကြား ပျံ့နှံ့သွားစေရန်၊
(ဃ) ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များ (SDGs) အောင်မြင်စေရန်အတွက် MSME လုပ်ငန်းများ၏ အရေးပါပုံကို ပြည်သူတစ်ရပ်လုံး ပိုမိုသိရှိနားလည်လာစေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
၂ဝ၂၆ ခုနှစ် ကမ္ဘာ့ MSME နေ့ (World MSME Day) အခမ်းအနားကို ဇွန် ၂၇ ရက်မှ ၂၈ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC - 1) ၌ ကျင်းပသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ MSME အေဂျင်စီများ၏ MSME ဖွံ့ဖြိုးရေးဆိုင်ရာ ပြခန်းများ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများလည်း ပါဝင်မည်ဖြစ်ရာ ပြည်သူများပါဝင် ဆင်နွှဲနိုင်ကြောင်း သိရှိရသည်။
သတင်းစဉ်
No comments:
Post a Comment