Thursday, June 25, 2026

ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်တွင် အမှတ် (၈၃) အဆန်/ အမှတ် (၈၄) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများ စတင်ပြေးဆွဲမည်

 


နေပြည်တော် ဇွန် ၂၄

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ရန်ကုန်- နေပြည်တော်-ရန်ကုန် ရထားခရီးစဉ်နှင့် ရန်ကုန်-မန္တလေး-ရန်ကုန် ရထားခရီးစဉ်များအား လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားများဖြင့် ပြေးဆွဲပေးခဲ့ပြီး ခရီးသည်များကြိုက်နှစ်သက်၍ စီးနင်းမှုများသောကြောင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းအတွင်း အမှတ် (၈၃) အဆန် ရန်ကုန်-မော်လမြိုင်ခရီးစဉ်နှင့် အမှတ် (၈၄) အစုန် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များကို လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများ အသုံးပြု၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်၍ အောက်ပါအချိန်ဇယားအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည် ဖြစ်သည်။

အထက်ပါ စတင်ပြေးဆွဲမည့် အမှတ် (၈၃) အဆန်/ အမှတ် (၈၄)အစုန် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းတစ်ဆိုင်းတွင် အထက်တန်းနှစ်တွဲ၊ ပထမတန်း လေးတွဲပါရှိပြီး အထက်တန်းတွင် ၇၂ ဦးနှင့် ပထမတန်းတွင် ၂၄၀ စုစုပေါင်း ၃၁၂ ဦး စီးနင်းလိုက်ပါနိုင်မည်ဖြစ်သည်။ လက်မှတ်ခနှုန်းထားမှာ ခရီးစဉ် အစအဆုံး အထက်တန်းအတွက် ငွေကျပ် ၂၂၀၀၀ နှင့် ပထမတန်းအတွက် ငွေကျပ် ၁၆၀၀၀ တို့ဖြစ်သည်။ အဆိုပါရထားသည် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ သိမ်ဇရပ်၊ ကျိုက်ထို၊ သထုံ၊ ပေါင်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး ခရီးစဉ်အစအဆုံး ပြေးဆွဲချိန် ၆ နာရီသာကြာမြင့်မည်ဖြစ်ရာ နေ့ချင်းပြန်သွားရောက်နိုင်မည်ဖြစ်သည်။

ထို့အတူ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင်ပြေးဆွဲလျက်ရှိသော အမှတ် (၈၁) အဆန်/ အမှတ် (၈၂) အစုန် လူစီးအမြန်ရထားနှင့် ယခုပြေးဆွဲမည့် အမှတ် (၈၃) အဆန်/ အမှတ် (၈၄) အစုန် ခေတ်မီ DEMU လူစီးအမြန်ရထားများ၏ ရထားလက်မှတ်များကို Online Railways Tacketing and Payment System (ORTP) စနစ်ဖြင့် လက်မှတ်များဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးအတွက် ခုနစ်ရက်နှင့် ကြားဘူတာများအတွက် ငါးရက်ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment