Wednesday, June 24, 2026

အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 



နေပြည်တော် ဇွန် ၂၃

အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက အဖွဲ့၏ လုပ်ငန်းတာဝန်များဖြစ်သော ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အလုပ်လုပ်ကိုင်လိုသူများအား အလုပ်အကိုင်ရရှိစေခြင်း၊ အလုပ်လက်မဲ့များ နည်းပါးစေရန် ဆောင်ရွက်ခြင်း၊ အလုပ်လုပ်ကိုင်နေသူများ၏ စည်းကမ်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရာတွင် ဝန်ကြီးဌာနများ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းများမှ အလုပ်ခေါ်စာများ ရရှိမှသာ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့် အလုပ်လုပ်ကိုင်နိုင်စွမ်းပေါ်မူတည်၍ အလုပ်ရှင်များ၏ အလုပ်သမား လိုအပ်ချက်နှင့် ကိုက်ညီသည့် အလုပ်သမားများကို ရွေးချယ်ခန့်အပ်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment