ရန်ကုန် ဇွန် ၁၁
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများနှင့်ပတ်သက်၍ မသမာသူများ၏ လိမ်လည်လှည့်ဖြားမှုများအား သတိပြုရှောင်ကြဉ်နိုင်ရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြေညာထားသည်။
လတ်တလောကာလတွင်
အများပြည်သူ၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအပေါ် စိတ်ဝင်စားမှုမြင့်တက်ခြင်းကို
အခွင့်ကောင်းယူ၍ လူမှုကွန်ရက်များပေါ်တွင် ‘‘အောင်စာရင်းနှင့် အမှတ်စာရင်းများကို ကြိုတင်ကြည့်ရှုပေးမည်’’
ဟူသော ဆွဲဆောင်မှုများဖြင့် အခကြေးငွေ လိမ်လည်တောင်းခံနေသည့် မသမာသူများကို တွေ့ရှိရကြောင်း
ဖော်ပြထားသည်။
မသမာသူများသည်
အစပိုင်းတွင် ‘‘ပညာဒါနအဖြစ် အခမဲ့ကြည့်ရှုပေးမည်’’ ဟု ဆွဲဆောင်ကာ စာမေးပွဲဖြေဆိုသူများ၏
ခုံအမှတ်များကို ရယူကြပြီး ‘‘စာမေးပွဲကျရှုံးသဖြင့် ငွေပေးပါက အောင်မြင်အောင် ဆောင်ရွက်ပေးမည်’’
သို့မဟုတ် ‘‘ဂုဏ်ထူးရရှိအောင် လိုက်လံ ဆောင်ရွက်ပေးမည်’’ ဟုဆိုကာ ငွေကြေးများလိမ်လည်တောင်းခံလျက်
ရှိကြောင်း သိရသည်။
ထို့ပြင် လိမ်လည်မှုပုံစံတစ်ခုမှာ
လူမှုကွန်ရက်အကောင့်အတုများ အသုံးပြုကာ မူရင်းလိမ်လည်မည့်အကောင့်ကို တိုက်ရိုက်မကြော်ငြာဘဲ
အခြားအကောင့်တစ်ခုမှ ‘‘မိမိဆွေမျိုးများ၏ အောင်စာရင်းကို ကြည့်ရှုပေးသည့်ဆရာဖြစ်ကြောင်း’’
လမ်းညွှန်အယုံသွင်း၍ အဆင့်ဆင့် လိမ်လည်လှည့်ဖြားလျက်ရှိပြီး ထိုသို့အောင်စာရင်းကို
အကြောင်းပြု လိမ်လည်မှုများ နှစ်စဉ်ကြုံတွေ့ရလေ့ရှိကြောင်း သိရသည်။ လက်ရှိတွင် အောင်စာရင်းကြည့်ရှုနိုင်သည်ဟုဆိုကာ
ပျံ့နှံ့နေသော Application များအားလုံးသည် ပြင်ပမှ အလွတ်သဘောရေးဆွဲထားသော အက်ပလီ ကေးရှင်းများသာဖြစ်ပြီး
အချက်အလက်တိကျမှန်ကန်စွာ ကြည့်ရှုနိုင်ခြင်း ရှိ/မရှိအတွက် အာမခံချက်လုံးဝမရှိသည့်အပြင်
မိမိတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံမှုဆိုင်ရာ အန္တရာယ်များရှိနိုင်သဖြင့် အထူးသတိပြုဆင်ခြင်ကြရန်နှင့်
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းထုတ်ပြန်ရာတွင်လည်း မိမိတို့၏ ခုံအမှတ်ဖြင့်
တိုက်ရိုက်ရှာဖွေ ကြည့်ရှုနိုင်မည့်စနစ်ကို https://result.dme.gov.mm ဝက်ဘ်ဆိုက်တွင်
လွှင့်တင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏
စနစ်တကျထိန်းသိမ်းဆောင်ရွက်ထားရှိမှုအရ အများပြည်သူသို့ တရားဝင်တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာခြင်းမပြုမီ
အောင်စာရင်းများကြိုတင်ပေါက်ကြားရန် လုံးဝ (လုံးဝ) ဖြစ်နိုင်ခြေမရှိ၍ ‘‘အောင်စာရင်း
ကြိုတင်ကြည့်ရှုပေးမည်’’ ဟူသော ပြောဆိုချက်များသည် ရာနှုန်းပြည့်လိမ်လည်လှည့်ဖြားခြင်းသာဖြစ်ကြောင်း
မိဘပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် အထူးသတိပြုကြရန်နှင့် မိမိတို့၏
အယုံလွယ်မှုကြောင့် မသမာသူ များ၏ လိမ်လည်မှုများတွင် နစ်နာဆုံးရှုံးမှုမရှိစေရေး သတိပြုဆင်ခြင်စောင့်ကြည့်ကြရန်
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အသိပေးနှိုးဆော်ထားသည်။
MT

No comments:
Post a Comment