Sunday, June 28, 2026

လူငယ်လူရွယ်ထုအတွင်း ခြိမ်းခြောက်အန္တရာယ်ပေးနေသော မူးယစ်ဆေးဝါး


 

လွန်းပိုးအိမ်

လောကတွင် အကောင်းဆုံးအချိန်အခါ၊ အကောင်းဆုံးအရွယ်၊ အကောင်းဆုံး အရည်အသွေးရှိသော လူသားမျိုးဆက်မှာ လူငယ်လူရွယ်များပင်ဖြစ်သည်။ ထိုလူငယ်လူရွယ်များ၏ဘဝများ အမှောင်ဖုံးမသွားစေရန်နှင့် တောက်ပသော အနာဂတ်ပိုင်ရှင်များဖြစ်လာစေရန် မူးယစ်ဆေးဝါး၏ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အဓိကတာဝန်ပင်ဖြစ်ပါသည်။

တားဆီးကာကွယ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်လုပ်ဆောင်ရန် လိုအပ်

ယနေ့ကာလတွင် လူငယ်လူရွယ်များ၏ ဘဝများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုအန္တရာယ်သည် အလွန်ပင်စိုးရိမ်ဖွယ်ရာဖြစ်နေသည်။ မူးယစ်ဆေးဝါးသုံးစွဲမှုသည် လူတစ်ဦးချင်းစီ၏ဘဝကို သာမက မိသားစု၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးကိုပါ နက်ရှိုင်းစွာ ထိခိုက်စေပါသည်။ မူးယစ်ဆေးဝါး၏အန္တရာယ်ကို သတိပြုမိစေရန် လူငယ်များအား အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်လုပ်ဆောင်ရန် လိုအပ်နေပါသည်။

လူငယ်လူရွယ်များအနေဖြင့် မိမိတို့၏ အသက်အရွယ်၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများတွင် မူးယစ်ဆေးဝါးကို မည်သည့်အတွက်ကြောင့် သုံးစွဲမိကြသည်ကို လေ့လာကြည့်ပါက စိတ်ပိုင်းဆိုင်ရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများအပြင် မူးယစ်ဆေးဝါးကို စမ်းသပ်လိုစိတ်ကြောင့်လည်း သုံးစွဲမိကြသည်ကို တွေ့ရှိရသည်။ အမှန်တကယ်တွင် မူးယစ်ဆေးဝါးသည် လူငယ်များ၏အနာဂတ်ကို ဖျက်ဆီးနေသည့် အဓိကပြဿနာကြီးတစ်ခုဖြစ်နေသည်။

ယနေ့ခေတ်တွင် မူးယစ်ဆေးဝါးပြဿနာသည် လူတစ်ဦးချင်းစီ၏ ပြဿနာမဟုတ်တော့ဘဲ “Problem of Drug and Drug Problem of People” ဟု သတ်မှတ်နိုင်သည်အထိ လူမှုရေးဆိုင်ရာ ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်လာပါသည်။ မူးယစ်ဆေးဝါးသုံးစွဲမှု၏ နောက်ဆက်တွဲဆိုးကျိုးများမှာ လူငယ်များ၏ ပညာရေးကိုထိခိုက်စေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးစေရုံသာမက မိသားစု၏ စီးပွားရေးကိုပါ ထိခိုက်စေသည်။ ထို့ပြင် မူးယစ်ဆေးဝါးသုံးစွဲသူများသည် ရောဂါများကူးစက်ခံရနိုင် ခြေမြင့်မားပြီး ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်လာနိုင်သည့် အန္တရာယ်များလည်းရှိနေသည်။

ကမ္ဘာ့နိုင်ငံများကိုပြန်ကြည့်လျှင် နိုင်ငံတိုင်းလိုလိုသည် မိမိ၏အနာဂတ် လူ့ဘောင်အဖွဲ့အစည်းကြီး ဖွံ့ဖြိုးသာယာစေရန်အတွက် Social Capital ဟုခေါ်သည့် လူမှုအရင်းအနှီးများ၊ Intellectual Capital ဟုခေါ်သည့် ဉာဏအရင်းအနှီးများ အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံကြရာတွင် မျိုးဆက်သစ်လူငယ်များအား ပိုမိုပျိုးထောင်လာခဲ့ကြသည်ကို တွေ့ရသည်။ မိမိတို့နိုင်ငံတော်၏ အနာဂတ်လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်သာယာလှပအောင် လူငယ်များ၏ စွမ်းပကားကို တိုးမြှင့်ကြရပေမည်။ လူငယ်များ၏ စွမ်းပကားကို မြှင့်တင်ပေးရန်ဆိုလျှင် နိုင်ငံတော်အစိုးရတစ်ခုတည်းက ဆောင်ရွက်ပေးရုံဖြင့် မလုံလောက်ဘဲ လူ့အဖွဲ့အစည်းအသီးသီး၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူအသီးသီးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရပေမည်။

လူငယ်များကို အသက်အန္တရာယ်ဆုံးရှုံးစေသည်အထိ အဓိက ခြိမ်းခြောက်လျက်ရှိသည်မှာ မူးယစ်ဆေးဝါးပင်ဖြစ်သည်။ လူသားများ၏ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက် ခြိမ်းခြောက်လျက်ရှိသော အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ကြိုတင်ကာကွယ်ရန်နှင့် ထိရောက်စွာ တိုက်ဖျက်နှိမ်နင်းနိုင်ရန် အလွန်လိုအပ်ပါသည်။ တရားမဝင်မူးယစ်ဆေး၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ အရက်၊ ဘီယာနှင့် ဆေးလိပ်တို့ကို စွဲလမ်းခြင်းအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ပိုမိုသိရှိနားလည်လာစေရန် အသိပညာပေးဆောင်ရွက်ခြင်းအားဖြင့် မူးယစ်ဆေးဝါးနှင့် နောက်ဆက်တွဲဆိုးရွားလှသည့် အန္တရာယ်များကို လူသားများကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက်မှသာ ရှောင်ရှားနိုင်ကြမည်ဖြစ်ပါသည်။

မူးယစ်ဆေးဝါးသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော ဆေးဝါးတစ်မျိုးဖြစ်သည်။ ယခင်က မူးယစ်ဆေးဝါးကို အပင်များမှရရှိပြီး ဘယဆေးတစ်မျိုးအဖြစ် အသုံးပြုခဲ့ကြသည်။ ဘိန်းပင်၊ ကုက္ကားပင်၊ ဆေးခြောက်ပင်တို့ကို မူးယစ်ဆေးဝါးဟု ခေါ်ပါသည်။ ဘိန်းပင်နှင့် ဆေးခြောက်ပင်တို့သည် ထင်ရှားသည့် မူးယစ်အနွယ်ဝင် အပင်များဖြစ်ကြသည်။ ခေတ်အဆက်ဆက် ပြောင်းလဲလာသော အခြေအနေများအရ မူးယစ်ဆေးနှင့် မူးယစ်စေတတ်သောအရာများ၊ အပင်ထွက်ပစ္စည်းများကို သုံးစွဲရုံသာမကဘဲ လူတို့ကိုယ်တိုင် တီထွင်အသုံးပြုလာခဲ့ကြသည်။ ဆေးအဖြစ်သာမက စွဲလမ်းစေသည့် ဖျော်ဖြေရေးပစ္စည်း၊ ထိုမျှမက လူတို့ကို လွှမ်းမိုးချုပ်ကိုင်လာသော သေမင်းတမန်အဖြစ် အဆင့်ဆင့်ပြောင်းလဲသုံးစွဲလာခဲ့ရာမှ ယခုအခါတွင် မူးယစ်ဆေးဝါးသည် လူသားများအကြားတွင် စွဲလမ်းစေတတ်သော ကြောက်မက်ဖွယ်ရာတစ်ခုအဖြစ် တည်ရှိနေပြီဖြစ်ပါသည်။

ဘယ်သူမပြု မိမိမှုပင်ဖြစ်

လူသည် စူးစမ်းတတ်သော သတ္တဝါတစ်မျိုးဖြစ်ပြီး ထိုစူးစမ်းစိတ်ကြောင့်ပင် ယနေ့ကမ္ဘာကို ပုံဖော်ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်သည်။ စူးစမ်းစိတ်သည် လူကို ကောင်းကျိုးပြုသလို ဆိုးကျိုးလည်း ပြုနိုင်ပေသည်။ အထူးသဖြင့် အန္တရာယ်ရှိသော မူးယစ်ဆေးဝါးသည် စူးစမ်းမိသည့်လူကို ချုပ်နှောင်ဖမ်းစားရင်း မပြန်လမ်းသို့ ဆွဲခေါ်သွားနိုင်သောအရာဖြစ်သည်။ လူသားများအနေဖြင့် မူးယစ်ဆေးဝါးကို သူငယ်ချင်းအပေါင်းအသင်း၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ခြင်း၊ မိသားစုအိမ်တွင်းရေးမပြေလည်ခြင်း၊ လူမှုရေးပြဿနာရှိနေခြင်းနှင့် မူးယစ်ဆေးအန္တရာယ်အကြောင်း ဗဟုသုတနည်းပါးခြင်းစသည်တို့ကြောင့် သုံးစွဲမိသည်ဟုဆိုသော်လည်း မိမိ၏စိတ်ကြောင့်သာ ပျက်စီးခြင်းကိုရောက်ကြခြင်းဖြစ်ပါသည်။ မိမိကိုယ်တိုင်ဖျက်မှ ပျက်စီးခြင်းဖြစ်၍ ဘယ်သူမပြု မိမိမှုပင်ဖြစ်ပါသည်။

လူသားများအကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်း မြင့်တက်လာသည်နှင့်အမျှ စာရိတ္တ မဏ္ဍိုင်ယိမ်းယိုင်လာပြီး ရာဇဝတ်မှုခင်းများ များပြားလာသည့် မှုခင်းသံသရာကို ဖြစ်ပေါ်စေပါသည်။

ယနေ့အချိန်တွင် နိုင်ငံ၏ မျိုးဆက်သစ်လူငယ်များအား လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ရန် တစ်နိုင်ငံလုံး၊ ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေးတာဝန်ကြီးတစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းကြရန် အလွန်ပင်အရေးကြီးပါသည်။ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ဖြည်းဖြည်းချင်းဝါးမျိုပြီး လူငယ်များကို အညွန့်ချိုးနေသည့် နိုင်ငံ၏ဂုဏ်သိက္ခာနှင့် အနာဂတ်ကို ဖြည်းဖြည်းချင်း နင်းချေပစ်နေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူနှင့်အတူ စုပေါင်းပြီး နှိမ်နင်းကြရန်လည်း အထူးလိုအပ်ပါသည်။

မူးယစ်ဆေးဝါးပြဿနာသည် တစ်နိုင်ငံတည်း ဆောင်ရွက်၍မရသည့်အတွက် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများကို တိုက်ဖျက်နိုင်ရန် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်လုပ်ဆောင်နိုင်ရန် အရေးကြီးပါသည်။

မူးယစ်ဆေးသည် သုံးစွဲမိသူကို စွဲလမ်းစေတတ်သည်။ သုံးနေစဉ်ကာလအတွင်း စိတ်ဓာတ်တက်ကြွခြင်း၊ အလွန်အမင်းလန်းဆန်းခြင်း၊ စိတ်ကူးကွန့်မြူးလွယ်ခြင်းနှင့် လွတ်လပ်ပေါ့ပါးခြင်း စသည့်ခံစားမှုများဖြစ်ပေါ်စေသဖြင့် သုံးစွဲသူများ စွဲလမ်းနှစ်ခြိုက်နေခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးသည် ဦးနှောက်ကို မူးယစ်ထုံထိုင်းစေပြီး စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံးကို စွဲလမ်းမှုဖြစ်စေသည်။ မသုံးရလျှင် မနေနိုင်ဖြစ်စေသည်။

ထိရောက်စွာ အကောင်အထည်ဖော်ရန်လိုအပ်

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေများကို ပြဋ္ဌာန်းထားသော်လည်း ထိရောက်စွာ အကောင်အထည်ဖော်ရန် လိုအပ်လျက်ရှိသည်။ မူးယစ်ဆေးဝါးသုံးစွဲမှုအန္တရာယ်ကို လူငယ်များ နားလည်သဘောပေါက်စေရန်အတွက် ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ရန်လိုအပ်သည်။ ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲဆိုးကျိုးများကို သိရှိနားလည်စေရန် ပညာပေးသင်ခန်းစာများ ထည့်သွင်းသင်ကြားခြင်းသည်လည်း အလွန်အရေးကြီးသော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ မူးယစ်ဆေးဝါးကြောင့် လူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးများထိခိုက်ရုံသာမက မိသားစုအတွင်း စီးပွားရေးအခြေအနေများကိုပါ ဆုတ်ယုတ်သွားစေနိုင်သည်။ ထို့ကြောင့် မူးယစ်ဆေးဝါးကို တားဆီးကာကွယ်ရာတွင် တစ်ဦးချင်းစီ၏ စိတ်ပိုင်းဆိုင်ရာခိုင်မာမှုနှင့် မိသားစု၏ အနီးကပ်စောင့်ရှောက်မှုသည် အဓိကသော့ချက်ဖြစ်သည်။

ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားကို လက်လှမ်းမမီသည့် လူငယ်များကမူ ကော်ရှူခြင်း၊ ဓာတ်ဆီရှူခြင်း စသည့်နည်းလမ်းများမှတစ်ဆင့်လည်း မူးယစ်ဆေးကို ရှာဖွေခံစားတတ်လာသည်။

ထို့ကြောင့် မူးယစ်ဆေးသည် လက်လှမ်းမီသုံးစွဲနိုင်သည့် လူငယ်များကြားတွင်သာမက ငွေကြေးမပြည့်စုံသည့် လူငယ်များအကြားသို့ပါ ထိုးဖောက်ရောက်ရှိလာနေပြီဖြစ်သည်။

ခေတ်၏ပြောင်းလဲလာမှုကြောင့် မူးယစ်ဆေးဝါးများသည်လည်း နည်းလမ်းမျိုးစုံဖြင့် ပြောင်းလဲလာသည်။ ဘိန်းခင်းများကို ဖျက်ဆီးခြင်း၊ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးခြင်းတို့ဖြင့် ဘိန်းကို အမြစ်ပြတ်အောင် လုပ်ဆောင်နေချိန်တွင် စိုက်ခင်းမလို၊ လူအင်အားလည်းမလိုဘဲ ဓာတ်ခွဲခန်းတစ်ခုရှိရုံမျှဖြင့် ပစ္စည်းအရေအတွက် သိန်းပေါင်း၊ သန်းပေါင်းများစွာ ထုတ်လုပ်နိုင်သော စိတ်ကြွရူးသွပ်ဆေးများမှာ ဝိသမလောဘသားများ၏ သည်းခြေကြိုက်ဖြစ်လာခဲ့သည်။

ဝိသမလောဘသားများအနေဖြင့် မူးယစ်ဆေးဝါးဈေးကွက်အတွက် လူငယ်များအား အဓိက ပစ်မှတ်ထားလာကြသည်ကို တွေ့မြင်နေရပါသည်။ ကျောင်းများတွင်သော်လည်းကောင်း၊ ရပ်ကွက်အတွင်း၌သော်လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများကို အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး ကျောင်းသား ကျောင်းသူချင်း၊ လူငယ်လူရွယ်ချင်းမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရှိရသည်။ စိတ်ကြွရူးသွပ်ဆေးများသည်လည်း ဈေးကွက်အတွင်း နာမည်အမျိုးမျိုးနှင့် ထွက်ရှိနေသည်။ ယခင်က စိတ်ကြွဆေးများကို နိုင်ငံခြားတိုင်းပြည်များတွင် နေ့မအား၊ ညမနား အလုပ်လုပ်ကြရသည့် လုပ်သားများသောက်သုံးရန် ထုတ်လုပ်ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် အဆင့်ဆင့် ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်သည်။

ဆေးအာနိသင်မှာ ညမအိပ်ဘဲ အလုပ်လုပ်နိုင်ခြင်း၊ အစာမစားဘဲ အလုပ်လုပ်နိုင်ခြင်း၊ ခွန်အားပြည့်ဝသကဲ့သို့ ခံစားရခြင်း၊ ဉာဏ်ရွှင်ခြင်း စသည်တို့ဖြစ်သည်။ သို့သော် သုံးစွဲသည့်ကာလကြာလာလျှင်မူ ဆေးအာနိသင်မရပါက အားအင်မရှိသကဲ့သို့ ပင်ပန်းနွမ်းနယ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ သွားများကျွတ်ခြင်း၊ ယိုင်နဲ့ခြင်း၊ ကိုယ်တွင်းကလီစာများပျက်စီးခြင်း စသည့်ဘေးထွက်ဆိုးကျိုးများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် သုံးစွဲသူကိုယ်တိုင်တွင် စိတ်ကျန်းမာရေးထိခိုက်ခြင်း၊ ပုံမှန်အသိစိတ်မရှိခြင်း၊ သံသယဝင်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါများ၊ အိပ်ရေးပျက်ပြီး အသိဉာဏ်ချို့ယွင်းလာခြင်းများ ဖြစ်တတ်ပါသည်။ နောက်ထပ် ဦးနှောက်ကြောင်လာခြင်း၊ ဉာဏ်ရည်ကျဆင်းပြီး ခုခံအားကျဆင်းလာသည့် HIV/ AIDS စသော ရောဂါဝေဒနာများပါ ခံစားလာရတတ်ပါသည်။

အမျိုးသားထုတစ်ရပ်လုံး၏တာဝန်ဖြစ်

မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲမှုကြောင့် စိတ်အာရုံချောက်ချားမှုများဖြစ်လာပြီး စာရိတ္တပျက်စီးခြင်း၊ ဥစ္စာပျက်စီးခြင်းတို့ကြောင့် လူ့အသိုင်းအဝိုင်းကိုလည်း ထိခိုက်စေပါသည်။ တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးကို တားဆီးကာကွယ်ရန်မှာ အမျိုးသားထုတစ်ရပ်လုံး၏တာဝန်ဖြစ်သည်။ မူးယစ်ဆေးဝါးကို ထုတ်လုပ်၊ ဖြန့်ချိ၊ ရောင်းချ၊ တင်ပို့၊ တင်သွင်း ကိုယ်တိုင်မလုပ်သော်လည်း အားပေးကူညီထောက်ပံ့လျှင် ထောင်ဒဏ်၊ သေဒဏ်အထိ ကျခံနိုင်ရဖွယ်ရှိပါသည်။ ထို့ကြောင့် မိမိနှင့်အတူ ဆိုင်ကယ်စီးလာသော သူငယ်ချင်းသည် မူးယစ်ဆေးဝါးသုံးစွဲခဲ့လျှင် စစ်ဆေးသည့်အခါတွင် ကိုယ်တိုင်မသုံးစွဲသော်လည်း မူးယစ်ဆေးသုံးစွဲနေသည်ဟု မသင်္ကာလျှင် မိမိပါအဖမ်းခံရမည်ဖြစ်သောကြောင့် အပေါင်းအသင်းကိုလည်း ရှောင်ကြဉ်ရန် လိုအပ်ပါသည်။

ထို့ပြင် မူးယစ်ဆေးသုံးစွဲသူများကိုလည်း ပစ်ပယ်ထားခြင်းမပြုဘဲ မူးယစ်ဆေးစွဲခြင်းကို စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုအဖြစ် သတ်မှတ်ကာ လူ့အသိုင်းအဝိုင်း၏ ဖေးမမှုဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့၏ ရင်သွေးငယ်များကို မူးယစ်ဆေးဝါး၏ မကောင်းကျိုးများ ပြောဆိုဆုံးမရုံသာမက ယနေ့ခေတ်လူငယ်များ ရင်ဆိုင်နေရသည့်အခက်အခဲများ၊ စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှုများနှင့် ခံစားမှုများကို လူကြီးမိဘများက နားလည်မှုရှိရှိ မျှဝေသိရှိနိုင်မှသာ မူးယစ်ဆေးကဲ့သို့သော မကောင်းသည့်ထွက်ပေါက်များ၊ ရှာဖွေမှုများ လျော့နည်းသွားမည်ဖြစ်သည်။

မူးယစ်ဆေးသုံးစွဲသူများအနေဖြင့် မိမိတို့ကိုယ်တိုင် မူးယစ်နွံထဲမှ ရုန်းထွက်လိုသော်လည်း မူးယစ်ဆေးဖြတ်ပြီးနောက်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ကုသမှုများကိုသာဆောင်ရွက်ပြီး စိတ်ပိုင်းဆိုင်ရာ ကုသမှုမပြုလုပ်သည့်အတွက် ယခင်အသိုင်းအဝိုင်းနှင့် ပြန်လည်တွေ့ဆုံပါက ပြန်လည်သုံးစွဲမိသည့် အဆင့်သို့ ရောက်ရှိသွားသည်ကို မကြာခဏတွေ့ရသည်။ ထို့ကြောင့် မူးယစ်ဆေးဖြတ်ထားသည့်၊ မူးယစ်ဆေးဖြတ်လိုသည့် သူများကိုလည်း မိသားစုက ပစ်ပယ်မထားဘဲ ဂရုတစိုက်ဖေးမလျှင် မူးယစ်ကင်းစင်ပြီး လှပသောလူမှုဘဝများကို ပိုင်ဆိုင်နိုင်မည်မှာ အသေအချာပင်ဖြစ်ပါသည်။

မူးယစ်ဆေးဝါးကင်းစင်ရေးသည် တစ်နိုင်ငံလုံး၏ အရေးဖြစ်၍ နိုင်ငံသားတိုင်း ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ သို့မှသာ လူသားများ၏ဘဝသစ်လွင်၍ နိုင်ငံကို အလှဆင်နိုင်မည်ဖြစ်ပါသည်။ လူ့ဘောင်တစ်ခုလုံးကို ပျက်ပြုန်းစေနိုင်သော မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံသားတိုင်း၊ ကမ္ဘာသူကမ္ဘာသားတိုင်းက စုပေါင်းလက်တွဲ တွန်းလှန်တိုက်ဖျက်သင့်ပါသည်။ မူးယစ်ဆေးဝါးပြဿနာကို ကျန်းမာရေးရှုထောင့်မှ ရှုမြင်သုံးသပ်ပြီး ကုသရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ကြရန် လိုအပ်သလို ဥပဒေပြုရေးနှင့် တရားစီရင်ရေးအပိုင်းများတွင်လည်း ယခုထက် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment