Wednesday, June 3, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ



နေပြည်တော် ဇွန် ၂

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီရှေ့မှောက်၌ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄) ဦးက ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်၌ လက်မှတ်ရေးထိုးကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၃၅၁ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၃၅၀ ဦး တက်ရောက်သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၉၉ ဒသမ ၇၂ ရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် လွှတ်တော်ရပ်နားထားစဉ်ကာလအတွင်း ကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများထံ အရောက်သွားပြီး ပြည်သူ့အသံ၊ လိုလားချက်၊ လိုအပ်ချက်များကို နားထောင်မှတ်သားခြင်း၊ ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု၊ ပြည်သူအကျိုးပြုလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့ကြခြင်းများအပေါ် မြင်ကြားသိရသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း။

လွှတ်တော်၏ အဓိကတာဝန်တစ်ရပ်မှာ ဥပဒေပြုရေးဖြစ်သည့်အတွက် တည်ဆဲဥပဒေများသည် မျက်မှောက်ခေတ်အခြေအနေ၊ မူဝါဒများနှင့် ကိုက်ညီမှုရှိမရှိ၊ နိုင်ငံတော်တိုးတက်ရေးနှင့် ပြည်သူများ အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများ ဖြစ်မဖြစ်တို့ကို လေ့လာဆန်းစစ်၍ လိုအပ်ပါက ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် အသစ်ပြဋ္ဌာန်းခြင်းတို့ကို မိမိတို့လွှတ်တော်သက်တမ်းတွင် ပိုမိုပြီးပြည့်စုံအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ထို့ပြင် လွှတ်တော်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရေး၊ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေများ ဖြစ်ထွန်းစေရေးကိုလည်း အရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း။

လွှတ်တော်အနေဖြင့် ဥပဒေများပြဋ္ဌာန်းရုံသာမကဘဲ တည်ဆဲဥပဒေများမှတစ်ဆင့် တစ်ဆင့်ခံဥပဒေထုတ်ပြန်ခွင့်အာဏာအပ်နှင်းခြင်းခံရသည့် အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်ထားသည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် တည်ဆဲဥပဒေများ၊ လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေများနှင့် ဆီလျော်ညီညွတ်မှု ရှိမရှိ ဆန်းစစ်နေရမည်ဖြစ်သလို ဥပဒေများအား နိုင်ငံတော်အတွင်းရှိ အဖွဲ့အစည်းများနှင့် နိုင်ငံသားအားလုံးက လိုက်နာကျင့်သုံးရေးနှင့် အပြန်အလှန်ထိန်းညှိကူညီရေးတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ထိုတာဝန်များကို လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်ကော်မတီများက ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်လုပ်ငန်းများအား ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် ယခုဒုတိယပုံမှန်အစည်းအဝေးတွင် အခြားကော်မတီများကို တိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူများ၏ သဘောဆန္ဒများကို လွှတ်တော်သို့ သယ်ဆောင်လာပြီး မေးခွန်း၊ အဆိုများနှင့် ဥပဒေကြမ်းများအဖြစ် မေးမြန်း၊ ဆွေးနွေး၊ ညှိနှိုင်းဆုံးဖြတ်ကြရာတွင်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားဖြစ်ထွန်းစေသော ဥပဒေများနှင့် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်သော ကိစ္စရပ်များဖြစ်စေရန် လိုအပ်ကြောင်း။

မိမိတို့ လွှတ်တော်သက်တမ်းကာလအတွင်း လွှတ်တော်၏ အခန်းကဏ္ဍတိုးတက်မြင့်မားစေရန်အတွက် လွှတ်တော်ဆိုင်ရာ ဆောင်ရွက်ချက်များအား ပြည်သူသို့ နည်းလမ်းစုံဖြင့် ထိတွေ့အသိပေးခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များအတွက် လိုအပ်သည့် သင်တန်းများစီစဉ်ခြင်း၊ နိုင်ငံတကာပါလီမန်များနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်းများကိုလည်း တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပဒေ၏ အကာအကွယ်အောက်တွင် ပြည်သူများ လုံခြုံအေးချမ်း၊ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူကအားကိုးသည့် ဥပဒေပြုမဏ္ဍိုင်ဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးနှင့် ဒုတိယပုံမှန်အစည်းအဝေးကြားကာလအတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးတင်ပြပြီး မှတ်တမ်းတင်သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲအာဇီဇော့ဖ်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ အီဂေါဆာဂေယန်ကို၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ United Russia ပါတီဥက္ကဋ္ဌ မစ္စတာ ဒီမီထရီမက်ဗီဒက်ဗ်၊ ဂျပန်-မြန်မာ ပါလီမန်ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် မစ္စတာ ဟိရိုမိချိဝါတာနာဘေး၊ ဂျပန်-မြန်မာ ယဉ်ကျေးမှု မြှင့်တင်ရေးအသင်းဥက္ကဋ္ဌ မစ္စတာ ဖူမီအိုအူဆုအိနှင့် အသင်းညွှန်ကြားရေးမှူး မစ္စတာ နာအိုဟိကို တာကခု၊ ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ဆိုဖွန်းဇာရမ်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးမစ္စတာကလျာဏဝိပတ္တိဘူမိပြထေရ်တို့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်၊ ဂျပန်-မြန်မာ ပါလီမန်ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် မစ္စတာ ဟိရိုမိချိဝါတာနာဘေး၊ ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ မစ္စတာ ဖူမီအိုအူဆုအိနှင့် အသင်းညွှန်ကြားရေးမှူး မစ္စတာ နာအိုဟိကိုတာကခုတို့က ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌထံပေးပို့လာသော သဝဏ်လွှာများကို လွှတ်တော်သို့ အသိပေးတင်ပြပြီး မှတ်တမ်းတင်သည်။

ထို့ပြင် ပြည်သူ့လွှတ်တော်နှင့် ကမ္ဘောဒီးယားနိုင်ငံ လွှတ်တော်အကြား ကောင်းမွန်သော ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံမှပေးပို့သော သဝဏ်လွှာအား လက်ခံရရှိသဖြင့် ကမ္ဘောဒီးယား၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်အာခါမိုဟာ ဆီနာပါတိုင်းတဲ့ချိုဟွန်ဆင်ထံမှ ကျေးဇူးတင်ရှိကြောင်း သဝဏ်လွှာပေးပို့လာခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြပြီး မှတ်တမ်းတင်သည်။

ယင်းနောက် တာချီလိတ်မဲဆန္ဒနယ်မှ ဦးကျော်ငြိမ်းအောင်၏ ပြည်တွင်းအခွန်ဦးစီးဌာန၏ မော်တော်ကား ဝယ်ယူ၊ ရောင်းချခြင်းများအပေါ် အခွန်စည်းကြပ်ရန် စံနှုန်းသတ်မှတ်ထားရှိသည့် ပေါက်ဈေးနှုန်းများ ထက်ထက်ဝက်ကျော်သော ဈေးနှုန်းထားများဖြင့် ရောင်းဝယ်လုပ်ကိုင်နေခြင်းများအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီမံကြပ်မတ်ဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊ မရှိ၊ အစီအစဉ်မရှိပါက အဘယ့်ကြောင့်နှင့် အစီအစဉ်ရှိပါက မည်သည့်ကာလအပိုင်းအခြားတွင် စီမံဆောင်ရွက်သွားမည်တို့ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်များဝယ်ယူခြင်း၊ ရောင်းချခြင်းများအပေါ် အခွန်လွတ်ကင်းမှုမရှိစေရေးအတွက် မော်တော်ယာဉ်အမျိုးအစားအလိုက် နှစ်စဉ်စံနှုန်းများ ကြိုတင်ပြုစုသတ်မှတ်ပြီး အခွန်စည်းကြပ်မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ်စံနှုန်းတန်ဖိုးသည်လည်း အခွန်ထမ်းပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် မိမိဆန္ဒအလျောက် အခွန်ပေးဆောင်နိုင်စေရေးတို့အတွက် မော်တော်ယာဉ်အမျိုးအစားအလိုက် တစ်ပြေးညီဖြစ်စေရန် သတ်မှတ်ထားသည့် စံနှုန်းများဖြစ်သဖြင့် မော်တော်ယာဉ်ဈေးနှုန်း အတက်အကျအခြေအနေများအရ ပြင်ပပေါက်ဈေးနှင့် စံနှုန်းကွာဟမှုရှိနိုင်ပါကြောင်း။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် IDS(IRD Documentation System) စနစ်ကို မြေပြင်တွင် အများဆုံးအရောင်းအဝယ်ဖြစ်နေသည့် မော်တော်ယာဉ်များ၏ ထုတ်လုပ်သည့်ခုနှစ်အလိုက် စံနှုန်းတန်ဖိုးများကို အတည်ပြုသတ်မှတ် ထည့်သွင်းဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ စံနှုန်းများ သတ်မှတ်ရာတွင် မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းနှင့် မော်တော်ယာဉ်အရောင်းပြခန်းများမှ သတင်းအချက်အလက်များရယူကာ (၆) လတစ်ကြိမ် ပြန်လည်သုံးသပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ပြည်သူများ ပိုမိုအဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရန်နှင့် ပိုမို၍ပွင့်လင်းမြင်သာသည့် စနစ်တစ်ခုဖြစ်စေရန် မော်တော်ယာဉ်တန်ဖိုးအလိုအလျောက်စိစစ်အခွန် တွက်ချက်ပေးဆောင်သည့်စနစ် (Vehicle Auto-matic Valuation System- VAVS) ကို Online မှ တစ်ဆင့် အသုံးပြုနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

လင်းခေးမဲဆန္ဒနယ်မှ စိုင်းထွန်းစံ (ခ) စိုင်းဆေဟန်၏ ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များတွင် လက်ကျန်ဆီများရှိနေပါလျက်နှင့် အကြောင်းပြချက်အမျိုးမျိုးဖြင့် ဈေးနှုန်းချက်ချင်းမြှင့်တင်ပြီး အမြတ်ကြီးစားနေသော ဆီဆိုင်များအား မည်သို့သော ထိရောက်သည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိမြို့များတွင် အိမ်နီးချင်းနိုင်ငံများမှ တင်ပို့မှုကန့်သတ်လာပါက ဈေးနှုန်းတည်ငြိမ်စေရန်အတွက် အစိုးရတွင် မည်သို့သောအစီအစဉ်နှင့် အစားထိုးဝယ်ယူမည့်လမ်းကြောင်း များ ပြင်ဆင်ထားသည်ကို သိရှိလိုခြင်း၊ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများ ကော်မတီအနေဖြင့် ဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးပြီး အမှန်တကယ်ပြတ်လပ်မှု ရှိ၊ မရှိ၊ မတန်တဆဈေးနှုန်းများအား ထိန်းညှိပေးရန်အစီအစဉ် ရှိ၊ မရှိနှင့် စီးပွားရေးသမားများ၏ ခေါင်းပုံဖြတ်မှုမှ ပြည်သူလူထုကို ကာကွယ်ပေးရန်အတွက် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးနှင့် ဖူလုံမှုရှိစေရန် အစီအမံများချမှတ်ဆောင်ရွက်လျက်ရှိသောကြောင့် စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ပါကြောင်း၊ ပြည်သူများမှ စက်သုံးဆီဝယ်ယူသုံးစွဲရာတွင် အရောင်းဆိုင်များမှ ဈေးတင်ရောင်းချခြင်းများမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် မြို့နယ်များအလိုက် ရည်ညွှန်းလက်လီဈေးနှုန်းများကို စိစစ်တွက်ချက်ပြီး အများပြည်သူသိစေရန် နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြပေးလျက်ရှိပါကြောင်း။

စက်သုံးဆီအရောင်းဆိုင်များ၏ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချနိုင်ရေး ညွှန်ကြား ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး တိုင်ကြားလာမှုများအပေါ်မှန်ကန်ကြောင်း စိစစ်တွေ့ရှိရပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိမြို့များတွင် အိမ်နီးချင်းနိုင်ငံများမှ စက်သုံးဆီတင်ပို့မှု ကန့်သတ်လာပါက စျေးနှုန်းတည်ငြိမ်စေရန်အတွက် ပင်လယ်ရေကြောင်းမှတင်သွင်းသည့် စက်သုံးဆီကုမ္ပဏီများမှ တစ်ဆင့် စက်သုံးဆီများပြန်လည်ရရှိနိုင်ရေးနှင့် ရန်ကုန် - နေပြည်တော် - တောင်ကြီး - ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးအတိုင်း သယ်ဆောင်ဖြန့်ဖြူး သွားနိုင်ရေးအစီအမံများ ဆောင်ရွက်ထားရှိပြီးဖြစ် ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အမှန်တကယ် ဆီပြတ်လပ်မှု ရှိ/မရှိ ပုံမှန်/ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး မတန်တဆစျေးနှုန်းများဖြင့် ရောင်းချမှုမရှိစေရေးနှင့် စီးပွားရေးသမားများ၏ ခေါင်းပုံဖြတ်မှုမှကာကွယ်ပေးနိုင်ရေး သတင်းစုံစမ်းဖော်ထုတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မိုးနဲမဲဆန္ဒနယ်မှ စိုင်းထွန်းလင်း၏ ရှမ်းပြည်နယ် နမ့်စန်ခရိုင် မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့အတွင်းရှိ နယ်မြေခံတပ်သို့ ပို့လွှတ်ထားသော ဓာတ်အားလိုင်းမှ အန္တရာယ်ရှိနေသော သစ်လုံးတိုင်များအား ခိုင်ခံ့သည့် ကွန်ကရစ်တိုင်များဖြင့် အမြန်ဆုံးအစားထိုးလဲလှယ်ပေးရန်နှင့် အဆိုပါဓာတ်အားလိုင်းအား မြို့ပတ်လမ်း (သို့မဟုတ်) မြို့ရှောင်လမ်းဘက်မှ လိုင်းလမ်းကြောင်း ပြောင်းလဲသွယ်တန်းပေးရန် အစီအစဉ် ရှိ၊ မရှိ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ရှမ်းပြည်နယ် မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့ နယ်မြေခံတပ်ရေစက်၏ ၁၁/၀.၄ ကေဗွီ၊ ၅၀ ကေဗွီအေထရန်စဖော်မာသို့ ဓာတ်အားပေးရန်အတွက် ကျိုင်းတောင်းဓာတ်အားပေးစက်ရုံရှိ ၃၃/၁၁ ကေဗွီ၊

၅ အမ်ဗွီအေဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသော ၁၁ ကေဗွီ ကျိုင်းတောင်းမြို့တွင်း ဖီဒါဓာတ်အားလိုင်းမှ ခိုလမ်မြို့အထွက်တွင် ဓာတ်အားလိုင်းခွဲထွက်၍ တည်ဆောက်ထားသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်း အပိုင်းတွင် ကွန်ကရစ်တိုင် ၇ တိုင်နှင့် သစ်သားတိုင် ၂ တိုင်ဖြင့် သွယ်တန်းတည်ဆောက်ထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါ သစ်သားတိုင် ၂ တိုင်အား ကွန်ကရစ် တိုင်ဖြင့် အစားထိုးလဲလှယ်ဆောင်ရွက်ပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

သီပေါမဲဆန္ဒနယ်မှ ဦးကောင်းသက်စံ၏ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် လျှပ်စစ်ဓာတ်အားများအား မည်သည့်အချိန်၌ရရှိမည်၊ မည်သို့မည်ပုံ ခွဲဝေဖြန့်ဖြူးနိုင်မည့်အစီအစဉ်သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က သီပေါမြို့အား တပ်မတော်မှပြန်လည် သိမ်းပိုက်ရရှိပြီးနောက် ဝန်ကြီးဌာနမှ အင်ဂျင်နီယာနှင့် ဝန်ထမ်းများသည် ၆၆ ကေဗွီ သီပေါဓာတ်အားခွဲရုံအားပြုပြင်ခဲ့ရာ ပြီးစီးခဲ့ပြီး ၆၆ ကေဗွီ မန်စံ-သီပေါ ဓာတ်အားလိုင်းကို စစ်ဆေးပြုပြင်ထားပြီးဖြစ်ပါကြောင်း။

သီပေါမြို့အား ယာယီဓာတ်အားပေးရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပိုင်ဆိုင်သော ၆၆၅ ကီလိုဝပ်နှင့် ၁၆၅ ကီလိုဝပ် ဒီဇယ်ဓာတ်အားပေးစက် ၂ လုံးဖြင့် မြို့ပေါ် ဌာနဆိုင်ရာရုံး ၄၀ တို့အား တစ်နေ့လျှင် ၆ နာရီ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး ဓာတ်အားပေးစက်အတွက်လိုအပ်သော စက်သုံးဆီအား ဝန်ကြီးဌာနမှ ပံ့ပိုးပေးလျက်ရှိပါကြောင်း။

သီပေါမြို့ရှိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံနှင့် မြို့တွင်းဓာတ်အားဖြန့်ဖြူးပေးမည့် ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများနှင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများကို ပြန်လည်ပြုပြင်ထားပြီးဖြစ်ပါသဖြင့် သီပေါမြို့အား ၆၆ ကေဗွီ မန်စံ-သီပေါ ဓာတ်အားလိုင်းမှတစ်ဆင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ပါရန်အတွက် ဝန်ကြီးဌာနမှ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီထံသို့ တင်ပြထားရှိပြီး ညှိနှိုင်းမှုများဆောင်ရွက်ပြီးစီးပါက သီပေါဓာတ်အားခွဲရုံမှတစ်ဆင့် သီပေါမြို့ပေါ် ရပ်ကွက် ၁၁ ခုအား ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မာန်အောင်မဲဆန္ဒနယ်မှ ဦးကျော်သန်း၏ မာန်အောင်မြို့ လျှပ်စစ်မီးရရှိရေးအတွက် ခအုန်းမော်ကျေးရွာ၌ရှိသော နေရောင်ခြည်စွမ်းအင်သုံးစက်ရုံအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် လုပ်ဆောင်ပေးမည် ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ရခိုင်ပြည်နယ် မာန်အောင်မြို့အား ၂၄ နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး မာန်အောင် မြို့ ခအုန်းမော်ကျေးရွာတွင် PV 500 kW ဆိုလာ၊ ဘက်ထရီနှင့် ဒီဇယ် Hybrid System ဓာတ်အားပေး စက်ရုံ PCS (PV) Panel ရှိ Capacitor ချွတ်ယွင်းမှု၊ Lead Acid Battery များ၏ လျှပ်စစ်သိုလှောင်နိုင်သည့် စွမ်းရည်ကျဆင်းမှုနှင့် 625 KVA Diesel Generator ချွတ်ယွင်းမှုကြောင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်း မရှိတော့ပါသဖြင့် ပြန်လည်ပြုပြင်နိုင်ရန်ညှိနှိုင်းခဲ့ပြီး Posco Daewoo Co., Ltd. မှ ပြည်တွင်းရှိ ကုမ္ပဏီဖြစ်သည့် KST Co., Ltd. အား တာဝန်ပေးအပ်ခဲ့ပါကြောင်း။

ပြုပြင်ခြင်းလုပ်ငန်းများသည် ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော နယ်မြေဒေသလုံခြုံရေး အခြေအနေများကြောင့် လုပ်ငန်းများဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ယာယီရပ်ဆိုင်းထားခဲ့ရပါကြောင်း၊ သို့ဖြစ်၍ ဒီဇယ်ဓာတ်အားပေးစက်ဖြင့်သာ ၁-၁-၂၀၂၄ ရက်မှ စတင်မောင်းနှင်၍ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးခဲ့ရပြီး လက်ရှိအချိန်တွင် မာန်အောင်မြို့ပေါ်ရပ်ကွက် (၅) ခုနှင့် ကျေးရွာ (၄) ရွာတို့အား အုပ်စု (၄) အုပ်စုခွဲ၍ ညအချိန်တွင် ၁နာရီခွဲနှုန်းဖြင့် အလှည့်ကျဓာတ်အားပေးလျက်ရှိပါကြောင်း။

ဆိုလာ၊ ဘက်ထရီနှင့် ဒီဇယ်စက် Hybrid စနစ်ဖြင့် အပြည့်အဝပြန်လည်မောင်းနှင် ဓာတ်အားပေးနိုင်ရန်အတွက် Battery များ အစားထိုးလဲလှယ်ပေးခြင်း လုပ်ငန်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါဘက်ထရီလဲလှယ်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပြီးစီးပါက PV 500 kW ဆိုလာ၊ ဘက်ထရီနှင့် ဒီဇယ် Hybrid System အားမောင်းနှင်၍ မာန်အောင်မြို့အား ပုံမှန်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာမျိုးထွန်း၏ နိုင်ငံတော်က ရှမ်းပြည်နယ် (မြောက်ပိုင်း) မြို့နယ်များအား စက်သုံးဆီခွဲတမ်းပြန်လည်ပြီးချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိနှင့် ရှိပါကမည်သည့်အချိန်တွင် စက်သုံးဆီခွဲတမ်းပြန်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ရှမ်းပြည် (မြောက်ပိုင်း) လက်ရှိနယ်မြေအခြေအနေအရ စက်သုံးဆီပို့ဆောင်မှုအဆင်ပြေချောမွေ့ခြင်း ရှိ/မရှိနှင့် စက်သုံးဆီများကို မသက်ဆိုင်သည့်အဖွဲ့ အစည်းများသို့ မရောက်ရှိစေရေးအတွက် ၁-၂-၂၀၂၆ လားရှိုးမြို့၊ တန့်ယန်းမြို့၊ မိုင်းရယ်မြို့များသို့ 92 Ron ဓာတ်ဆီလီတာသုံးသောင်းခြောက်ထောင်ကျော်၊ ပရီမီယံဒီဇယ် သုံးသောင်းခြောက်ထောင်ကျော်ကို တစ်မြို့လျှင် (၂) စီးနှုန်းဖြင့် ဆီသယ်ယာဉ် (၆) စီးအား ကနဦးအစီအစဉ်အဖြစ် ရန်ကုန်သီလဝါမှတောင်ကြီး-ဟိုပုံး-လွိုင်လင်-ကျေးသီး-မိုင်းရယ်-တန့်ယန်း-လားရှိုးလမ်းကြောင်းအတိုင်း သယ်ယူခဲ့ရာ ၉-၂-၂၀၂၆ ရက်နေ့တွင် သက်ဆိုင်ရာမြို့များသို့ ရောက်ရှိခဲ့ပါကြောင်း၊ လမ်းခရီးတွင် အဆင့်ဆင့်ခွင့်ပြုချက်ရယူသွားလာရ သည့်အခြေအနေဖြစ်ပြီး လက်ရှိအခြေအနေတွင် စက်သုံးဆီသယ်ယူမှု အဆင်ပြေချောမွေ့မှုမရှိသေး သည့်အခြေအနေရှိနေသေးကြောင်း သုံးသပ်ရပါသဖြင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ စက်သုံးဆီဝယ်ယူခွင့် (PO) အား ဆက်လက်ယာယီရပ်ဆိုင်းထားပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် စက်သုံးဆီသယ်ယူမှုလမ်းခရီးအခြေအနေ ချောမွေ့ကောင်းမွန်မှုရှိချိန်တို့တွင် စက်သုံးဆီဝယ်ယူခွင့် (PO) များကို ပြန်လည်ခွင့်ပြုပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတကာဆက်ဆံရေးကော်မတီဖွဲ့စည်းရေးနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားပြီး နိုင်ငံတကာဆက်ဆံရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌအဖြစ် ရပ်စောက်မဲဆန္ဒနယ်မှ ဒေါက်တာ ပွင့်ဆန်းနှင့် အတွင်းရေးမှူးအဖြစ် နန်းယွန်းမဲဆန္ဒနယ်မှ ဦးယောအေးလှတို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့တင်ပြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတကာဆက်ဆံရေးကော်မတီဖွဲ့စည်းမှုနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်းသည့် ရှင်းလင်းတင်ပြချက်များကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌအဖြစ် ရပ်စောက်မဲဆန္ဒနယ်မှ ဒေါက်တာ ပွင့်ဆန်း၊ အတွင်းရေးမှူးအဖြစ် နန်းယွန်းမဲဆန္ဒနယ်မှ ဦးယောအေးလှအပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းကြောင်းနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့ကို လွှတ်တော်ကအတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးဒုတိယနေ့ကို ဇွန် ၃ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment