Tuesday, June 2, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မွန်ဘိုင်းမြို့သို့ရောက်ရှိ ဂျဝါဟာလာနေရူးဆိပ်ကမ်းသို့ သွားရောက်လေ့လာ


နေပြည်တော် ဇွန် ၂

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နယူးဒေလီမြို့၊ Palam လေတပ်စခန်းမှ မွန်ဘိုင်းမြို့သို့ အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြသည်။

နိုင်ငံတော်သမ္မတဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယအစိုးရ အဖွဲ့ဝင် Minister of State for External Affairs Shri Kirti Vardhan Singh အိန္ဒိယအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ သံရုံး၊ စစ်သံရုံးမိသားစုများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နေ့လယ်ပိုင်းတွင် မွန်ဘိုင်းမြို့၊ Chhatrapati Shivaji Maharaj အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကောလ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းမိသာစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဂျဝါဟာလာနေရူးဆိပ်ကမ်းသို့သွား ရောက်ကြည့်ရှုလေ့လာကြရာ ဆိပ်ကမ်းဆိပ်ကမ်းအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ Mr. Gaurav Dayal ias နှင့် ဆိပ်ကမ်းမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ဆိပ်ကမ်းအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဆိပ်ကမ်းမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်အပ်ပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားပြီး ဆိပ်ကမ်းဆိုင်ရာ သမိုင်းကြောင်းနှင့် အချက်အလက်များ၊ အရှေ့တောင်အာရှနှင့် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အိန္ဒိယနိုင်ငံ၏အဓိကအကျဆုံး ဆိပ်ကမ်းတစ်ခုဖြစ်မှုအခြေအနေများ၊ ဆိပ်ကမ်းတွင်နည်းပညာမြင့် စက်ကိရိယာများ အသုံးပြုလျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် စီးပွားရေးမိတ်ဖက်အဖြစ် ပင်လယ်ရေကြောင်း ကုန်သွယ်မှုများ၊ ဆိပ်ကမ်းဆိုင်ရာများကို ဆောင်ရွက်သွားနိုင်မှု၊ ဆိပ်ကမ်းကို အသုံးပြုနိုင်ခြင်းဖြင့် နိုင်ငံအတွက် စည်းကြပ်ခွန်များကို တိုးတက်ရှာဖွေပေးနိုင်ခဲ့မှု၊ ဆိပ်ကမ်း၏ စွမ်းဆောင်ရည်များတိုးတက်စေရေး၊ အခြေခံအဆောက်အဦပိုင်းဆိုင်ရာများ တိုးတက်ရေးနှင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်နိုင်ခဲ့မှု၊ ရိုးရိုးရှင်းရှင်းဖြင့်လုပ်ငန်းများ ဆောင်ရွက်နိုင်မှု၊ Green Port အဖြစ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆိပ်ကမ်းမှ PPP မော်ဒယ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိမှု၊ ဆိပ်ကမ်းနှင့်ပတ်သက်သည့် သင်တန်းများအား မျှဝေသင်ကြားပေးနိုင်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုနှင့် အသစ်ထပ်မံတည်ဆောက်ရန်ဆောင်ရွက်လျက်ရှိသည့် Vadhavan ဆိပ်ကမ်းစီမံကိန်းမှတ်တမ်းဗီဒီယိုအားကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မိမိတို့အနေဖြင့် ယခုဆိပ်ကမ်းသို့ လာရောက်လေ့လာခဲ့ခြင်းသည် မိမိတို့နိုင်ငံ၌ ဆိပ်ကမ်းတည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပြီး ယခုဆိပ်ကမ်းသည်နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရသဖြင့် လာရောက်လေ့လာခြင်းဖြစ်ကြောင်း၊ ရှင်းလင်းပြသမှုများအရ ကမ္ဘာ့အဆင့် ၂၃ ရှိပြီး အိန္ဒိယနိုင်ငံတွင် အဆင့် ၁ ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးဖြစ်ပြီး PPP စနစ်ကို ကျင့်သုံးနေသည်ကိုသိရှိရကြောင်း၊ မိမိတို့နိုင်ငံတွင် ရန်ကုန်ဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်းနှစ်ခုရှိပြီး သီသဝါဆိပ်ကမ်းသည် အထူးစီးပွားရေးဇုန်နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် ဆိပ်ကမ်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ နိုင်ငံတော်ပိုင်ဆိပ်ကမ်းများကို အဆင့်မြှင့်တင်နိုင်ရန်အတွက် ယခုဆိပ်ကမ်းသို့ လာရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်၍ ရသည်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရှင်းလင်းပြောကြားမှုများအရ ဆိပ်ကမ်၏ စွမ်းဆောင်ရည်များ မြင့်မားသည်ကို တွေ့ရပြီး Green Area နှင့် Green Energy များ ဆောင်ရွက်ထားမှုကိုလည်း လေ့လာတွေ့ရှိရကြောင်း၊ မိမိလာရောက်သည့် ခရီးစဉ်သည် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရန် လာရောက်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြားကုန်သွယ်မှု အခန်းကဏ္ဍပိုမိုတိုးတက်လာစေရေးအတွက် မိမိတို့နိုင်ငံ၏ ဆိပ်ကမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိပ်ကမ်းပညာနှင့် ပတ်သက်၍ သင်တန်းများ သင်ကြားပေးမည်ဆိုပါက မိမိတို့နိုင်ငံမှ သင်တန်းသားများကို စေလွှတ်သွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဂျဝါဟာလာနေရူးဆိပ်ကမ်း ဆိပ်ကမ်းအာဏာပိုင်ဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဂျဝါဟာလာနေရူးဆိပ်ကမ်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါဂျဝါဟာလာနေရူးဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံ၊ မဟာရာ့ရှ်ထရာပြည်နယ်၊ မွန်ဘိုင်းမြို့၏ တောင်ဘက်၊ ယူရန်ဒေသတွင်တည်ရှိကြောင်း၊ ဆိပ်ကမ်း၏ ကုန်သွယ်နိုင်မှုမှာ ကမ္ဘာ့အဆင့် ၂၃ တွင်ရှိပြီး အိန္ဒိယနိုင်ငံရှိ အဓိကျသည့် ဆိပ်ကမ်း ၁၂ ခုအနက် အဆင့် ၁ ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ အိန္ဒိတစ်နိုင်ငံလုံး၏ ကွန်တိန်နာသယ်ပို့မှု ၅၀ ရာခိုင်နှုန်းကို ယခုဆိပ်ကမ်းမှသယ်ယူပို့ဆောင်ခြင်းဖြစ်ကြောင်း၊ ယခုဆိပ်ကမ်းကြီးသည် အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှုကို အကောင်အထည်ဖော်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး အရှေ့တောင်အာရှဒေသနှင့် အဓိကဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် ဆိပ်ကမ်းကြီးတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment