Tuesday, June 16, 2026

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ ဥပဒေကြမ်းကော်မတီနှင့်တွေ့ဆုံ

 

နေပြည်တော် ဇွန် ၁၅

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I-2)၌ ဥပဒေကြမ်းကော်မတီဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်တွင် အမြဲတမ်းကော်မတီ (၄) ရပ်ရှိသည့်အနက် ဥပဒေများပြဋ္ဌာန်းဆောင်ရွက်ရာတွင် ဥပဒေကြမ်းကော်မတီသည် အဓိကကျကြောင်း၊ ဥပဒေကြမ်းကော်မတီအနေဖြင့် ဥပဒေကြမ်းများရေးဆွဲခြင်းသာမက တည်ဆဲဥပဒေများကို လက်ရှိခေတ်ကာလအခြေအနေနှင့် ကိုက်ညီမှုရှိ၊ မရှိ စိစစ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တည်ဆဲဥပဒေများတွင် မြန်မာဘာသာဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေများအပြင် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ ၁၀၀ ကျော်ရှိပြီး ယင်းဥပဒေများအနက်မှ လက်ရှိအခြေအနေနှင့် မကိုက်ညီတော့သည့် ဥပဒေများပယ်ဖျက်နိုင်ရေး သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

အမျိုးသား လွှတ်တော်တွင် စတင်ဆွေးနွေးနေသည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းသည် မိမိတို့ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာပြီဖြစ်ရာ ဥပဒေကြမ်းကော်မတီကဥပဒေ၊ နည်းဥပဒေများနှင့်အညီစိစစ်ပြီး အစီရင်ခံစာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးရန်ဖြစ် ကြောင်း၊ ယနေ့ခေတ်စနစ်နှင့် ကိုက်ညီသည့် ဒီဂျစ်တယ်စီးပွားရေးနှင့် နည်းပညာဆိုင်ရာဥပဒေ၊ AI ဉာဏ်ရည်တုနှင့်ဆိုင်သည့် ကြီးကြပ်ကွပ်ကဲမှုဆိုင်ရာ ဥပဒေများ၊ ကိုယ်ရေးအချက်အလက်ကာကွယ်ပေးရေးဥပဒေ Data Privacy Law များ၊ သဘာဝ ပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုဆိုင်ရာ ဥပဒေများအား ပြဋ္ဌာန်းနိုင်ရေး သုံးသပ်ဆောင်ရွက်ကြစေလိုကြောင်း။

နိုင်ငံတော်အနေဖြင့် ပညာရေးနှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်မှုများကို အလေးထားဆောင်ရွက်လျက်ရှိရာ မိမိတို့လွှတ်တော်အနေဖြင့်လည်း စာသင်ကျောင်းများတွင် ကျောင်းအခြေပြု အားကစားဆိုင်ရာဥပဒေနှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဥပဒေများ ပြဋ္ဌာန်းပေးနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လက်ရှိတည်ဆဲဥပဒေများအနက် မူးယစ်ဆေးဝါး၊ သက်ငယ်မုဒိမ်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေများတွင် ပြစ်မှု၊ ပြစ်ဒဏ်ပိုင်းဆိုင်ရာများ ပြင်ဆင် ဖြည့်စွက်ခြင်းများလည်း ရှိမည်ဖြစ်ကြောင်း၊ ပြည်သူများ ဥပဒေ၏ အကာအကွယ်အောက်တွင် လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေး အလေးထားဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုသည့် FDI Law နှင့် နိုင်ငံသားများ၏ ကျန်းမာရေးကို အကာအကွယ်ပေးမည့် FDA Law များကို လိုအပ်ပါက ပိုမိုပြည့်စုံစေရေး အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဥပဒေကြမ်းများ စိစစ်သုံးသပ်ရေးနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီရုံးခန်းနှင့် အစည်းအဝေးခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment