Tuesday, June 2, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် အောင်ပွဲရရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို



နေပြည်တော် ဇွန် ၂

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ဒေသတစ်ဝိုက် စစ်ဆင်ရေးနှင့်နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အနုပညာရှင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းရေးတို့အတွက် ရှေ့တန်းစစ်မျက်နှာများတွင် အသက်ကိုပဓာနမထားဘဲ စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအားတိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များ၊ ဂုဏ်ပြုပန်းကုံးများဖြင့်လည်းကောင်း၊ အိုးစည်၊ ဒိုးပတ်၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြသည်။ ထို့နောက် တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment