Monday, June 22, 2026

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂ဝ၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

 

နေပြည်တော် ဇွန် ၂၂

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ် အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။





ယနေ့တွင် ၂၀၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အမှာစကားပြောကြားရာတွင် “ဥတုရာသီတောကိုမှီ” ဆိုသည့် စကားအတိုင်း သစ်ပင်များစိုက်ပျိုးခြင်းသည် ရာသီဥတုကို ထိန်းညှိပေးနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကိုလည်း များစွာအကျိုးသက်ရောက်စေခြင်းဖြစ်၍ အမျိုးသားရေး တာဝန်တစ်ရပ်သဖွယ် အကောင်အထည်ဖော်ဆောင်ရွက်သင့်သည့် သစ်ပင်၊ သစ်တောကဏ္ဍကို တပ်မတော်အနေဖြင့်လည်း အလေးထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

သဘာဝရာသီဥတုက သစ်ပင်သစ်တောများကို ရှင်သန်စေပြီး သစ်ပင်သစ်တောများက ကောင်းမွန်သည့် သဘာဝရာသီဥတုကို ပြန်လည်ထိန်းညှိပေးနိုင်ခြင်းပင်ဖြစ်ကြောင်း၊ ကောင်းမွန်သည့် ရာသီဥတုကတစ်ဆင့် လူသားများ၏သက်ရှည်ကျန်းမာရေးကို များစွာအထောက်အကူပြုနေသလို ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားရေးအတွက်လည်း များစွာအထောက်အကူပြုနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သစ်ပင်သစ်တော၊ သဘာဝရာသီဥတုနှင့် သက်ရှိမျိုးစုံတို့၏ သက်ရှည်ကျန်းမာရေးဆိုသည့် အကျိုးဆက်ကောင်းများဖြစ်ပေါ်ရန် သစ်ပင်စိုက်ပျိုးခြင်းသည် အခြေခံအကျဆုံးနှင့် အကောင်းဆုံးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်းကို အသိပေးပြောကြားလိုကြောင်း။

ယနေ့ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ်များနှင့် မကြာခဏ ကြုံတွေ့နေကြသည်ကို တွေ့မြင်ရမည်ပင်ဖြစ်ကြောင်း၊ တစ်နေ့ ထက်တစ်နေ့ ကမ္ဘာကြီးသည် ပိုမိုပူနွေးလာသည်ကို ခံစားသိမြင်ကြရမည်ဖြစ်ပြီး ထိုသို့ ဖြစ်ပေါ်လာရခြင်းသည် သစ်ပင် သစ်တောများပြုန်းတီးလာမှုကို တိုက်ရိုက်ညွှန်းဆို ဖော်ပြနေခြင်ပင်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ၂၀၀၉-၂၀၁၀ ပြည့်နှစ် ကာလများတွင် အပူပိုင်းဒေသများဖြစ်သည့် စစ်ကိုင်း၊ မြင်းမူ ဒေသများသည် စံချိန်တင် အမြင့်ဆုံးအပူချိန်ကို ခံစားခဲ့ရပြီး ၂၀၂၄ ခုနှစ်တွင် ချောက်၊ မန္တလေးနှင့် ညောင်ဦးဒေသများတွင် အမြင့်ဆုံးအပူချိန်များကို ခံစားခဲ့ရကြောင်းကို မိုးလေဝသ မှတ်တမ်းများအရ သိရှိရကြောင်း၊ အမြင့်ဆုံးစံချိန်တင် အပူချိန်များကို ခံစားရသည်နှင့်အမျှ လူသားတို့၏ သက်ရှည်ကျန်းမာရေးအပြင် စိုက်ပျိုးရေ၊ သောက်သုံးရေစသည့် ကဏ္ဍများမှာပါ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ခံစားလာကြရမည်ဖြစ်ကြောင်း။

ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် “နိုင်ငံတော် သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဆိုသည့် မူဝါဒနှင့်အညီ သစ်ပင်သစ် တောကဏ္ဍ ပြည့်စုံကြွယ်ဝရေးမှသည် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအထိ မျှော်မှန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

သယံဇာတဆိုသည်မှာ သဘာဝအလျောက် ပြန်လည်ပြည့်ဖြိုးနိုင်သည့် သယံဇာတရှိသကဲ့သို့ ပြန်လည်မပြည့်ဖြိုးသည့် သယံဇာတများလည်းရှိကြောင်း၊ အဆိုပါသယံဇာတများအနက် သစ်ပင်သစ်တောများသည် ပြန်ပေါက်တောဆိုသည့် သဘာဝအလျောက် ပြန်လည်ပြည့်ဖြိုးလာတတ်သည့် သဘာဝသယံဇာတတစ်ခုပင်ဖြစ်ကြောင်း၊ သစ်ပင် သစ်တောများကို စိုက်ပျိုးထိန်းသိမ်းခြင်းနှင့်အတူ လူသားများ၏ သက်ရှည်ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် လူသားသဘာဝကို ကောင်းမွန်စွာ တည်ဆောက်နိုင်သကဲ့သို့ သားရဲတိရစ္ဆာန်များ၏ မျိုးသုဉ်း ပျောက်ကွယ်ခြင်းမှလည်း ကာကွယ်ထိန်းသိမ်းရာရောက်ကြောင်း။

ယခုပေါ်ပေါက်လာခဲ့သည့် ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သည့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေသကဲ့သို့ မြို့ပြအင်္ဂါရပ်များ ဖွံ့ဖြိုးရေးကိုလည်း အရှိန်အဟုန်နှင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း။

မြို့ပြ၊ ကျေးလက်များ၏ ပြင်ပဖြစ်သည့် မြေလွတ်မြေရိုင်းများတွင် သစ်ပင်သစ်တောများ ပြည့်ဖြိုးရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းများကို ဆောင်ရွက်နေသလို မြို့ပြ၊ ရပ်ကွက်၊ ကျေးရွာများ၊ အများသူငှာ သွားလာနေကြသည့် လမ်းမကြီးများ၊ တပ်ရင်းတပ်ဖွဲ့များ၏ အဆောက်အဦများ အနားတွင် လေပြင်းဒဏ်ကို ကာကွယ်နိုင်ရန် အရိပ်ရလေကာပင်များ၊ နှစ်ရှည် စားသုံးသီးနှံပင်များကို သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ သို့မှသာ သစ်ပင် သစ်တောများကြောင့် မြို့ပြအင်္ဂါရပ်ကို ထိခိုက်စေနိုင်မည့် အကြောင်းတရားများကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း။

တပ်မတော်သည် နိုင်ငံတော်အစိုးရနှင့်လက်တွဲပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထာဝစဉ်ဆောင်ရွက်ပေးနေသည့် ကာကွယ်ရေး အင်အားစုကြီးတစ်ရပ် ဖြစ်သည်နှင့်အညီ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံတော်အပေါ် ကျရောက်လာမည့် သဘာဝဘေးအန္တရာယ်များကိုလည်း ကြိုတင်မြော်တွေးပြီး ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းစဉ်များပင်ဖြစ်ကြောင်း။

ထို့ကြောင့် တပ်မတော်အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ် မပျက်စီးရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းများကို နှစ်စဉ်ပုံမှန်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများနှင့် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့တပ်မတော်အနေဖြင့် ကောင်းမြတ်သည့် ရည်မှန်းချက်များနှင့် သစ်ပင်စိုက်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပစိုက်ပျိုးနေခြင်းဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ် နယ်မြေများ၊ တပ်ရင်း/ တပ်ဖွဲ့ နယ်မြေဒေသအသီးသီးတွင် သစ်ပင်စိုက်ပွဲများ ကျင်းပပြီး အားကျိုးမာန်တက် စိုက်ပျိုးနေကြသကဲ့သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များအနေဖြင့်လည်း ၂၀၁၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် တတိယအကြိမ် သစ်ပင်စိုက်ပွဲအထိ သစ်ပင်စိုက်ပွဲ စုစုပေါင်း ၄၄ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ရတနာတန်းဝင်ပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်စသည့် အပင်မျိုးစုံ ၂၀၈,၄၂၅ ပင် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊ ယခုကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲမှာ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်ပင် စုစုပေါင်း ၂,၄၀၀ ပင်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း။

သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပရာတွင် စီစဉ်ကြီးကြပ်သည့်သူများအနေဖြင့် ဒေသအတွက် အမှန်တကယ် သစ်တောဖုံးလွှမ်းမှုလိုအပ်ချက်ရှိနေသည့် နေရာများကို အကြိမ်အရေအတွက်အလိုက် စနစ်တကျစိစစ်ပြီး ကနဦးရွေးချယ်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး မြေနေရာအလိုက် စိုက်ပျိုးပြီးခဲ့သည့် နေရာများတွင် သစ်ပင်သစ်တောများ၏ ရှင်သန်ကြီးပြင်းမှုကိုလည်း ထိန်းသိမ်းသွားကြရန် အထူးလိုအပ်ကြောင်း၊ သို့မှသာ နှစ်အလိုက် စိုက်ပျိုးပြီးသမျှ ရှင်သန်ကြီးထွားမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အနှစ်သာရရှိရှိ အထောက်အကူပြုမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြသည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများက သတ်မှတ်နေရာ အသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည် မိသားစုများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ် ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၁၁၂၃၅ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၃၄၉၃ ပင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၌ ၄၄၉၅ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၉၂၉၇ ပင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၄၁၆၅ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ၂၂၉၇၉ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ၁၅၆၈၃ ပင်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၌ ၁၄၆၄၃ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၄၉၀၅၃ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၉၁၃၃ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၁၃၀ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ၌ ၇၁၂၀ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၄၇၉၈၇ ပင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၂၈၆၁ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၂၃၅၆၇၄ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment