(ယမန်နေ့မှအဆက်)
ယခုအခါ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံရဲ့ ခေါင်းဆောင်များဖြစ်ကြတဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နဲ့ အိန္ဒိယနိုင်ငံသမ္မတတို့ကို တွေ့ဆုံပြီး နှစ်နိုင်ငံတွေ့ဆုံပွဲတွေကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံမှုတွေမှာ အဓိကအားဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေအပါအဝင် ကဏ္ဍပေါင်းစုံကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်များနဲ့လည်း တွေ့ဆုံဆွေးနွေးပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ တိုးတက်အောင်ဆောင်ရွက်ဖို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။
ဒီလို ကုန်သွယ်မှုလုပ်ငန်းတွေတိုးတက်ဖို့ လုပ်ဆောင်တဲ့အခါမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား ငွေပေးချေမှုစနစ်ဟာလည်း အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍကနေပါရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ တိုးတက်စေဖို့ ဆောင်ရွက်တဲ့နေရာမှာ တိုက်ရိုက်ပေးချေဆောင်ရွက်နိုင်ဖို့ ရူပီး - ကျပ်ကုန်သွယ်မှုငွေပေးချေမှုစနစ် (Rupee Kyat Trade Settlement Mechanism) ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။
ကုန်သွယ်မှုလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တွေဆောင်ရွက်ရာမှာ ဘဏ်လုပ်ငန်းစနစ်ဟာလည်း အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒါကြောင့်နိုင်ငံတော်သမ္မတကြီးဟာ အိန္ဒိယနိုင်ငံကို တရားဝင်ခရီးစဉ် ရောက်ရှိနေစဉ် အတွင်းမှာ အိန္ဒိယနိုင်ငံ Reserve Bank of India ရဲ့ဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုလုပ်ငန်းတွေမှာ ငွေပေးချေမှုများ ပိုမိုမြန်ဆန်ချောမွေ့စေရေးအတွက် နှစ်နိုင်ငံဘဏ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေ၊ ကုန်သွယ်မှုလုပ်ငန်းများအတွက် ရူပီးနှင့် ကျပ်ငွေတိုက်ရိုက်ပေးချေနိုင်ရေး ဆောင်ရွက်လျက်ရှိတဲ့ အခြေအနေတွေနဲ့ အခြားဘဏ်လုပ်ငန်း စနစ်တွေနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ခဲ့မှုတွေကြောင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံရဲ့ အပြန်အလှန်ကုန်သွယ်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းရပ်တွေဟာ ယခင်ကထက် ပိုမိုမြန်ဆန်ချောမွေ့လာမှာပဲဖြစ်ပါတယ်။
ဒီနောက်မှာတော့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ နယူးဒေလီမြို့ Palam လေတပ်စခန်းဌာနချုပ်ကနေ အထူးလေယာဉ်နဲ့ မွမ်ဘိုင်းမြို့ကို ဆက်လက်ထွက်ခွာကြတဲ့အခါမှာ အိန္ဒိယအစိုးရအဖွဲ့ဝင်ဖြစ်သူ Minister of State for External Affairs Shri Kirti Vardhan Singh နဲ့ အိန္ဒိယအစိုးရအဖွဲ့က တာဝန်ရှိသူတွေ၊ သံရုံး၊ စစ်သံရုံးမိသားစုတွေက လေဆိပ်မှာ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတကြီး စီးနင်းလိုက်ပါလာတဲ့ အထူးလေယာဉ်ဟာ မွန်းလွဲပိုင်းမှာ မွမ်ဘိုင်းမြို့ Chhatrapati Shivaji Maharaj အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိကြရာ မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev နဲ့ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နဲ့ ဝန်ထမ်းမိသားစုတွေက လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။
နိုင်ငံတော်သမ္မတကြီးဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ညနေပိုင်းမှာ မွမ်ဘိုင်းမြို့ရဲ့ အရှေ့ဘက်နာဗာရှီဗာဒေသမှာရှိတဲ့ ဂျဝါဟလာနေရူး ဆိပ်ကမ်း(JNPA)ကို သွားရောက် လေ့လာခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေက ဆိပ်ကမ်းအစည်းအဝေးခန်းမမှာ ဆိပ်ကမ်း ဆိုင်ရာအချက်အလက်တွေနဲ့ ဆိပ်ကမ်းရဲ့စွမ်းဆောင်နိုင်မှုအခြေအနေတွေကို Power Point တွေ၊ မှတ်တမ်းဗီဒီယိုတွေနဲ့ ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ ဒီလိုရှင်းလင်းပြသတဲ့အချိန်မှာလည်း ဆိပ်ကမ်းဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေက နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲနွေးထွေးစွာနဲ့ ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြား ဆိပ်ကမ်းဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ပြီး ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မှုအခြေအနေတွေနဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေ၊ ဆိပ်ကမ်းဆိုင်ရာ ပညာရပ်များကို မျှဝေပေးနိုင်မှု အခြေအနေတွေကို စိတ်ပါဝင်စားစွာနဲ့ ရှင်းလင်း တင်ပြခဲ့ကြပါတယ်။
ရှင်းလင်းတင်ပြမှုတွေအပေါ် နိုင်ငံတော်သမ္မတကြီးက ဆိပ်ကမ်းကိုလာရောက်လေ့လာခဲ့ရတဲ့ ရည်ရွယ်ချက်တွေ၊ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ ဆိပ်ကမ်းတွေကို အဆင့်မြှင့်တင်နိုင်ဖို့လိုအပ်မှုတွေ၊ မြန်မာနိုင်ငံက ဆိပ်ကမ်းတွေ အဆင့်မြှင့်တင်နိုင်ဖို့အတွက် အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေကို စိတ်ပါဝင်စားစွာနဲ့ ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါတယ်။ အစည်းအဝေးခန်းမမှာ ရှင်းလင်းပြောကြားမှုတွေပြီးတဲ့ အချိန်မှာတော့ နိုင်ငံတော်သမ္မတနဲ့အဖွဲ့ဝင်တွေဟာ ဂျဝါဟလာနေရူးဆိပ်ကမ်း(JNPA) အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး နိုင်ငံတော်သမ္မတကြီးက တာဝန်ရှိသူတွေရဲ့ တင်ပြမှုအပေါ် သိရှိလိုတာတွေကို စိတ်ပါဝင်စားစွာနဲ့ ပြန်လည်မေးမြန်း ဆွေးနွေးပြောကြားခဲ့ပါတယ်။
နိုင်ငံတော်သမ္မတကြီးဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သွားရောက်လေ့လာခဲ့တဲ့ ဂျဝါဟလာနေရူးဆိပ်ကမ်း(JNPA)ဟာ အိန္ဒိယနိုင်ငံ မဟာရာရှ်ထရာပြည်နယ် မွမ်ဘိုင်းမြို့၏ အရှေ့ဘက်နာဗာရှီဗာဒေသမှာ တည်ရှိပါတယ်။ ဆိပ်ကမ်းရဲ့ကုန်သွယ်နိုင်မှုက ကမ္ဘာ့အဆင့် ၂၃ နေရာမှာရှိပြီး အိန္ဒိယနိုင်ငံရှိ အဓိကကျတဲ့ဆိပ်ကမ်း ၁၂ ခုအနက်မှ အဆင့် ၁ ရှိတဲ့ အဆင့်မီ ဆိပ်ကမ်းကြီးတစ်ခုဖြစ်ပါတယ်။ အိန္ဒိယတစ်နိုင်ငံလုံးရဲ့ ကွန်တိန်နာသယ်ပို့မှု ၅၀ ရာခိုင်နှုန်းကို ယခုဆိပ်ကမ်းကနေ သယ်ယူပို့ဆောင်နေခြင်း ဖြစ်ပါတယ်။ ယခုဆိပ်ကမ်းကြီးဟာ အိန္ဒိယနိုင်ငံရဲ့ ကုန်သွယ်မှုကို အကောင်အထည်ဖော်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လျက်ရှိပြီး အရှေ့တောင်အာရှဒေသနဲ့ အဓိကဆက်သွယ်ဆောင်ရွက်လျက်ရှိတဲ့ ဆိပ်ကမ်းကြီးတစ်ခုဖြစ်ပါတယ်။ ဒီလိုအဆင့်မီဆိပ်ကမ်းကြီးတစ်ခုကို သွားရောက်လေ့လာခွင့်ရခဲ့ခြင်းအားဖြင့် မိမိတို့မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုကဏ္ဍအတွက် လိုအပ်လျက်ရှိတဲ့ ဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေနိုင်မှာပဲဖြစ်ပါတယ်။
ညပိုင်းမှာတော့ နိုင်ငံတော်သမ္မတဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ Maharashtra Lok Bhavan Mumbai (Governor’s House)မှာ မဟာရာရှ် ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက တည်ခင်းဧည့်ခံတဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ညစာစားပွဲ မကျင်းပမီမှာ နိုင်ငံတော်သမ္မတနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ဟာ သီးခြားတွေ့ဆုံပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိတဲ့အခြေအနေတွေ၊ နှစ်နိုင်ငံ ပြည်သူတွေအကြား ကူးလူးဆက်ဆံမှုများရှိတဲ့ အခြေအနေတွေနဲ့နှစ်နိုင်ငံအကြား ယခုထက်ပိုမို ပူးပေါင်းဆောင်ရွက်သွားမယ့်အခြေအနေတွေကို ရင်းရင်းနှီးနှီးနဲ့ ဆွေးနွေးနိုင်ခဲ့ပါတယ်။
ဆွေးနွေးပွဲပြီးတဲ့အချိန်မှာတော့ နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ဟာ ဂုဏ်ပြုညစာစားပွဲနဲ့ တည်ခင်းဧည့်ခံမယ့်နေရာကို ရောက်ရှိချိန်မှာ ပြည်နယ်ဂုဏ်ပြုတီးဝိုင်းအဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းတွေကို ဂုဏ်ပြုတီးမှုတ်ခဲ့ကြပါတယ်။ ဂုဏ်ပြုညစာသုံးဆောင်နေစဉ်မှာလည်း ပြည်နယ်ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံတေးသီချင်းတွေကို တီးမှုတ်ဖျော်ဖြေခဲ့ကြပါတယ်။ ဒီလိုနှစ်နိုင်ငံနိုင်ငံတော်သီချင်းနဲ့ နှစ်နိုင်ငံတေးသီချင်းတွေကို ဂုဏ်ပြုတီးမှုတ်ခဲ့ကြတာကို ကြည့်ခြင်းအားဖြင့် မိမိတို့သမ္မတကြီး ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ရဲ့ခရီးစဉ်အပေါ်မှာ အိန္ဒိယနိုင်ငံရဲ့ အလေးအနက်ထားမှုတွေ ကို ထင်ဟပ်စေပါတယ်။
နောက်တစ်နေ့မှာတော့ နိုင်ငံတော်သမ္မတဟာမွမ်ဘိုင်းမြို့ The Taj Mahal Palace ဟိုတယ်မှာကျင်းပပြုလုပ်တဲ့ မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ (Myanmar-India Business Dialogue)ကို တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားကာ အိန္ဒိယနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနဲ့ အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။
နိုင်ငံတော်သမ္မတကြီးက အဖွင့်အမှာစကား ပြောကြားရာမှာ နှစ်နိုင်ငံကုန်းမြေနှင့် ရေကြောင်းနယ်နိမိတ်များ ထိစပ်နေသည့်အပြင် ယခုအချိန်သည် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမှတစ်ဆင့် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် အကောင်းဆုံးအချိန်လည်းဖြစ်ကြောင်း၊ ယခုခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့ထိတွေ့ဆက်ဆံမှု (Act East Policy)နှင့် အိမ်နီးချင်းဦးစားပေးမူဝါဒ(Neighborhood First Policy) တို့အရ မြန်မာနိုင်ငံနှင့်စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု၊ တန်ဖိုးကွင်းဆက်(Supply Chain) များကို မြှင့်တင်ပေးနိုင်မည့်မဟာဗျူဟာကျသည့် မောင်းနှင် အားတစ်ရပ်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး ဒီမိုကရေစီအရတည်ဆောက်ခဲ့သည့် အစိုးရတစ်ရပ်ပေါ်ပေါက် လာပြီဖြစ်ကြောင်း၊ ထို့ကြောင့်နိုင်ငံရေးအရ တည်ငြိမ်မှုရှိလာသည့် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အဆွေတော်တို့အတွက် အခွင့်အလမ်းများစွာရှိလာမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးချိန်တွင် စီးပွားရေးနှင့်ကုန်သွယ်မှုများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံသို့ ပထမဆုံးလာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့လာရောက်စဉ်အတွင်း အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Shri Narendra Modi နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ H.E. Smt. Droupadi Murmu တို့နှင့်လည်း တွေ့ဆုံခဲ့သကဲ့သို့ နယူးဒေလီမြို့တွင်လည်း မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကိုကျင်းပပြီး နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့ကာ သဘောတူညီချက်များလည်း ရရှိခဲ့ကြောင်း၊ ယခုကဲ့သို့ အခြေအနေများအရ အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် မြန်မာ နိုင်ငံနှင့် ယုံကြည်စိတ်ချစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်သည်ကို ပြောကြားလိုကြောင်းနှင့် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများမှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ကိစ္စရပ်များကို အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်များကလည်း မြန်မာနိုင်ငံသို့လာရောက်ပြီး နည်းပညာကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ဇီဝစွမ်းအင် (Bio Energy) ထုတ်လုပ်မှုလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် စက်ပစ္စည်းကိရိယာများနှင့် ဓာတ်မြေဩဇာများ ထုတ်လုပ်ရေးကဏ္ဍတို့နှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေးတင်ပြကြပါတယ်။ ဆွေးနွေးတင်ပြမှုများပေါ် နိုင်ငံတော်သမ္မတကြီးက လိုအပ်တာတွေကို ဖြည့်စွက်ဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ နိုင်ငံတော်သမ္မတကြီးနဲ့ အဖွဲ့ဝင်တွေဟာ မွမ်ဘိုင်းမြို့ရဲ့ သမိုင်းဝင်အထင်ကရ နေရာဖြစ်တဲ့ Gateway of India, Mumbai သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး ထိုမှတစ်ဆင့် Chhatrapati Shivaji Maharaj အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကိုလည်း သွားရောက်လေ့လာခဲ့ကြပါတယ်။
နိုင်ငံတော်သမ္မတကြီးဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ညနေပိုင်းမှာ မွမ်ဘိုင်းမြို့ Chhatrapati Shivaji Maharaj အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြတဲ့အခါ မဟာရာရှ်ထရာပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီး H.E. Sawant နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဇော်ဦး၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူတွေက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြခဲ့ကြပါတယ်။
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့လိုက်ပါလာတဲ့ အထူးလေယာဉ် နေပြည်တော်လေဆိပ်သို့ မရောက်ရှိမီ လာရောက်ကြိုဆိုနေကြသည့် ပြည်သူလူထု ဧည့်ပရိသတ်အပေါင်းတို့ဟာ လည်း လေဆိပ်တစ်ခွင် နေရာယူလျက်ရှိနေကြပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ နိုင်ငံတော် အကျိုးစီးပွားကို တစိုက်မတ်မတ်ဦးတည်ပြီး ခရီးစဉ်အတွင်း အိန္ဒိယသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား စိုက်ပျိုးရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ပညာသင်ကြားမှုမြှင့်တင်ရေးဆိုင်ရာကိစ္စ၊ ခရီးသွားကဏ္ဍများ တိုးမြှင့်ရေးဆိုင်ရာ ကိစ္စများမှာ ပြည်သူအချင်းချင်း၊ လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေပေါ်ပေါက်လာစေရေး ကြိုးပမ်းအားထုတ်ဆောင်ရွက်နိုင်ခဲ့လို့လည်း ပြည်သူလူထုက အခုလို အိမ်အပြန်ခရီးမှာ သောင်းသောင်းဖြဖြနဲ့ နွေးထွေးစွာ ကြိုဆိုနေကြတာ ဖြစ်ပါတယ်။
လေယာဉ်ဆိုက်ရောက်လာတာနဲ့ တစ်ပြိုင်တည်း အိန္ဒိယရိုးရာယဉ်ကျေးမှုအဖွဲ့တွေ တိုင်းရင်းသား၊ တိုင်းရင်းသူ သားငယ်၊ သမီးငယ်လေးများ၊ ဘင်ခရာ၊ ပန်းဖွားအကအဖွဲ့များ၊ ရိုးရာအကအလှအဖွဲ့များက အပြုံးပန်းဝေဆာစွာနဲ့ ကြိုဆိုကြပါပြီ။ အိမ်အပြန်ခရီးဟာ သာယာချောမွေ့စွာနဲ့ ကောင်းခြင်းအပေါင်းကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပါပြီ။
နိုင်ငံတော်သမ္မတကြီးအနေနဲ့ ယခုအိန္ဒိယနိုင်ငံ ခရီးစဉ်ဟာဆိုရင် သမ္မတ တာဝန်ထမ်းဆောင်ချိန်မှာ ပထမဆုံးပြည်ပခရီးစဉ်လည်းဖြစ်ပါတယ်။ ခရီးစဉ် တစ်လျှောက်လုံးမှာဆိုရင်လည်း သမ္မတကြီးအနေနဲ့ အိန္ဒိယနိုင်ငံသမ္မတနဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ ဝန်ကြီးချုပ်နဲ့တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး အိန္ဒိယအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံနိုင်ခဲ့ကာ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးဖြစ်ထွန်းစေနိုင်မယ့် ဆွေးနွေးချက် တွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ခရီးစဉ်နောက်ဆုံးနေ့ရဲ့ နေ့ရက်လေးဟာဆိုရင် ရာသီသဘာဝရဲ့ အေးချမ်းခြင်း၊ ကြိုဆိုနှုတ်ဆက်သူများရဲ့ ချစ်ကြည်နွေးထွေးခြင်း၊ ဘာသာသာသနာရဲ့ အေးချမ်းတည်ငြိမ်ခြင်းများနဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုတို့အတွက် ကောင်းခြင်းအပေါင်းကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပြီဖြစ်ပြီး နိုင်ငံတော်သမ္မတ ကြီးဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆတက်ထမ်းပိုးဆောင်ရွက်နိုင်ပါရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး စည်ပင်သာယာဝပြောပါစေကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေးမှသည် အနာဂတ်အကျိုးတူဖွံ့ဖြိုးရေးဆီသို့ ဆောင်ကြဉ်းပေးနိုင်ပါစေကြောင်း ဆုတောင်းဖော်ပြရင်း စာဖတ်သူအပေါင်းကို နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ ။


No comments:
Post a Comment