နေပြည်တော် ဇွန် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ကျိုင်းလပ်မြို့ မိုင်းပါလျှိုးကျေးရွာအုပ်စု ဝမ်လန်းကျေးရွာအနီးတွင် ယနေ့မွန်းလွဲပိုင်းက တရားမဝင် တရုတ်နိုင်ငံသားအမျိုးသား ၁၇ ဦးနှင့် လာအိုနိုင်ငံသားနှစ်ဦးတို့အား တရားမဝင်ရွှေတူးဖော်ခြင်းတွင် အသုံးပြုသည့်ယာဉ်များ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု ဝမ်လန်းကျေးရွာအနီးတွင် တရားမဝင် ရွှေတူးဖော်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းခြင်းများဆောင်ရွက်ရာ ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် အဆိုပါ ကျေးရွာ၏ တောင်ဘက် မီတာ ၄၅၀ ခန့်အကွာနေရာတွင် ရွှေတူးဖော်ရန် ပြင်ဆင်နေသည့် ရွှေမျောဖောင် တစ်စီးပေါ်မှ တရုတ်နိုင်ငံသားအမျိုးသား ၁၁ ဦးနှင့် လာအိုနိုင်ငံသားတစ်ဦးတို့ကိုလည်းကောင်း၊ အဆိုပါနေရာ၏ အနောက်တောင်ဘက် မီတာ ၆၀၀ ခန့် အကွာတွင် ရွှေမျောဖောင်တစ်စီးပေါ်မှ တရုတ်နိုင်ငံသားခြောက်ဦး၊ လာအိုနိုင်ငံသားတစ်ဦး စုစုပေါင်း တရုတ်နိုင်ငံသား ၁၇ ဦးနှင့် လာအိုနိုင်ငံသားနှစ်ဦးတို့ကို ဂတ်စ်အိုးနှစ်လုံး၊ လေအိုးအရှည် ၁၃ လုံး၊ ဒိုင်နမိုနှစ်လုံး၊ ရွှေတူးရာတွင် အသုံးပြုသည့် ရော်ဘာပြားတစ်လိပ်၊ GUANXI YUCHAI ENGINE ဒိုင်နမိုတွဲလျက် မီးစက်တစ်လုံး၊ အလျားပေ ၁၂၀၊ အနံ ၃၇ ပေ၊ အခန်းခြောက်ခန်းပါ ဆောက်လုပ်ဆဲရွှေမျော စင်တစ်ခု၊ STRAIONARY DIESEL ENGINE RATE POWER 250 တစ်လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိ တရားမဝင် ရွှေတူးဖော်ခြင်းတွင် အသုံးပြုမည့်ပစ္စည်းများအား လုပ်ထုံး လုပ်နည်းနှင့်အညီ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်




No comments:
Post a Comment