ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံမှ ပြည်တွင်းမီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုများကို လက်ခံဖြေကြားခဲ့သည်။ ထိုသို့ ပြည်တွင်းမီဒီယာများ၏မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည် -
Eleven Media Group အယ်ဒီတာချုပ် ဦးကျော်ဇောလင်း။
သမ္မတကြီးတို့ သမ္မတအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်တဲ့ ရက် ၁၀၀ မပြည့်မီ မှာ အိန္ဒိယ၊
အခုတရုတ်နိုင်ငံကြီးနှစ်နိုင်ငံက ခေါင်းဆောင်တွေနဲ့ သမ္မတကြီးတွေ့ခွင့်ရတယ်။
ပြီးတော့ ဒါမတိုင်ခင်လည်း နိုင်ငံငါးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေက
နေပြည်တော်မှာ သမ္မတကြီးကို လာရောက်တွေ့ဆုံကြတယ်။ သိထားတဲ့အချက် အလက်တွေအရလည်း နိုင်ငံခြားရေးဝန်ကြီးတွေ၊
အခြားသံတမန်တွေက သမ္မတကြီးကိုတွေ့ဆုံဖို့ ရှိနေတာတွေ ထပ်ပြီးရှိတယ်။ အဲဒီတော့ ပြီးခဲ့တဲ့
ငါးနှစ်တာ သံတမန်ရေးဆိုင်ရာ အထီးကျန်မှုကနေ အခုလိုပြောင်းလဲလာတဲ့အနေအထားက
မြန်မာနိုင်ငံအတွက် မြန်မာပြည်သူတွေအတွက် ဘယ်လိုအပေါင်းလက္ခဏာဆောင်တဲ့အရာတွေ ဖြစ်မယ်ထင်ပါသလဲခင်ဗျ။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်။ နိုင်ငံအချင်းချင်း
သံတမန်ဆက်ဆံရေးကတော့ သက်ဆိုင်ရာနိုင်ငံတွေအတွက် အရေးပါတဲ့ကဏ္ဍမှာရှိတယ်။ သံတမန်ဆက်ဆံရေးပါ။
ခေါင်းဆောင်တွေရဲ့ဆက်ဆံရေးရှိမယ်၊ ပြီးတော့အစိုးရချင်းဆက်ဆံရေးရှိမယ်၊
သံတမန်ရေးရာဆက်ဆံမှုရှိမယ်၊ စီးပွားရေးအရ ဆက်ဆံမှုတွေရှိမယ်၊ ကဏ္ဍပေါင်းစုံရှိတယ်။
ခုနက ခင်ဗျားမေးတဲ့ ငါးနှစ်တာကာလအတွင်းမှာ အထီးကျန်ခဲ့တယ်။ တကယ်တော့ ကျွန်တော်တို့က
ကြိုးစားပါတယ်။ တကယ်တော့ နိုင်ငံရေးအရလုပ်တာပါ။ ကျွန်တော်တို့က ကျွန်တော်တို့
လက်ခံကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ကို ခိုင်ခိုင်မာမာကျင့်သုံးမယ်ဆိုပြီး
ဆုံးဖြတ်ပြီးလုပ်လာခဲ့တာပါ။ အဲဒီနိုင်ငံရေးစနစ်ကို ကောင်းကောင်းမွန်မွန် လုပ်တဲ့အတွက်ကြောင့်
ကျွန်တော်တို့က ဒီလိုအခြေအနေတွေ ဖြစ်လာခဲ့တာပါ။ ကျွန်တော်တို့ အခုရအောင်ပြောင်းလဲခဲ့ပြီ။
ကျွန်တော်တို့ ဒီဟာကို ခိုင်ခိုင်မာမာဖြစ်အောင် လုပ်သွားမယ်။ အဲဒါဆိုရင်
နိုင်ငံတကာဆက်ဆံရေးမှာ မြန်မာနိုင်ငံရဲ့ပါဝင်မှုဟာ မူလအခြေအနေထက် ပိုကောင်းအောင်
လုပ်နိုင်မယ်လို့ ကျွန်တော်ယူဆတယ်။ ခင်ဗျားခုနကမေးလိုက်တဲ့ အခြားနိုင်ငံတွေလည်း
လာကြလိမ့်မယ်ဆိုတာ မှန်ပါတယ်။ လာကြဖို့လည်း ကမ်းလှမ်းထားတာရှိသလို ကျွန်တော့်ကိုလည်း
လာဖို့ဖိတ်ထားတဲ့နိုင်ငံတွေလည်းရှိတယ်။ ထို့အတူပဲ နိုင်ငံခြားရေးဝန်ကြီးတို့၊ သက်ဆိုင်ရာ
Counter Part ဝန်ကြီးတွေ၊ ဝန်ကြီးဌာနဝန်ကြီးတွေ အတူတူပဲဖြစ်ကြတယ်။ နောက်တစ်ခါအဖွဲ့အစည်းတွေ
လူငယ်တွေကစပြီးတော့ ကျန်တဲ့ Institution တွေနဲ့ အမျိုးစုံပဲ
ဖိတ်ကြတယ်။ ကျွန်တော်တို့ဆီလည်း လာကြတယ်။ ဒါကဘာလဲဆိုတော့ တိုင်းပြည်အတွက် အခွင့်အလမ်းတွေချည်းပဲဖြစ်မယ်။
ဒါကို ကျွန်တော်တို့က ကောင်းကောင်းအသုံးချရမယ်၊ မှန်မှန်ကန်ကန်လည်း
အသုံးချဖို့လိုတယ်။ အဲဒီအပေါ်မှာ ရိုးရိုးသားသားလည်း အသုံးချဖို့လိုတယ်။
အမြတ်ထုတ်ဖို့တော့ သွားလုပ်လို့မရဘူး။ အမြတ်ထုတ်မယ့် ရည်ရွယ်ချက်ရှိရင်
ဘယ်တော့မှမခိုင်မာဘူး။ ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်
ခိုင်ခိုင်မာမာဖြစ်မယ်။ အခုကျွန်တော်တို့သွားတဲ့ နိုင်ငံရေးစနစ်ရော၊ စီးပွားရေးစနစ်ရော
တကယ်ရိုးရိုးသားသားနဲ့ တိုင်းပြည်ကောင်းအောင်လုပ်ဖို့ ရည်ရွယ်ချက်နဲ့လုပ်တာပါ။
နိုင်ငံတကာဆက်ဆံရေးမှာလည်း တကယ်ရိုးရိုးသားသားနဲ့ ဆက်ဆံတယ်။ ကျွန်တော်တို့က နိုင်ငံအားလုံးနဲ့
နိုင်ငံရေးမှာ လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးတယ်။ ဒါကတကယ့်
အခိုင်မာဆုံးပဲ။ နောက်တစ်ခါ အိန္ဒိယနဲ့ တရုတ်ဆိုလို့ရှိရင် ငြိမ်းချမ်းစွာ
အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်နဲ့ ကျွန်တော်တို့ ထိတွေ့ဆက်ဆံထားတဲ့ နိုင်ငံတွေဖြစ်တယ်။
ဒါကြောင့် ဒီအပေါ်မှာအခြေခံပြီး လုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ
အင်မတန်ကောင်းတယ်လို့ ကျွန်တော်ပြောချင်တယ်။
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကို
(ကိုကို-စက်မှုတက္ကသိုလ်)။ တရုတ်နိုင်ငံရဲ့ Belt and Road Initiative နဲ့ မြန်မာနိုင်ငံရဲ့ ဒေသတွင်းချိတ်ဆက်မှု
အလားအလာတွေကို ပေါင်းစပ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တရုတ်၊ အာဆီယံနဲ့
အိန္ဒိယသမုဒ္ဒရာ ချိတ်ဆက်ပေးတဲ့ မဟာဗျူဟာမြောက် Land Bridge ကျွန်တော်တို့
ကုန်းတွင်းတံတားနိုင်ငံအဖြစ်နဲ့ရှိမယ် လို့လည်းပြောကြပါတယ်။ အဲဒီတော့ ကုန်းတွင်း
Land Bridge နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို သမ္မတကြီးအနေနဲ့ ပိုမိုဆောင်ရွက်သွားဖို့အစီအစဉ်များ
ရှိပါသလားခင်ဗျား။
နိုင်ငံတော်သမ္မတ။ တကယ်တော့ မြန်မာနိုင်ငံက ခုန Land Bridge နိုင်ငံတင်မဟုတ်ဘူး။
တကယ့်ဆုံချက်နိုင်ငံဖြစ်နေတာပါ။ ဆုံချက်ဆိုတာမှာ တော်တော်ကိုကြီးမားတဲ့ Impact
ရှိပါတယ်။ ဥပမာအားဖြင့် အိန္ဒိယသမုဒ္ဒရာဘက် သွားမယ်ဆိုရင်လည်း
အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်ဘက်က နိုင်ငံတွေ၊ အခုဆိုရင် အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးအတွက်
လမ်းစတွေပေါ်လာပြီဆိုတော့ အဲဒီအခွင့်အလမ်းတွေအများကြီးကို ကျွန်တော်တို့
အသုံးချလို့ရပါတယ်။ ဒါကတစ်ခု၊ တရုတ်နိုင်ငံ အတွက်ပါ။ နောက်တစ်ခါ အိန္ဒိယနိုင်ငံဘက်က
ပြန်ကြည့်ရင် အိန္ဒိယကလည်း သူတို့ဘက်က အခြေအနေပေးရင် တရုတ်ဘက်ဆက်သွယ်မှု၊ သူတို့လည်း
သူတို့နယ်နိမိတ်ချိတ်ဆက်နေတဲ့ အပိုင်းတွေရှိတယ်။ သို့သော် ကျွန်တော်တို့နိုင်ငံတွေ
တရုတ်နိုင်ငံ ဘက်သွားမယ်ဆိုရင် competition လုပ်လို့ရတဲ့
နယ်ပယ်တွေမှာ သူတို့လုပ်ခွင့်ရှိမှာပါ။ ဒီလိုပဲ အာဆီယံနိုင်ငံဆိုလည်း သူတို့သွားလို့ရမယ်။
အိန္ဒိယနဲ့ တရုတ်နိုင်ငံတင်မကဘူး။ တခြားနိုင်ငံတွေကလည်း မြန်မာနိုင်ငံကိုအခြေပြုပြီးတော့
အိန္ဒိယနိုင်ငံသွားမလား၊ တရုတ်နိုင်ငံသွားမလား၊ အာဆီယံသွားမလား။ ဒါကို ကျွန်တော်တို့က
အသုံးချနိုင်ဖို့လိုတယ်။ အဲဒီလိုအသုံးချနိုင်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းရေးက အရေးကြီးတယ်။ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု၊
လုံခြုံရေးတည်ငြိမ်အေးချမ်းမှု၊ ပြည်သူလူထုရဲ့ဘဝတွေ တည်ငြိမ်အေးချမ်းမှု၊ ဘဝတည်ငြိမ်အေးချမ်းမှုရှိဖို့လိုတယ်။
နိုင်ငံရေးကတစ်ပိုင်း၊ ပြည်သူလူထုရဲ့ဘဝကတစ်ပိုင်း၊ မတူဘူး၊ ကွဲပြားခြားနားပါတယ်။ ဒီလိုသာလုပ်မယ်ဆိုရင်၊
အသုံးချနိုင်မယ်ဆိုရင် တိုင်းပြည်ကအခြေအနေကောင်းတွေ အများကြီးရှိတယ်လို့
ကျွန်တော်ပြောချင်ပါတယ်။
ဦးကျော်ဇောလင်း။ သမ္မတကြီးဒီကာလအတွင်းမှာ တွေ့ဆုံခဲ့တဲ့
နိုင်ငံကြီးနှစ်နိုင်ငံတရုတ်ရယ်၊ အိန္ဒိယရယ်ပါ၊ သူတို့ရဲ့ purchasing power parity အရ ကျွန်တော်တို့ တရုတ်ဆိုရင်အဆင့် ကမ္ဘာ့အဆင့်တစ်၊ အိန္ဒိယဆို
အဆင့်သုံးရှိပါတယ်။ သူတို့ရဲ့ ဝယ်ယူနိုင်စွမ်းအားကောင်းတဲ့ နိုင်ငံတွေ၊ အိန္ဒိယဆိုရင်
အိန္ဒိယ-မြန်မာ-ထိုင်း လမ်းကြောင်းကို သူတို့ကအဓိကထားတယ်။ တရုတ်ဆိုရင် BRI ပါ။ အဲဒီတော့ ဒီလမ်းတွေအမြန်ဆုံးဖြစ်လာဖို့ သမ္မတကြီးအနေနဲ့ ဘယ်လိုအစီအစဉ်ရှိပါသလဲ။
ဒါနဲ့ဆက်စပ်ပြီးတော့ သမ္မတကြီး ရှီကျင့်ဖျင်နဲ့ တွေ့တဲ့အချိန်၊ မိုဒီနဲ့တွေ့တဲ့အချိန်မှာ
ကျွန်တော်တို့ ဒီစီမံကိန်းကြီးတွေနဲ့ လုံခြုံရေးကိုအလေးထားဖို့ အိန္ဒိယရော
တရုတ်ရော ပြောတာကို တွေ့ရပါတယ်။ အဲဒီတော့ သမ္မတကြီးတို့ အစိုးရသစ်အနေနဲ့ ဒီလုံခြုံရေးပိုင်းဆိုင်ရာကို
ဘယ်လိုကိုင်တွယ်ဖြေရှင်းဖို့ ရှိပါသလဲ။
နိုင်ငံတော်သမ္မတ။ လုံခြုံရေးပိုင်းဆိုင်ရာ ကိုင်တွယ်မှုဆိုတာမှာ
တရားဥပဒေစိုးမိုးရေးရှိရမှာပါ။ တရားဥပဒေစိုးမိုးရေးရှိရင် လုံခြုံရေးဆိုတာ သူ့ဟာသူဖြစ်လာမှာပါ။
တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးနဲ့ ဆက်စပ်သလိုပဲ တစ်ဖက်က နိုင်ငံရေးကလည်း
တည်ငြိမ်အေးချမ်းမှုရှိရတယ်။ နိုင်ငံရေးလမ်းကြောင်း မှန်ကန်လို့ရှိရင်
တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးက သူ့ဟာသူအလိုလိုပါလာလိမ့်မယ်။ နိုင်ငံရေး တည်ငြိမ်အေးချမ်းမှုမရှိလို့ရှိရင်၊
မမျှတဘူးဖြစ်နေပြီဆိုရင် တည်ငြိမ်အေးချမ်းမှုက ပြဿနာရှိမယ်။ ဖြတ်သန်းခဲ့တဲ့သမိုင်းကြောင်းပြန်ကြည့်ပါ။
နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ ပြဿနာတွေရှိတယ်။ ထွက်ပေါက်တွေပါ။ ကျွန်တော်တို့ အခုကပါတီစုံဒီမိုကရေစီသွားနေတဲ့အချိန်ပါ။
ကျွန်တော်တို့ ဒါကိုမှန်မှန်ကန်ကန်အသုံးချပြီး လုပ်မယ်ဆိုရင် စောစောကပြောတဲ့
အင်အားကြီး နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အခွင့်အလမ်းတွေက မြန်မာနိုင်ငံကနေ
Cross-border တွေပါ။ ကျွန်တော်တို့ ခုနကပြောတဲ့ သုံးနိုင်ငံ အိန္ဒိယကနေ မြန်မာ၊
မြန်မာကနေ ထိုင်း၊ အဲဒါတင်မကဘူး။ အိန္ဒိယကနေပြီးတော့ တရုတ်ကိုသွားလို့ရတယ်၊ တရုတ်ကလည်း
ဒီလိုပဲ၊ ကျွန်တော်တို့ဆီကလာမယ်၊ ကျွန်တော်တို့ဆီကနေ အရှေ့တောင်အာရှနိုင်ငံတွေနဲ့
အာဆီယံသွားမယ်။ ပြီးတော့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကနေပြီးတော့
အနောက်ဘက်ကနိုင်ငံတွေ အကုန်လုံးသွားလို့ရတယ်။ နည်းတဲ့ ကြီးမားတဲ့အခွင့်အရေးမဟုတ်ဘူး။
နှစ်နိုင်ငံပဲကြည့်လိုက်ရင် လူဦးရေ သန်းပေါင်း ၁၂၀၀ ကျော်ရှိတဲ့ ဈေးကွက်ကြီးပါ။
သူတို့အတွက်က မြန်မာနိုင်ငံက ဈေးကွက်သေးပါတယ်။ သို့သော် မြန်မာနိုင်ငံကတော့ တကယ့်ကြီးမားတဲ့
ဈေးကွက်ကြီးပါ။ ပြောရရင်တော့ ရေကန်နဲ့သမုဒ္ဒရာ ကွာသလို ကွာခြားမှုရှိတယ်။
ကျွန်တော်တို့က အသုံးချနိုင်ဖို့လိုတယ်။ ခုနကပြောတဲ့ တည်ငြိမ်အေးချမ်းမှုက
ဘာအထောက်အကူရမလဲ၊ တည်ငြိမ်အေးချမ်းမှုရှိမှ အထောက်အကူရမှာပါ။
တည်ငြိမ်အေးချမ်းမှုမရှိရင် အထောက်အကူမရဘူး။ အဲဒီတော့ တည်ငြိမ်အေးချမ်းမှုရှိဖို့ဆိုရင်
နိုင်ငံရေးက အရေးကြီးဆုံးပဲ။ နိုင်ငံရေးကို ကျွန်တော်တို့က တကယ်ခိုင်မာအောင် လုပ်ဖို့လိုတယ်။
ဒါကို ယုံကြည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိဖို့လိုတယ်။ ဒါပေမဲ့
နိုင်ငံရေးကို ဘယ်လောက်ပဲ ကျွန်တော်တို့က ယုံကြည်မှုရှိအောင်လုပ်ပေးပေး၊ ပြည်သူလူထုရဲ့
Concept လည်းလိုတယ်။ သူတို့ရဲ့အတွေးအခေါ်တွေ
လိုက်ပါနိုင်အောင် ကျွန်တော်တို့ဆောင်ရွက်ပေးရမှာပါ။ ဒါက
ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေ အများကြီးရှိတယ်။ ဒါကတစ်နှစ်၊ နှစ်နှစ်နဲ့မရောက်ဘူး။
လေး၊ ငါးနှစ်နဲ့လည်းမရောက်ဘူး။ ၁၀ နှစ်လောက်၊ ၁၅ နှစ်လောက် ကျွန်တော်တို့ကြိုးစားရမယ်။
အရေးကြီးတာကတော့ တိုင်းပြည်ပေါ်မှာ ကောင်းစေချင်တဲ့စိတ်ရှိတယ်ဆိုတဲ့
နိုင်ငံသားတွေရဲ့ စိတ်ဓာတ်ပဲ။ တိုင်းပြည်ကိုကောင်းအောင်လုပ်မယ်ဆိုတဲ့
နိုင်ငံသားတိုင်း၊ ပြည်သူလူထုအားလုံးပါတယ်။ ဟိုတစ်ကွက် ဒီတစ်ကွက်၊ ဟိုလူချန်ခဲ့ ဒီလူချန်ခဲ့
လုပ်လို့မရဘူး။ အကုန်လုံးပါရမယ်။ တစ်ခုခုပြဿနာရှိရင်၊ ခံစားချက်ရှိရင် သူတို့က
ပြဿနာရှာနေမှာပါပဲ။ ပြဿနာရှာလို့ အခုလိုနိုင်ငံရေး မတည်မငြိမ်မှုတွေဖြစ်တာပါ။ ပြဿနာမရှာအောင်လုပ်ဖို့ဆိုတာ
ဥပဒေနဲ့ စည်းကမ်းနဲ့အညီပဲ သွားလို့ရတယ်။ လူဆိုတာ မျိုးစုံဆန္ဒရှိမယ်၊ မတူနိုင်ဘူး။
အဲဒီတော့ ကျွန်တော်တို့က စည်းမျဉ်းစည်းကမ်းဥပဒေနဲ့ပဲသွားရမယ်။ ဥပဒေနဲ့လုပ်ရာမှာလဲ တောင့်တောင့်တင်းတင်းကြီး
လုပ်ဖို့မဟုတ်ဘူး။ Relax ဖြစ်ရမှာပါ။ ဒါကို ကျွန်တော်တို့က ပြည်သူတွေ စိတ်ချမ်းသာအောင်လုပ်ပေးရမယ်။
ပြောရမယ်ဆိုရင် ဒါကအဖြေပဲ။ ပြည်သူစိတ်ချမ်းသာအောင် လုပ်ပေးရမယ်။
ဦးကိုကို။ ကျွန်တော်တို့ ဒီနေ့ကမ္ဘာ့အခြေအနေကို
ကြည့်မယ်ဆိုရင် Multipolar
world လို့ခေါ်တဲ့ ဝင်ရိုးစွန်း ဝင်ရိုးစွန်းအပွားအစုံများ ပိုမိုပြီးတော့
ပေါ်လွင်လာတာ တွေ့ရပါတယ်။ အဲဒီ Multipolar world ကြောင့်လည်း
နိုင်ငံငယ်လေးတွေက မိတ်ဖက်ဆက်ဆံရေးတွေ အခြားနိုင်ငံတွေနဲ့ ပိုပြီးတိုးမြှင့်ဆောင်ရွက်နိုင်တဲ့
အခွင့်အလမ်းတွေရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ သမ္မတကြီးဆီကနေ သိချင်တာကတော့
မြန်မာနိုင်ငံအနေနဲ့ အခုလိုတရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးလာတယ်။
နှစ်နိုင်ငံရဲ့ဆက်ဆံရေးကလည်း တိုးမြင့်လာတယ်၊ မြှင့်တင်လာတယ်။ အဲဒီ
ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို အခြေခံပြီးတော့ ဒီထွန်းသစ်စပြုလာတဲ့ ကျွန်တော်တို့
Multipolar world အစီအစဉ်မှာ အခွင့်အလမ်းတွေ ဘယ်လိုမျိုး
ယူရနိုင်မလဲခင်ဗျာ။
နိုင်ငံတော်သမ္မတ။ အများကြီးရှိတယ်။ ကမ္ဘာ့နိုင်ငံ
တွေကြည့်လိုက်ပါ၊ အကုန်လုံးကတော့ သူတို့က လိုလားချက် အကုန်ရှိကြတာချည်းပဲ။
အရင်ကတော့ Unipolar ၊ Bipolar ဒီလို သွားကြတာကိုး။ Unipolar နဲ့ ဖြစ်ကြတယ်။ Unipolar မှာလည်း ခံရတယ်၊ Bipolar
မှာလည်း ပြိုင်ဘက်တွေရှိတော့ ပိုပြီးတော့ ပါလာတယ်၊ ဒီပြဿနာရှိတယ်။ Multipolar
ဆိုတာကတော့ ဖြစ်နိုင်လို့ရှိရင် နိုင်ငံအားလုံး နိုင်ငံနဲ့လည်းရှိမယ်၊
Region လိုက်လည်းရှိမယ်၊ Group လိုက်လည်းရှိမယ်။
ဒီကနေယှဉ်ပြိုင်ပြီးတော့ လုပ်လာမယ်ဆိုရင် နိုင်ငံအားလုံးတူညီတဲ့ အကျိုးခံစားရမယ်။
ဘာမှခွဲခြားမှုမရှိဘူး။ လူမျိုးရေးအရခွဲခြားမှု၊ အသားအရောင်အရခွဲခြားမှု၊
ဘာသာရေးအရခွဲခြားမှု၊ ဒေသအရခွဲခြားမှု ဒါတွေမရှိအောင် ကျွန်တော်တို့လုပ်ရမယ်။
ဒီလိုသာလုပ်မယ်ဆိုရင် ကမ္ဘာကြီးက တည်ငြိမ်အေးချမ်းမှုနဲ့
တိုးတက်မှုရှိသွားလိမ့်မယ်။ ဒါကို ကျွန်တော်တို့ အသုံးချနိုင်ဖို့လိုတယ်။

No comments:
Post a Comment