Tuesday, June 23, 2026

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ဖြတ်သန်းသွားလာခွင့် ည ၁၂ နာရီအထိ အချိန်တိုးမြှင့်

 

ရန်ကုန် ဇွန် ၂၂

​မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ပေါ်မှ ဖြတ်သန်းသွားလာခွင့်အချိန်အား မူလသတ်မှတ်ထားသည့် ည ၁၀ နာရီအစား ည ၁၂ နာရီအထိ အချိန်ထပ်တိုး သုံးစွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောကြားသည်။

ဇွန် ၂၂ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ဒလမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်း၏ “ရန်ကုန်-ဒလ ကိုရီးယားချစ်ကြည်ရေးတံတားအား ည ၁၂ နာရီအချိန်အထိ ထပ်တိုးသုံးစွဲခွင့်ပြုရန် အစီအစဉ် ရှိ မရှိ” မေးခွန်းအပေါ် ဝန်ကြီး ဒေါက်တာမျိုးသော်က လွှတ်တော်တွင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယခင်က အဆိုပါတံတားကြီးအား နံနက် ၄ နာရီ မှ ည ၁၀ နာရီအထိသာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ခြင်းကြောင့် ဒလမြို့နယ်၊ တွံတေးမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဒေသခံပြည်သူများအနေဖြင့် ညဉ့်နက်ပိုင်း ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အရေးပေါ်ကိစ္စရပ်များ ပေါ်ပေါက်လာပါက သွားလာရေးအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်းက ထည့်သွင်းဆွေးနွေးခဲ့သည်။

​အဆိုပါတံတားဖြတ်သန်းခွင့် အချိန်တိုးမြှင့်ပေးလိုက်ခြင်းကြောင့် ဒလ၊ တွံတေးအပါအဝင် အနီးအနားဒေသများမှ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့် အရေးပေါ်ကျန်းမာရေးကိစ္စရပ်များအတွက် သွားလာရေး ပိုမိုအဆင်ပြေချောမွေ့လာတော့မည် ဖြစ်ကြောင်း သိရသည်။

TWA

No comments:

Post a Comment