လူကုန်ကူးမှုသည် ၂၀ ရာစုနှောင်းပိုင်းတွင် ခေတ်သစ်ကျွန်ပြုမှုအသွင်ဖြင့် ပေါ်ပေါက်လာသည့် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်သည်။ လူကုန်ကူးမှုသည် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုပြီးပါက ဒုတိယမြောက် အမြတ်အစွန်းရရှိမှုအကြီးဆုံးသော ရာဇဝတ်မှုဖြစ်သည်ဟု နိုင်ငံတကာ ကျွမ်းကျင်သူများက သတ်မှတ်ထားကြသည်။
လူကုန်ကူးမှုသည် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့်
လူ့အဖွဲ့အစည်းကို ထိခိုက်ပျက်စီးစေရုံသာမက အသက်အိုးအိမ်စည်းစိမ်တို့ကိုပါ များစွာထိခိုက်လျက်ရှိစေကာမူ
လူကုန်ကူးသူများသည် ကြီးမားသည့် အမြတ်အစွန်းရရှိမှုကို အကြောင်းပြု၍
ပြည်တွင်း၌သာမက နိုင်ငံ၏ နယ်နိမိတ်ကို ဖြတ်ကျော်ကာ ပြည်ပနိုင်ငံများဆီသို့ ဦးတည်ကာ
လူကုန်ကူးမှုများ ကျူးလွန်လျက်ရှိကြသည်။ လူကုန်ကူးမှု (Human Traffi-cking) နှင့်
လူမှောင်ခိုမှု (Human Smuggling) တို့သည် သဘောသဘာဝချင်းကွဲပြားခြားနားသည့်
ရာဇဝတ်မှုများဖြစ်ပြီး “ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း” နှင့် “သဘောတူညီခြင်း”
တို့ပေါ်တွင် မူတည်သည်။
လူကုန်ကူးမှုသည် လူသားတစ်ဦး၏ လွတ်လပ်ခွင့်ကို
ပိတ်ပင်ပြီး ရာသက်ပန်ဖြစ်စေ၊ ကာလတိုဖြစ်စေ နည်းမျိုးစုံဖြင့် အတင်းအဓမ္မခေါင်းပုံဖြတ်အမြတ်ထုတ်ရန်
ရည်ရွယ်ကြသည်။ လူကုန်ကူးခံရသူသည် အမှန်အတိုင်းသိရှိမည်ဆိုပါက သဘောတူညီမည်မဟုတ်သော်လည်း
လိမ်လည်လှည့်ဖြားခြင်းကြောင့်ဖြစ်စေ၊ အတင်းအဓမ္မအကျပ်ကိုင်ခံရခြင်းကြောင့်ဖြစ်စေ သဘောတူမှုပြုခဲ့ခြင်းသာဖြစ်သည်။
လူကုန်ကူးမှုသည် နယ်စပ်ဖြတ်ကျော်ရန်မလိုဘဲ ပြည်တွင်းမှာပင် လူကုန်ကူးမှုဖြစ်ပွားနိုင်သည်။
လူကုန်ကူးခံရသူသည် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ အတင်းအဓမ္မလုပ်အားပေးခိုင်းခြင်း၊
အိမ်ကျွန်ပြုခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ထုတ်ယူရောင်းစားခြင်းတို့ ခံကြရသည်။
လူမှောင်ခိုမှုမှာ လူတစ်ဦးကို တစ်နေရာမှတစ်နေရာသို့
တရားမဝင်ပို့ဆောင်ပေးပြီး ငွေကြေးရယူခြင်းဖြစ်ရာ လူဝင်မှုကြီးကြပ်ရေးဥပဒေကို
ချိုးဖောက်ပြီး နယ်စပ်ဖြတ်ကျော် ပို့ဆောင်ပေးခြင်းပင်ဖြစ်သည်။ သွားရောက်လိုသူနှင့်
ပို့ဆောင်ပေးသူကြားတွင် နှစ်ဦးသဘောတူညီချက်ရှိပြီး နိုင်ငံတကာနယ်စပ်များကို တရားမဝင်ဖြတ်ကျော်မှု
အမြဲတမ်းပါသည်။ လမ်းပြခ၊ ပို့ဆောင်ခ ငွေကြေးရယူပြီး ခိုးသွင်းပေးခြင်းဖြစ်သည်။ လူမှောင်ခိုနည်းလမ်းဖြင့်
နိုင်ငံခြားသို့သွားရာ လမ်းခရီးတွင်ဖြစ်စေ၊ ရောက်ရှိသည့်အခါတွင်ဖြစ်စေ
အဓမ္မစေခိုင်းခံရခြင်း၊ ရောင်းစားခံရခြင်း စသည်တို့ ကြုံတွေ့ရပါက လူမှောင်ခိုမှုမှ
လူကုန်ကူးမှုသို့ ရောက်ရှိသွားနိုင်သည်။
သတင်းမီဒီယာများတွင် မကြာခဏတွေ့ရလေ့ရှိသည့် လူကုန်ကူးမှုမှာ
အမျိုးသမီးငယ်များကို တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်၊ တရုတ်ဇနီးမယားလုပ်ရန်၊
ဤသို့လုပ်ကိုင်ပါက ငွေကြေးမည်မျှရရှိမည်၊ မည်သို့ အဆင်ပြေပြေ ချမ်းချမ်းသာသာ
နေထိုင်ရမည် စသည်ဖြင့် လှည့်ဖြားပြောဆိုစည်းရုံးကာ အတင်းအဓမ္မ ခေါင်းပုံဖြတ်အမြတ်ထုတ်ကြခြင်းဖြစ်
သည်။ ဇွန်လ ၂၂ ရက် နေပြည်တော်မှ သတင်းတစ်ပုဒ်တွင် အလုပ်အကိုင်ရှာဖွေနေသည့် အသက် ၂၄
နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ၎င်းနှင့် ခင်မင်ရင်းနှီးသူအမျိုးသမီးက လာအိုနိုင်ငံရှိ
တရုတ်သူဌေးထံတွင် အငှားကိုယ်ဝန်ဆောင်ပေးလျှင် အေးအေးဆေးဆေးနေနိုင်မည်ဟု
လိမ်လည်စည်းရုံးပြောဆိုသဖြင့် အမျိုးသမီးငယ်က သဘောတူခဲ့သဖြင့် လာအိုသို့ ပို့ဆောင်သည်။
အဆင်မပြေသဖြင့် ပြန်လာရာ တရုတ်နိုင်ငံရှိ နားကြပ်စက်ရုံတွင် အလုပ်လုပ်ပါက
တစ်လလျှင် ယွမ် ၄၅၀၀ ခန့်ရမည် ဟု ထပ်မံလိမ်လည်ကာ တရုတ်နိုင်ငံသို့
တရားမဝင်လမ်းကြောင်းမှ ပို့ဆောင်၍ တရုတ်နိုင်ငံသားနှစ်ဦးထံတွင် ဇနီးမယားအဖြစ် အဆင့်ဆင့်ရောင်းစားခံခဲ့ရသည်။
ယင်းအတွက် အခကြေးငွေမရသည့်အပြင် ဒုတိယတရုတ်အမျိုးသားနှင့် ပေါင်းသင်းနေထိုင်စဉ်
တရုတ်နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသို့
ပြန်ပို့ခံခဲ့ရ သည်။
အဆိုပါလူကုန်ကူးမှုဖြစ်စဉ်တွင် သားကောင်ဘဝကျရောက်ခဲ့သည့်
အမျိုးသမီးအနေဖြင့် မည်မျှခေါင်းပုံဖြတ် အမြတ်ထုတ်ခံခဲ့ရသည်ကို တွေ့ရှိနိုင်သည်။
၎င်းနစ်နာဆုံးရှုံးခဲ့သမျှအတွက် ဘာတစ်ခုမျှ မရရှိခဲ့။ အသက်နှင့် ခန္ဓာပါမိမိဇာတိရပ်ရွာသို့
ပြန်လည်ရောက်ရှိလာနိုင်သည်ကိုပင် တော်ပါသေးသည်ဟု ဆိုရမည်ဖြစ်ပြီး ယင်းသို့သော
ဖြစ်ရပ်များစွာရှိသည်ကိုလည်း သတိပြုကြရမည်ဖြစ်သည်။ ၎င်းဖြစ်ရပ်မှ အမျိုးသမီးငယ်များအပါအဝင်
လူငယ်လူရွယ်များ သင်ခန်းစာယူကြရမည်ဖြစ်ပြီး မည်မျှခင်မင်ရင်းနှီးသူဖြစ်စေ
အယုံမလွယ်ကြရန် သတိထားကြဖို့လိုသည်။ အချို့လူကုန်ကူးမှုများတွင် ဆွေမျိုးအရင်းအချာက
ပြစ်မှုကျူးလွန်သူများဖြစ်ခဲ့သည့် သာဓကများပင်ရှိခဲ့သည်ကို မမေ့ကြရန်
သတိပေးလိုသည်။
လူငယ်တိုင်းသည် အနာဂတ်ရှိသူများဖြစ်သည့်အလျောက် မိမိကိုယ်ကို
အရည်အသွေးမြှင့်တင်ပြီး ကြိုးစားအလုပ်လုပ်ကြရန်၊ နိုင်ငံခြားတွင်
သွားရောက်အလုပ်လုပ်လိုပါကလည်း တရားဝင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး
အကျိုးဆောင်အေဂျင်စီများမှတစ်ဆင့် တရားဝင် သွားရောက်အလုပ်လုပ်ကိုင်ကြရန် အကျိုးမျှော်ကာ
နှိုးဆော်တိုက်တွန်းလိုက်ပါကြောင်း။ ။

No comments:
Post a Comment