လူတိုင်း ကျန်းမာအသက်ရှင်နိုင်ရေးအတွက် နေ့စဉ်မဖြစ်မနေ စားသောက်နေကြရသည့် ရေနှင့် အစားအစာတို့ ကျန်းမာရေးနှင့်ညီညွတ်ရန်၊ ဘေးကင်းလုံခြုံရန်လိုသည်။ မိမိတို့နိုင်ငံတွင် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသော အစားအသောက်ကို အများပြည်သူတို့ စားသုံးနိုင်ရန်၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သော၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက်ကို အများပြည်သူတို့ စားသုံးမိခြင်းမှ ကာကွယ်ရန်၊ ထိန်းချုပ်အစားအသောက်ထုတ်လုပ်ခြင်းကို စနစ်တကျကြီးကြပ်ကွပ်ကဲနိုင်ရန်၊ အစားအသောက်များထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများကို စနစ်တကျ ကွပ်ကဲထိန်းသိမ်းရန်အတွက် အမျိုးသားအစားအသောက်ဥပဒေကို ပြဋ္ဌာန်းထားရာ စားစရာ၊ သောက်စရာ ထုတ်လုပ်သူ၊ တင်သွင်းသူ၊ တင်ပို့သူ၊ သိုလှောင်သူ၊ သယ်ယူပို့ဆောင်သူ၊ ဖြန့်ဖြူးရောင်းချသူတိုင်း လိုက်နာကြရန်လိုသည်။
သောက်ရေသန့်အပါအဝင်
အစားအစာများ ဘေးကင်းလုံခြုံရေးဟုဆိုရာတွင် ဇီဝအန္တရာယ်၊ ဓာတုအန္တရာယ်၊ ရူပအန္တရာယ်များကင်းရှင်းပြီး
အာဟာရဓာတ်ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူပြုစေရေးကို ဆိုလိုခြင်းဖြစ်သည်။ စားသောက်ဖွယ်ရာတို့
ဘေးကင်းလုံခြုံမှုသည် နိုင်ငံတိုင်းတွင် အလေးထားဆောင်ရွက်ကြရပြီး ပြည်တွင်း၌ ထုတ်လုပ်သည့်
စားသောက်ဖွယ်ရာများ၊ ပြည်ပမှ တင်သွင်းလာသည့် စားသောက်ဖွယ်ရာများကို အစားအစာဘေးကင်းလုံခြုံမှုဆိုင်ရာ
စံချိန်စံညွှန်းများ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ မရှိ စဉ်ဆက်မပြတ် စစ်ဆေးကြရသည်။
စားသောက်ဖွယ်ရာများ ဘေးကင်းလုံခြုံရေးဟူသည် စတင်ထုတ်လုပ်သည့်နေရာမှ စားသုံးသူ၏ စားပွဲပေါ်သို့
ရောက်ရှိသည်အထိ ကွင်းဆက်တစ်လျှောက်လုံးတွင် ကောင်းမွန်သော အလေ့အကျင့်များဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရခြင်းဖြစ်သည်။
စားစရာ၊ သောက်စရာများ
လတ်ဆတ်မှုမရှိခြင်း၊ သက်တမ်းလွန်နေခြင်း၊ ပါဝင်ပစ္စည်းတစ်ခုခုကြောင့် ဓာတ်မတည့်ခြင်း၊
မှို၊ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်များပါဝင်နေခြင်း၊ ဓာတ်ဆေး၊ ဆိုးဆေး၊ ပဋိဇီဝဆေး၊ ဖြည့်စွက်ဆေးများ၊
တာရှည်ခံဆေးများနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းများပါဝင်နေခြင်း၊ စားစရာများထဲတွင် ပြင်ပမှအရာဝတ္ထုများ
(ချုပ်ပင်၊ ချိတ်၊ ဖန်ကွဲစ၊ ပလတ်စတစ်စ၊ ဖုန်၊ အမှိုက်စ၊ အင်းဆက်ပိုးအသေကောင်) စသည်တို့
ပါဝင်နေခြင်းကြောင့် စားသုံးသူများမှာ လတ်တလောတွင် မူးဝေ၊ ပျို့အန်၊ ဝမ်းပျက်ဝမ်းလျှော၊
အစာအဆိပ်သင့်၊ ဗိုက်အောင့်ခြင်းစသည်တို့ ခံစားရနိုင်သကဲ့သို့ ရေရှည်တွင်လည်း ကင်ဆာကဲ့သို့သော
ရောဂါဝေဒနာများ ခံစားရနိုင်သည်။
သောက်ရေသန့်များဆိုလျှင်
ရုပ်ပိုင်းဆိုင်ရာ၊ ဓာတုဗေဒဆိုင်ရာ၊ အဏုဇီဝပိုးမွှားဆိုင်ရာ၊ ထုတ်လုပ်မှုနှင့်ထုပ်ပိုးမှုဆိုင်ရာ
စံချိန်စံညွှန်းများနှင့် ကိုက်ညီကြရမည်ဖြစ်သည်။ ရေသန့်သည် ချဉ်ငန်ဓာတ်(pH) သတ်မှတ်စံနှုန်း
၆ ဒသမ ၅ မှ ၈ ဒသမ ၅ အတွင်းရှိရန်နှင့် ရေ၏ နောက်ကျိမှုသည် သတ်မှတ် NTU ယူနစ်ထက်မကျော်ရဘဲ
လုံးဝကြည်လင်နေရမည်။ ရေတွင်ပျော်ဝင်နေသော သတ္တုဓာတ်များနှင့် ဓာတုပစ္စည်းများဖြစ်သော
သံဓာတ်၊ အာဆင်းနစ်ဓာတ်၊ ခဲဓာတ်၊ ဖလိုရိုက်၊ ကလိုရိုက်၊ ထုံးဓာတ်စသည်တို့မှာ လူကိုအန္တရာယ်မပြုနိုင်သော
ပမာဏအတွင်းမှာသာ ရှိရမည်ဖြစ်သည်။ ရေသန့်ဘူးများ၊ ဘူးထဲရှိ သောက်သုံးရေများတွင် ဝမ်းပျက်ဝမ်းလျှောနှင့်
ကူးစက်ရောဂါဖြစ်စေသော E.coli, Coliform, Shigella (ဝမ်းကိုက်ပိုး)၊ Vibrio
Cholerae (ကာလဝမ်းရောဂါပိုး)နှင့် အခြားဗက်တီးရီးယား၊ ဗိုင်းရပ်စ်များ၊ ကပ်ပါးပိုးများ
လုံးဝကင်းရှင်းရမည်လည်းဖြစ်သည်။
သောက်ရေသန့်စက်ရုံများသည်
သန့်ရှင်းသော ထုတ်လုပ်မှုစနစ် (Good Manufacturing Practices) နှင့် ညီညွတ်ရန်လိုအပ်ပြီး
အိုဇုန်း (Ozone) သို့မဟုတ် ခရမ်းလွန်ရောင်ခြည် (UV Ray) ဖြင့် ပိုးသတ်ခြင်းကို စနစ်တကျပြုလုပ်ကြရသည်ဖြစ်သည်။
ထုပ်ပိုးမှုအနေဖြင့် ကတ်ဘူး၊ ပလတ်စတစ်ဘူးများသည် အစားအသောက်သုံး (Food Grade) ပလတ်စတစ်ဖြစ်ရန်နှင့်
နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့သောနေရာများတွင် အချိန်ကြာရှည် သိုလှောင်ခြင်းမပြုရန်
လိုသည်။
စားသောက်ဖွယ်ရာများ
ဘေးကင်းလုံခြုံရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးသည် ထုတ်လုပ်သူများ၊ သယ်ယူပို့ဆောင်ဖြန့်ဖြူးသူများ၊
ရောင်းချသူများက ဥပဒေစည်းမျဉ်းစည်းကမ်း စံချိန်စံညွှန်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်မှု၊
မိမိ၏အလုပ်နှင့် စားသုံးသူ ပြည်သူများအပေါ် စေတနာထား လုပ်ကိုင်မှုတို့အပေါ်တွင် တည်ရှိနေသည်။
သို့ဖြစ်ရာ ထုတ်လုပ်သူ၊ သယ်ဆောင်ရောင်းချသူများရော စားသုံးသူများပါ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးတွင်
ရှောင်ကြဉ်သင့်သည်ကို ရှောင်ကြဉ်၊ လိုက်နာသင့်သည်ကို လိုက်နာခြင်းဖြင့် အစားအစာလုံခြုံဘေးကင်းကြပါစေကြောင်း။
။

No comments:
Post a Comment